သတင်း

ကျောက်မဲတွင် နွားတင်ယာဉ် ထပ်မံ ပစ်ခတ်ခံရ

Want create site? Find Free WordPress Themes and plugins.

ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကျောက်မဲမြို့နယ် အတွင်း နွားတင်ယာဉ်တစီးအား လက်နက်ကိုင် အဖွဲ့တခုမှ ပစ်ခတ်မှု ထပ်မံ ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ယင်းသို့ နွားတင်ယာဉ် ပစ်ခတ်ခံရမှုမှာ ဇွန်လဆန်းပိုင်းက ယင်းနေရာ၌ပင် ဖြစ်ပွားခဲ့ကာ ယခု ဒုတိယ အကြိမ် ထပ်မံ ပစ် ခတ်ခံရခြင်း ဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိမှုများ ရှိခဲ့ကြောင်း ကျောက်မဲမြို့မှ ဇီဝိတ ဒါန လူမှု ကူညီရေး အသင်း ဥက္ကဋ္ဌ ဦးတင်မောင်သိန်း က ဧရာဝတီသို့ ပြောသည်။

ဦးတင်မောင်သိန်းက “မနေ့ ည ၁၁ နာရီကျော်က ဖြစ်တာ။ ဒီနွားကိစ္စက ကျနော်တို့ဘက်မှာ ဖြစ်နေတာ ၁၀ စု နှစ်၂ စု လောက်တောင် ရှိပြီ။ အရင်တုန်းကတော့ တောလမ်းကနေ သွားကြတာ။ တောလမ်းမှာ တွေ့တဲ့ လက်နက်ကိုင်အဖွဲ့ မှန် သမျှ ဘယ်အဖွဲ့က တွေ့တွေ့ မပေးဘဲ သွားလို့ရတဲ့ ကိစ္စ မဟုတ်ဘူး။ အဲဒီလို သွားတုန်းက ဘယ်သူမှ မပစ်ကြဘူး။ နွားတွေ ကားစီးလာတဲ့ အခါကျတော့ ပြဿနာတွေ တက်လာတယ်။ နိုင်ငံတော် ကနေ နွားတွေကို တရားဝင် လိုင်စင်နဲ့ ကုမ္ပဏီ ထောင်ပြီးတော့ တင်ခွင့်ပြုတယ် ဆိုတဲ့ အချိန်မှာ ဖြစ်လာတယ်” ဟု ပြောသည်။

ယင်းသို့ ပစ်ခတ်ခံရသည့် နေရာမှာ ကျောက်မဲမြို့နှင့် ၁၃ မိုင်အကွာရှိ နောင်ပိန်းကျေးရွာအနီး ရင်ခွဲတောင် ဝန်းကျင်တွင် ဖြစ်ပြီး နွား ၂၄ ကောင် တင်ဆောင်လာသည့် ၆ ဘီးယာဉ် တစီးအား ပစ်ခတ်ခဲ့သဖြင့် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် တို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

ယင်း ကားပေါ်ပါ နောင်ပိန်းကျေးရွာနေ အသက် ၄၃ နှစ်ရှိ ကိုအောင်နိုင်ဦးမှာ ဝမ်းဗိုက်ရှေ့မှ နောက်ကြော ခါးဖောက် ဒဏ် ရာ တချက်(စိုးရိမ်ရ)နှင့် အသက် ၃၂ နှစ်ရှိ ကိုမင်းသက် သည် ညာခြေဖနောင့် ကြေမွ ဒဏ်ရာတချက် အပါအဝင် ညာ လက်ဖျံ ဖောက်ဝင် ဒဏ်ရာ တချက်နှင့် ညာပေါင်ဖောက်ဝင် ဒဏ်ရာ တချက် (မစိုးရိမ်ရ) စသည့် ဒဏ်ရာများ ရရှိကြပြီး ကျောက်မဲ ပြည်သူ့ဆေးရုံသို့ တင်ပို့၍ ဆေးကုသမှု ခံယူနေရကြောင်း ဦးတင်မောင်သိန်းက ဆိုသည်။

