တိုင်းပြည်၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ပိတ်ဆို့မှုများ ရှိနေသော်လည်း ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို မရမချင်း တောင်းဆို သွား မည်ဟု ချင်း အမျိုးသား တဦး (CNF) နာယက ဒေါက်တာ ဆလိုင်း လျန်မှုန်း ဆာခေါင်း က ပြောသည်။
ဇွန်လ ၂၉ ရက်က နေပြည်တော်ရှိ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) တွင် ကျင်းပ သည့် ၁၅ ကြိမ်မြောက် ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အစည်းအဝေး အဖွင့် မိန့်ခွန်း တွင် ပြောခြင်း ဖြစ်သည်။
ဒေါက်တာ ဆလိုင်း လျန်မှုန်း ဆာခေါင်းသည် ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲ ကော်မတီ (UPDJC) ၏ ဒုတိယ ဥက္ကဋ္ဌ လည်း ဖြစ်သည်။
ဒေါက်တာ ဆလိုင်း လျန်မှုန်း ဆာခေါင်းက “ဗိုလ်ချုပ်အောင်ဆန်းက ခွဲထွက်ခွင့်ဆိုတာ တိုင်းရင်းသား လူမျိုးတွေရဲ့ ရပိုင်ခွင့် ဖြစ်တယ်။ သို့သော် ဒီခွဲထွက်မှုကို မကျင့်သုံးရအောင် ပြည်ထောင် စု ထဲက တိုင်းရင်းသား လူမျိုးတွေ ခွဲထွက် ချင်စိတ် မရှိအောင် လုပ်ဆောင်မှုက ဗမာလူမျိုးတွေရဲ့ တာဝန်ဖြစ်တယ် ဆိုပြီးတော့ အတိအလင်း ပြောထားခဲ့ပါတယ်” ဟု ပြောဆိုသည်။
တိုင်းရင်းသား လူမျိုးများ လိုအပ်ချက်ဖြစ်သည့် နိုင်ငံရေး အခြေခံမူ ၃ ချက် ဖြစ်သော ဒီမိုကရေစီရေး၊ အမျိုးသား တန်းတူ ရေးနှင့် ကိုယ်ပိုင် ပြဋ္ဌာန်းခွင့် အခွင့်အရေးများကို ရရှိရန် စတင် တောင်းဆိုသည့် အချိန်ကစ၍ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်၌ ပိတ်ဆို့မှုများ ကြုံနေရပြီး ၂၁ ရာစု ပင်လုံ ညီလာခံကို မကျင်းပနိုင်ဘဲ ရပ်တန့်နေရသည်ကို တွေ့နိုင် ကြောင်း ၎င်းက ထောက်ပြ ဆွေးနွေးသည်။
ဒေါက်တာ ဆလိုင်း လျန်မှုန်း ဆာခေါင်းက “ကျနော်တို့ တိုင်းရင်းသား လူမျိုးတွေ ပြည်ထောင်စုထဲက ခွဲထွက်ချင်စိတ် မရှိအောင် မခွဲထွက် ရလေအောင် အာမခံချက်ပေးနိုင်တဲ့ နိုင်ငံရေး အခြေခံမူကတော့ စောစောက ပြောနေတဲ့ ဒီမိုကရေစီ ရေး၊ အမျိုးသား တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေး အပြည့်အဝရှိတဲ့ ပြည်ထောင်စု တည်ဆောက် ရေးပဲ ဖြစ်ပါတယ်” ဟုလည်း ပြောဆိုသွားသည်။
အစိုးရ ကိုယ်စားလှယ် UPDJC ၏ ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာ တင်မျိုးဝင်းက ယခု ကျင်းပရန် ရှိသည့် တတိယ အကြိမ် မြောက် ၂၁ ရာစု ပင်လုံ ညီလာခံတွင် အနာဂတ်အတွက် ဖက်ဒရယ် အခြေခံမူများကို ပြီးပြတ်အောင် ညှိနှိုင်းဆွေးလို ကြောင်း အစည်းအဝေး၌ တိုက်တွန်းသည်။
ဒေါက်တာ တင်မျိုးဝင်းက “အခု ၃ ကြိမ်မြောက်မှာ (တတိယ အကြိမ် ၂၁ ပင်လုံ) ဖက်ဒရယ်ဆိုင်ရာ အခြေခံမူတွေ ချမှတ် နိုင်အောင် ဖက်ဒရယ် အုတ်မြစ်ကို ခိုင်ခိုင်မာမာ စိုက်ထူဖို့အတွက် ကြိုးပမ်းဆောင်ရွက်သွားမှာ ဖြစ်ကြောင်း နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ပြောကြားပြီးလည်း ဖြစ်ပါတယ်”ဟု ပြောဆိုသည်။
တတိယ အကြိမ်မြောက် ၂၁ ရာစု ပင်လုံ ညီလာခံ အစည်းအဝေးကို လာမည့် ဇူလိုင်လ အတွင်း ကျင်းပရန် သတ်မှတ် လျာထားကြောင်း သိရသည်။
တိုင်းရင်းသား ကိုယ်စားလှယ်များ၏ ခေါင်းဆောင် တဦးလည်းဖြစ်သူ ဒေါက်တာ ဆလိုင်း လျန်မှုန်း ဆာခေါင်းက တိုင်းရင်း သားများ ယုံကြည်မှု ရှိသဖြင့် ပြည်ထောင်စုကြီးကို ပူးပေါင်းထူထောင်ရန် ပင်လုံစာချုပ်အား လက်မှတ် ရေးထိုး ခြင်းဖြစ်ကြောင်း၊ ယခုကဲ့သို့ အခြေခံမူများကို အပြည့်အဝ အကောင်ထည် ဖော်ရန်အတွက် နှစ်ပေါင်း ၅၀ ခန့် ကတည်းက တောင်းဆိုမှုများ ပြုလုပ်ခဲ့သော်လည်း ယခု အချိန်အထိ ယင်းမူများကိုသာ ပြန်လည် တောင်းဆိုနေရ ကြောင်း ပြောဆိုသည်။
၂၁ ရာစု ပင်လုံ ညီလာခံ အကြို နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ သဘာဝ ပတ်ဝန်းကျင်နှင့် မြေယာ၊ လုံခြုံရေး ကဏ္ဍ စသည့် ခေါင်းစဉ် ၅ ခုကို အစိုးရ၊ တပ်မတော်၊ လွှတ်တော်၊ နိုင်ငံရေး ပါတီ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များက သက်ဆိုင်ရာ အစုအဖွဲ့အလိုက် ဆွေး နွေးမှုများကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက် အထိ နေပြည်တော် MICC – 2 တွင် ပြုလုပ်ပြီးနောက် ယင်းအစည်းအဝေး၏ ဆုံးဖြတ်ချက်များကို ယခု ကျင်းပလျက်ရှိသည့် UPDJC တွင် ဆက်လက် အတည်ပြုမည်ဟု သိရသည်။
နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဆိုင်ရာ သဘောတူညီချက်များ ချမှတ်ရမည့် ငြိမ်းချမ်းရေး ညီလာခံ အပါအဝင် နိုင်ငံရေး ဆွေးနွေးပွဲ အ ဆင့်ဆင့်ကို ကြီးကြပ် လမ်းညွှန်ရန် တာဝန်ရှိသည့် UPDJC ကို နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဥက္ကဋ္ဌ အဖြစ် ဦးဆောင်ပြီး အစိုးရ၊ နိုင်ငံရေး ပါတီနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ များ မှ ကိုယ်စားလှယ် စုစုပေါင်း ၄၈ ဦးဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။