အမေရိကန်ပြည်ထောင်စု အရှေ့ပိုင်း၊ မေရီလန်းပြည်နယ် မြို့တော် အန်နာပိုလစ်ရှိ The Capital Gazette သတင်းစာ တိုက်ရုံးခန်းကို သေနတ်သမားတဦးက ဝင်ရောက်ပစ်ခတ်တိုက်ခိုက်သဖြင့် လူ ၅ ဦးသေဆုံးပြီး အများအပြားဒဏ်ရာရသွား ခဲ့ရာ သတင်းစာတိုက်ကို တမင်တကာပစ်မှတ်ထား၍ တိုက်ခိုက်ပုံရကြောင်း ရဲက ပြောသည်။
“လူတော်တော် သေတယ်။ သေနတ်သမားကို ဖမ်းမိထားပြီး စစ်ကြောရေးလုပ်နေပါတယ်” Anne Arundel စီရင်စုမှ တာဝန်ရှိသူ စီတီဗင်ချက်က ကြာသပတေးနေ့ မွန်းလွဲပိုင်းတွင် သတင်းထောက်များ ကို ပြောသည်။
မှုခင်းရဲအအရာရှိ ဘီလ်ခရမ့်ကလည်း လူ ၅ဦးသေဆုံးကာ ၃ဦး ဒဏ်ရာရကြောင်း အတည်ပြ၍ “သေမှုသေခင်းနဲ့ ဒဏ်ရာပြင်းထန်သူတွေအတွက် ကျနော်တို့ ဆောင်ရွက်ပေးနေပါတယ်”ဟုဆိုသည်။
ယင်းပစ်ခတ်မှုမှာ ပစ်မှတ်ထား တိုက်ခိုက်ခြင်းဖြစ်၍ အနှောင့်အယှက်ပေးရန် ကြံရွယ်ဟန်ရှိကြောင်း ၊ အခင်းဖြစ်ပွားမည့်နေ့ နံနက်ပိုင်းက သတင်းစာတိုက်သို့ အင်တာနက်လူမှုကွန်ရက်မှ တဆင့် ခြိမ်းခြောက်မှုများ ရှိခဲ့ကြောင်း၊ သတင်းစာတိုက် ကိုယ်တိုင်ကလည်း ဝန်ထမ်းတဦးဦးကိုသာ ရည်ရွယ်ခြိမ်းခြောက်သည်ဟု ယူဆမိခဲ့ကြောင်း ရဲအရာရှိ ခရမ့်ဖ်က ဆက်လက် ပြောကြားသည်။
ပစ်ခတ်သူဟု သံသယရှိသူမှာ အသက် ၃၈ နှစ်ရှိသူ ဂျာရော့ ရာမို့စ် ဆိုသူဖြစ်ပြီး ထိုသူသည် ယင်းသတင်းစာတိုက်ကို အသရေဖျက်မှုဖြင့် ၂၀၁၂ ခုနှစ်က တရားစွဲခဲ့သော်လည်း ၂၀၁၅ ခုနှစ်တွင် တရားရှုံးခဲ့ကြောင်း NBC သတင်းဌာနက ဖော်ပြသည်။
သေနတ်သမားက အဆောက်အဦအတွင်း အသုံးပြုခဲ့သော မီးခိုးဗုံးသေတ္တာကို ရဲက စစ်ဆေးရာတွင် တွေ့ခဲ့ကြောင်း ခရမ့်ဖ်က ရှင်းပြသည်။
အခင်းဖြစ်ပွားရာနေရာကို တနာရီခန့် ပိတ်ဆို့ရှာဖွေပြီးနောက် ဒဏ်ရာရလူနာနှစ်ဦးကို အန်နီအရန်ဒယ် ဆေးကုသမှုဌာနသို့ လွှဲပြောင်းတင်ပို့ခဲ့သည်။ ယင်းလူနာနှစ်ဦးမှာ သေနတ်ဒဏ်ရာရခြင်းမဟုတ်ဘဲ အသေးစားထိခိုက်မှုသာဖြစ်ကြောင်း WJKA-TV ရုပ်သံသတင်းက ဆိုသည်။ ဒဏ်ရသူအချို့မှာ သေနတ်သမားတိုက်ခိုက်မှုကြောင့် တံခါးမှန်ကွဲ၍ ထိခိုက်မိခြင်းဖြစ်ကြောင်း ရဲက နောက်ပိုင်းတွင် ပြောကြားသည်။
အန်နာပိုလစ်သည် ဒေသခံပေါင်း ၄ သောင်းခန့်မှီတင်းနေထိုင်ရာမြို့ကြီးဖြစ်ပြီး မေရီလန်းပြည်နယ်၏ မြို့တော်အဖြစ်သတ် မှတ်ထားသည်။