သတင်း

အချုပ်သားသေဆုံးမှုဖြင့် ဒေးဒရဲမြို့ ရဲတပ်ဖွဲ့ဝင်များကို ခုံရုံးဖွဲ့စစ်ဆေး

Want create site? Find Free WordPress Themes and plugins.

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲ မြို့မရဲစခန်းအတွင်း ခိုးမှုဖြင့် စစ်ဆေးနေသည့် အချုပ်သားတဦးနှင့် ပတ်သက်၍ ဒေးဒရဲမြို့ မြို့မစခန်းမှ တပ်ဖွဲ့ဝင်များအား ဧရာဝတီတိုင်း ရဲတပ်ဖွဲ့က ယမန်နေ့ကစတင်၍ ခုံရုံးဖွဲ့စစ်ဆေးနေကြောင်း သတင်းရရှိသည်။ဒေးဒရဲမြို့နယ်၊ တော်ကျိုက်အုပ်စု ညောင်တပင်ကျေးရွာမှ အသက် ၃၈ နှစ်အရွယ်ကိုဇော်မင်းထွန်းအား ငါးဖမ်းပိုက်ခိုးမှုနှင့်ပတ်သက်၍ ဒေးဒရဲမြို့မရဲစခန်းက ဇွန်လ ၂၆ ရက်ညနေပိုင်းတွင် ဖမ်းဆီးသွားခဲ့ပြီး စခန်းတွင်စစ်ဆေးခဲ့ကြောင်း၊ ယင်းနေ့ ညပိုင်း ၁၁ နာရီခန့်တွင ်အချုပ်သားမှာ အမောဖောက်၍ ဆေးရုံပို့ဆောင်စဉ် လမ်းတွင် သေဆုံးသွားခဲ့သည့်အတွက်ဒေးဒရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များကို ခုံရုံးအဖွဲ့ဖြင့် စစ်ဆေးနေခြင်း ဖြစ်ကြောင်းဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး ထံမှ သိရသည်။

“သူက (ဇော်မင်းထွန်း) ပိုက်ခိုးလို့ဆိုပြီး ရွာကလူတွေက လာတိုင်တယ်။ တိုင်တော့ခေါ်ပြီးစစ်တဲ့ အချိန်မှာလည်း သူက ဝန်ခံတယ်။ သူ့မိန်းမကို ပိုက်ထားတဲ့နေရာတွေပြောပြီးပြန်ရှာခိုင်းတော့ ပိုက်တွေ ပြန်ရတယ်။ အဲဒီအချိန်မှာပဲ သူကအမောဖောက်လာတော့ ဆေးရုံပို့တာလမ်းမှာတင် ဆုံးသွားတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ကျနော်တို့ လုပ်ထုံးလုပ်နည်းအတိုင်းဒေးဒရဲစခန်းက တပ်ဖွဲ့ဝင်တွေကို ခုံရုံးဖွဲ့ စစ်ဆေးမှုတွေ ဆောင်ရွက်နေပါတယ်”ဟုဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ပြောရေးဆိုခွင့်ရှိသူ ဒုရဲမှူးကြီး ခင်မောင်လတ်ကဧရာဝတီကို ပြောသည်။

စုံစမ်းစစ်ဆေးရေးအဖွဲ့ခေါင်းဆောင်အဖြစ် ဖျာပုံခရိုင်မှ ဒုခရိုင်ရဲတပ်ဖွဲ့မှူးဦးဆောင်သည့်ရဲအရာရှိကြီး ၃ ဦး ပါဝင်သောအဖွဲ့ဖြင့် ဒေးဒရဲစခန်းမှ တပ်ဖွဲ့ဝင်များကို စစ်ဆေးနေခြင်းဖြစ်ပြီး စစ်ဆေးဆဲကာလဖြစ်၍ အသေးစိတ် မဖြေကြားနိုင်သေးကြောင်း ဒုရဲမှူးကြီး ခင်မောင်လတ်က ဆက်ပြောသည်။

ညောင်တစ်ပင်ကျေးရွာမှ ကိုဇော်မင်းထွန်းနှင့် ဇနီးဖြစ်သူ ဒေါ်သန်းလှကြည် တို့အားဒေးဒရဲမြို့မ ရဲစခန်းက ဇွန်လ ၂၆ ရက် ညနေပိုင်းတွင် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီးနောက် ရဲတပ်ဖွဲ့က ဒေါ်သန်းလှကြည်အား နေအိမ်သို့ပြန်လည်စေလွှတ်ပြီး ခိုးရာပါပစ္စည်းများပြန်လည်ရှာဖွေရန် စေလွှတ်ခဲ့ချိန်တွင် ကိုဇော်မင်းထွန်း သေဆုံးခဲ့ပြီဟု ရဲတပ်ဖွဲ့မှ အကြောင်းကြားလာခြင်း ဖြစ်ကြောင်း သေဆုံးသူ၏ အစ်မဖြစ်သူ မသီသီဝင်းက ပြောသည်။