ယင်း နယ်မြေ အတွင်း နွားတင်ပို့မှု လုပ်ငန်းအား နှစ်များစွာကတည်းက လုပ်ကိုင်လာခြင်းဖြစ်ကာ ယခင်က မှောင်ခို လုပ်ငန်းအဖြစ် လုပ်ကိုင်ကြခြင်း ဖြစ်ပြီး လက်နက်ကိုင်အဖွဲ့များနှင့် တွေ့ပါက ဖြတ်သန်းခ ပေးလျှင် အဆင်ပြေကြောင်းနှင့် ယခု အစိုးရက တရားဝင် တင်ပို့ခွင့် ပြုလိုက်သဖြင့် ဖြတ်သန်းခ ပေးဆောင်စရာ မလိုတော့သည့် အတွက် ယခုကဲ့သို့ ဖြစ်ရပ်များ ဖြစ်ပွားခြင်း ဖြစ်ကြောင်းကို ကျောက်မဲမြို့နယ် ဒေသခံ တဦးက သုံးသပ်ပြောဆိုသည်။

“ဥပဒေ စိုးမိုးရေးနဲ့ နယ်မြေ တည်ငြိမ်ရေး အတွက် စိုးရိမ်ရတယ်။ နွားတင်ပို့မှုကိုလည်း ဘယ်လိုပုံစံနဲ့ သွားသင့်သလဲ စဉ်းစားသင့်တယ်လို့ မြင်တယ်” ဟု ၎င်းက ပြောသည်။

ထိုဖြစ်စဉ်နှင့် ပတ်သက်၍ ကျောက်မဲမြို့နယ် ရဲစခန်းက လူသတ်မှု ကျူးလွန်ရန် အားထုတ်ခြင်း ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၃၀၇ နှင့် ကျပ် ၅ ထောင် အောက် မနည်း တန်ဖိုးရှိသော တိရစ္ဆာန်ကို သတ်ဖြတ်ခြင်း၊ အကျိုး ဖျက်ဆီးမှု ဥပဒေ ပုဒ်မ ၄၂၉ တို့ဖြင့် အမှုဖွင့်ထားပြီး ဖြစ်စဉ်ကို စုံစမ်းစစ်ဆေးမှုများ လုပ်နေကြောင်း သိရသည်။

ကျောက်မဲမြို့နယ် ရဲစခန်းက “ပစ်ခံရတာ ဟုတ်ပါတယ်။ လောလောဆယ်တော့ အမှုဖွင့် ထားတယ်။ ဘယ်လို စုံစမ်း စစ်ဆေးနေလည်း ဆိုတာတော့ ပြောခွင့်မရှိဘူး။ ကျနော်တို့ မြို့နယ် ရဲစခန်းက အမှုစစ်ကပဲ ဒါကို လုပ်နေ တာပါ” ဟု ဧရာဝတီသို့ ပြောသည်။

ဇွန် ၁၁ ရက်၌ ကျောက်မဲမြို့နယ်၊ နားအိုက်ခန့် ကျေးရွာ ရင်ခွဲတောင်အနီး နွားများ တင်ဆောင်လာသော ၁၂ ဘီး မော် တော်ယာဉ် ၅ စီးအား အမည်မသိ လက်နက်ကိုင်အဖွဲ့က ပစ်ခတ်ခြင်း ခံရသဖြင့် အဖြူရောင် ၁၂ ဘီးတပ် မော်တော်ယာဉ် တစီး မှန်ကွဲကာ ယာဉ်မောင်း ဦးမျိုးမြင့်ဦးနှင့် နွားထိန်း ဦးညီညီဇော်တို့ ခြေသလုံး၊ ခြေဖဝါးတို့၌ လက်နက်ငယ် ရှပ်ထိ ဒဏ် ရာများ ရရှိပြီး ကျောက်မဲ ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူခဲ့ရသည်။

အဆိုပါ ပစ်ခတ်သည့် လက်နက်ကိုင် အဖွဲ့မှာ မည်သည့် အဖွဲ့မှန်း မသိရကြောင်း သို့သော် ကျောက်မဲ မြို့ နယ် အတွင်း ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ(RCSS/SSA)၊ ပလောင်(တအန်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)၊ ရှမ်းပြည် တိုးတက်ရေး ပါတီ(SSPP/SSA) တို့ လှုပ်ရှားလျက် ရှိကြောင်းကို ဒေသခံများက ဆိုသည်။

ဆက်စပ်ဖတ်ရှုရန်နွားတင်ယာဉ်တန်း ပစ်ခတ်ခံရသဖြင့် ၂ ဦး ဒဏ်ရာရ

Did you find apk for android? You can find new Free Android Games and apps.
Loading