သတင်း

ကူးစက်ရောဂါ ထိန်းချုပ်ရေး တရုတ်က ယွမ် သန်း ၄၀၀ ကူညီမည်

Want create site? Find Free WordPress Themes and plugins.

တရုတ်နိုင်ငံမှ ကူးစက်ရောဂါ ထိန်းချုပ်ရေး သင်တန်းကျောင်းတခုကို ယွမ် သန်း ၄၀၀ အကုန်ကျခံ၍ နေပြည်တော်၌ တည် ဆောက်ပေးသွားမည်ဟု ပြည်သူ့ ကျန်းမာရေး ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သန်းထွန်းအောင် ကပြောသည်။

ဇွန်လ၂၈ ရက်၌ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနတွင် တရုတ်- မြန်မာ နှစ်နိုင်ငံ ရောဂါထိန်းချုပ်ရေး ဗဟို ဌာနနှင့် ကျန်းမာရေး ဝန်ထမ်း သင်တန်းကျောင်းကို မြန်မာနိုင်ငံတွင် ဆောက်လုပ် လှူဒါန်းသည့် လက်မှတ် ရေးထိုးခြင်း အခမ်းအနား၌ ပြောဆိုသွားခြင်း ဖြစ်သည်။

ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွန်းအောင် က “ အခုဆောက်မယ့် အဆောက် အအုံက မြန်မာနိုင်ငံမှာ ပထမ ဆုံး ဖြစ်တယ်။ ဝန်ထမ်းဦးရေ ၁ ထောင် ထားလို့ရတဲ့ အဆောက်အအုံပါ။ ၃ ထပ် ၁ ဆောင်၊ အုပ်ချုပ်မှု ၁ ဆောင်၊ ဓာတ်ခွဲ ခန်း ၁ ဆောင် အားလုံး ၃ ဆောင် ဆောက်မယ်” ဟု အခမ်းအနားအပြီးတွင် မီဒီယာများကို ပြောသည်။

အဆိုပါ အဆောက်အအုံကို နေပြည်တော် ဒက္ခိဏသီရိ မြို့နယ်ရှိ မြေ ဧက ၂၀ ပေါ်၌ တည်ဆောက်သွားမည် ဖြစ်ပြီး မြန်မာနိုင်ငံဘက်မှ မြေနေရာ၊ ရေ၊ လျှပ်စစ်မီးနှင့် လာရောက် ဆောက်လုပ်ပေးမည့် တရုတ်ဘက် အင်ဂျင်နီယာများ၏ လုံခြုံရေးကို တာဝန်ယူ ဆောင်ရွက်ပေးရမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ထို့ပြင် တရုတ်နိုင်ငံမှ သင်တန်းသားများကို ခေါ်ယူ၍ ကူးစက်ရောဂါများနှင့် ပတ်သက်သည့် သင်တန်းပေးမည်ဖြစ်ပြီး၊ အဆောက်အအုံ ပြီးစီးသွားပါကလည်း နိုင်ငံတကာ ပညာရှင်များ ခေါ်ယူ၍ အောက်ခြေ အဆင့် သားဖွား ဆရာမများမှ အစ အထူးကု ဆရာဝန်ကြီးများကိုလည်း သင်တန်းများ ပို့ချသွားမည် ဖြစ်ကြောင်း ဒေါက်တာ သန်းထွန်းအောင်က ပြောသည်။

ယင်းကဲ့သို့ ရောဂါထိန်းချုပ်ရေး ဗဟိုဌာနမှာ တရုတ်နိုင်ငံ နှင့် အမေရိကန် နိုင်ငံတို့တွင် တည်ဆောက်ထားရှိသည့် အတွက် မြန်မာနိုင်ငံတွင်လည်း တည်ဆောက်လိုကြောင်း၊ တရုတ် အစိုးရကလည်း ကူညီဖို့ စိတ်အားထက်သန်သည့် အတွက် ယခုလို ဆောက်လုပ်ရန် အတွက် သမ္မတနှင့် ဒုသမ္မတ ထံမှ ခွင့်ပြုချက်ရသဖြင့် ဆောက်လုပ်ရန် တရုတ်- မြန်မာ ၂ နိုင်ငံ လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်သည်ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ၏ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ မြင့်ထွေး က အခမ်းအနား၏ အဖွင့် မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားသည်။