“အဲဒီ ၂၆ ရက်နေ့ည ၁၀ နာရီလောက်က ကျမယောက်မ (ဒေါ်သန်းလှကြည်) ကို ညပိုင်းမှာ အိမ်ကိုပြန်လွှတ်ပြီး ပစ္စည်းတွေ ပြန်ရှာခိုင်းခဲ့တယ်။ အဲဒီအချိန်မှာ ရဲ ၂ ယောက်က ဒေါ်သန်းလှကြည်ကို လာခေါ်တယ်။ ၁၁ နာရီခွဲ လောက်ကျတော့ ဒေါ်သန်းလှကြည်ပြန်လာတယ်။ နင့်မောင်ဆုံးပြီဆိုပြီး ကျမတို့ကိုပြောတယ်။ မနက်ကျတော့ ဒေးဒရဲဆေးရုံကို လိုက်သွားပြီးကြည့်တော့ မျက်နှာမှာ အညိုအမဲဒဏ်ရာတွေ တွ့တယ်။ ရင်အုံတွေ ညိုမဲနေတယ်။ ကျောဘက်မှာလည်း ညိုမဲနေတာတွေ တွ့တယ်”ဟု မသီသီဝင်းကပြောသည်။

ခိုးမှုဖြင့် ဖမ်းဆီးစစ်ဆေးခံရသည့် ကိုဇော်မင်းထွန်းမှာ အရက်အလွန်အကျွံသောက်သုံးမှုကြောင့် ရုတ်တရက်ရှော့ခ်ဖြစ်၍ သေဆုံးခဲ့သည်ဟု ဧရာဝတီတိုင်းဒေသကြီးရဲတပ်ဖွဲ့က ပြောဆိုသော်လည်း ကိုဇော်မင်းထွန်း၏ မိသားစု ဝင်များက ဒေးဒရဲမြို့မရဲစခန်းတွင် ဖမ်းဆီးစစ်ဆေးစဉ် ရိုက်နှက်မှုများကြောင့် သေဆုံးခဲ့ခြင်းဖြစ်သည်ဟု စွပ်စွဲပြောဆိုထားသည်။

“သူ့ကိုရွာကခေါ်သွားတုန်းက အကောင်း၊ ဘာမှရိုက်တာနှက်တာတွေ မရှိခဲ့ဘူး။ ကျန်းမာရေးလည်း ကောင်းတယ်။ ရဲစခန်းရောက်မှ သေဆုံးတာဖြစ်တယ်။ ဒဏ်ရာဒဏ်ချက်တွေလည်း တွေ့ရတယ်။ ဒါကြောင့် လူတယောက်ကို အခုလို မညှာမတာ နှိပ်စက်တာတွေအပေါ် မကျေနပ်ဘူး။ ရိုက်နှက်ညှဉ်းပန်းနှိပ်စက် သူတွေကို ဖော်ထုတ် အရေးယူပေးစေချင်ပါတယ်”ဟု ကိုဇော်မင်းထွန်း၏အစ်မဖြစ်သူ မသီသီဝင်းက ပာသည်။

သေဆုံးသူ၏ အလောင်းကို ဆေးရုံမှတဆင့် မိသားစုဝင်များက ရွာသို့ပြန်သယ်ခဲ့ပြီး ဇွန်လ ၃၀ ရက်နေတွင် သဂြိုလ်မည် ဖြစ်သည်။

သေဆုံးသူကို ရင်ခွဲစစ်ဆေးခဲ့ပြီးနောက် သေဆုံးရသည့်အကြောင်းအရင်းကို ရှာဖွေခဲ့ပြီး ရဲစခန်းက သေမှုသေခင်း အမှတ်စဉ် ၁၀/၂၀၁၈ ဖြင့် ဓမ္မတာအတိုင်းသေဆုံးခြင်း ဟုတ်၊ မဟုတ် စစ်ဆေးနေကြောင်း သိရည်။

Did you find apk for android? You can find new Free Android Games and apps.
Loading