ကျန်းမာရေးနှင့် အာကစား ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီမှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သောင်းရွှေက “ကိုယ့်နိုင်ငံ ဘတ်ဂျက် မလုံလောက်တဲ့ အချိန်မှာ ဒီလို ကူညီတာ အထူး ကျေးဇူးတင်ရမယ်။ ကျနော်တို့ နိုင်ငံရဲ့ ရောဂါ တွေကို ထိန်းချုပ်ရေး အတွက် အဆောက်အအုံ လှူတယ်ဆိုတာ အိမ်နီးချင်း နိုင်ငံလည်း ပီသပါတယ်” ဟု ဧရာဝတီ သို့ ပြောသည်။

တရုတ်အနေနှင့် မြန်မာနိုင်ငံ၌ ဒေသဖွံ့ဖြိုးတိုးတက်ရေး အတွက် အလှူငွေများ၊ ကျောင်းဆောက်လုပ် လှူဒါန်းခြင်း၊ ဈေး များ၊ သမဝါယမ ဌာနများကိုလည်း ချေးငွေများ ထုတ်ချေးခြင်း အစရှိသည့် လူမှုရေး ကိစ္စများကိုလည်း တရုတ်နိုင်ငံမှ အကူအညီများစွာ ပံ့ပိုးမှု ရှိကြောင်း ၎င်းက ဆိုသည်။

ဆောက်လုပ်မည့် မြေဧက တန်ဖိုးကို ကျန်းမာရေးဝန်ကြီးဌာန အနေဖြင့် နေပြည်တော် စည်ပင်သာယာရေး ကော်မတီအား ကျပ် သိန်း ၁ ထောင် ပေးရပြီး အလုပ်ကြမ်းသမား အပါအဝင် လိုအပ်သည့် အရာများကို ကူညီပံ့ပိုးပေးရမည် ဖြစ်ကြောင်း ဒေါက်တာ သန်းထွန်းအောင် က ပြောသည်။

အဆိုပါ ဆောက်လုပ်မည့် ရောဂါထိန်းချုပ်ရေး ဗဟိုဌာနမှာ ယင်းအဆောက်အအုံ တခုတည်းတွင် ရောဂါထောက်လှမ်း သည့် ဌာန၊ ကာကွယ် နှိမ်နင်းရေး လုပ်ဆောင်သည့်ဌာန၊ အဆင့်မြင့် ဓာတ်ခွဲခန်း၊ သုတေသနဌာန၊ ကျန်းမာရေး ပညာပေးဌာန၊ သင်ကြားရေး အစရှိသည်များကို တစုတစည်းတည်း ရှိမည့် အဆောက်အအုံလည်း ဖြစ်ကြောင်း ဆိုသည်။
“ကိုယ့်နိုင်ငံမှာ အရေးပေါ် ရောဂါတွေဖြစ်တဲ့ အီဘိုလာတို့ ၊ မားစ်တို့၊ ဇီကာ၊ မနှစ်ကဆိုရင် ရာသီတုပ်ကွေး အဲဒါ ဖြစ်ရင် ချက်ချင်း ကာကွယ် နှိမ်နင်းရေး လုပ်မယ် ချက်ချင်း ဓာတ်ခွဲမယ်။ ထိန်းချုပ်ရေး လုပ်ငန်းတွေကို တနိုင်ငံလုံးအနှံ့ လုပ်နိုင် အောင် လုပ်မယ်” ဟု ဒေါက်တာ သန်းထွန်းအောင် က ရှင်းပြသည်။

အဆိုပါ အဆောက်အအုံကို ယခုနှစ်တွင်း စတင် တည်ဆောက်မည် ဖြစ်ကာ ၂၀၂၂ ခုနှစ်ကျော် မှ ပြီးစီးနိုင်မည် ဖြစ်ကြောင်း လက်ရှိ မြန်မာနိုင်ငံတွင် အခြားနိုင်ငံများနည်းတူ တနေရာတည်းတွင် ရောဂါကာကွယ်နှိမ်နှင်းရေး လုပ်နိုင်သည့် ဌာန၊ အဆင့်မြင့် ဓာတ်ခွဲခန်း၊ သုတေသနဌာန၊ သင်ကြားရေး ကျောင်းများ မရှိသေးကြောင်းလည်း ဒေါက်တာ သန်းထွန်းအောင်က ပြောဆိုသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading