သတင်း

မန္တလေးအစိုးရအဖွဲ့ဟောင်း ရန်ပုံငွေစာရင်းရှင်းရန်ကျန်နေ

Want create site? Find Free WordPress Themes and plugins.

ဝန်ကြီးချုပ်ဦးရဲမြင့် ဦးဆောင်ခဲ့သည့် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လက်ထက်က ဒေသဖွံ့ဖြိုးရေး ဆိုင်ရာ ရန်ပုံငွေများအား စစ်ဆေးခဲ့ရာ စာရင်းရှင်းလင်းရန် ကျန်ရှိမှု ၁၀ ချက်ကို စစ်ဆေးတွေ့ရှိခဲ့ရသည်ဟု ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ပြောကြားသည်။

ဝန်ကြီးချုပ် ဦးရဲမြင့်လက်ထက်တွင် ရန်ပုံငွေ ပြန်လည်ပေးသွင်းရန် ကျန်ရှိခြင်းများနှင့် ကုမ္ပဏီ တခုအား မြေ ၄၆ ဧကကျော် အခမဲ့ ချထားပေးခြင်းအပါအဝင် စာရင်းရှင်းလင်းရန် ၁၀ ချက်ကို စစ်ဆေးတွေ့ရှိခဲ့ရကြောင်း သိရသည်။

“တွေ့ရှိချက်က ၁၀ ချက်ဖြစ်ပါတယ်။ ဒါက တိုင်းဒေသကြီး စာရင်းစစ်ချုပ်က စစ်ဆေးတွေ့ရှိချက်ပါ။ ဒါတွေဟာ ပြည်သူ့ငွေတွေ ဖြစ်ပါတယ်။ ပြည်သူ့ငွေတွေကို သုံးထားတာ စာရင်းရှင်းဖို့ကျန်ပါတယ်၊ ဒါကို ကျနော်တို့ အစိုးရက ကတ်ဘိနက်ဆုံးဖြတ်ချက်နဲ့ သက်ဆိုင်ရာတွေကို ပို့ပေးပြီးဖြစ်ပါတယ်” ဟု မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က မီဒီယာများသို့ပြောကြားသည်။

အဆိုပါပြောကြားမှုကို ဇွန်လ ၂၈ ရက်နေ့က မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီရုံးဝင်း အတွင်းရှိ ခြောက်ထပ်ဆောင်၌ ကျင်းပပြုလုပ်သည့် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဒုတိယ (၁) နှစ်တာ ကာလ အတွင်း ပြုပြင်ပြောင်းလဲ တိုးတက်မှုများနှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲ အခမ်းအနားတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဝန်ကြီးချုပ်ဦးရဲမြင့် ဦးဆောင်သော မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့လက်ထက် ၂၀၁၀ မှ ၂၀၁၆ ဘဏ္ဍာရေးနှစ်အထိ ဆောင်ရွက်ခဲ့သော ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေစာရင်းများဆိုင်ရာ စစ်ဆေးချက်ကို နိုင်ငံတော် စာရင်းစစ်ချုပ်၏ ညွှန်ကြားချက်အရ မန္တလေးတိုင်းဒေသကြီး စာရင်းစစ်ချုပ်က စစ်ဆေးခဲ့ခြင်း ဖြစ်သည်။
“၂၀၁၀ မှ ၂၀၁၆ ဘဏ္ဍာရေးနှစ်အထိ ဆောင်ရွက်ခဲ့တဲ့ ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေစာရင်းများဆိုင်ရာ စစ်ဆေးချက်ပါ။ ဒါဟာ နိုင်ငံတော်စာရင်းစစ်ချုပ်ကနေ တိုင်းနဲ့ပြည်နယ်အလိုက် စစ်ဆေးခိုင်းတဲ့ ခိုင်းစေ ချက်အရ တိုင်းစာရင်းစစ်ချုပ်ကို တာဝန်ပေးပြီး စစ်ပါတယ်။ အရင်အစိုးရက သုံးစွဲခဲ့တဲ့ ရန်ပုံငွေတွေနဲ့ ပတ်သက်ပြီးတော့ ဘာတွေရှိခဲ့သလဲဆိုတာ သိချင်လို့ တိုင်းနဲ့ပြည်နယ် အကုန်လုံးကို စစ်ပါတယ်” ဟု ဒေါက်တာဇော်မြင့်မောင်က ပြောသည်။

ပြည်ထောင်စု စာရင်းချုပ်ရုံး၏ ၉-၆-၂၀၁၇ ရက်စွဲပါ စာအမှတ် စဆ/စီမံ ၀၀၃ (၀၇၈/၂၀၁၇) ဖြင့် တာဝန်ပေးအပ်ချက်အရ မန္တလေးတိုင်းဒေသကြီး စာရင်းစစ်ချုပ်ရုံးမှ စစ်ဆေးခဲ့ခြင်းဖြစ်ပြီး စစ်ဆေးတွေ့ရှိချက် များမှာ ၃၁-၇-၂၀၁၇ ရက်နေ့ရှိ ဆင်းရဲနွမ်းပါးမှု လျှော့ချရေး ရန်ပုံငွေစာရင်း ငွေစုစာအုပ် SRM 302 မြဝတီဘဏ်၏ ဘဏ်လက်ကျန်ငွေ ကျပ် ၂၃၀၃ ဒသမ ၂၈ သန်း အား ပြန်လည်ပေးသွင်းရန် လိုအပ်ခြင်း၊ ဆင်းရဲနွမ်းပါမှုလျှော့ချရေး ရန်ပုံငွေစာရင်း ရရှိရန် ထုတ်ချေးငွေများအနက် အနီးစခန်း ပြင်ဦးလွင်ပန်းပွဲရုံချေးငွေ ကျပ် ၁၀ သန်း၊ မီးလင်းရေးချေးငွေ ၃၆၉ ဒသမ ၆၄၅ သန်း၊ စဉ့်ကူးမြို့နယ် ဆည်လည်တောင် အမက ၂၇ သို့ ချေးငွေ ၄၃ ဒသမ ၂၀၀ သန်း၊ စုစုပေါင်း ၄၂၂ ဒသမ ၈၄၅ သန်း ပြန်ပေးရန်တို့ဖြစ်သည်။

“ပြည်သူ့ဘဏ္ဍာငွေတွေကို အစိုးရက ထုတ်ချေးထားတဲ့ငွေတွေ ပြန်မရတာပါ။ ဆင်းရဲနွမ်းပါမှု လျှော့ချရေး ရန်ပုံငွေ စာရင်းကနေ ထုတ်ချေးငွေပါ။ အားလုံး ၄၂၂ ဒသမ ၈၄၅ သန်း ပြန်ပေးဖို့ တာဝန်ရှိပါတယ်” ဟု ဒေါက်တာ ဇော်မြင့်မောင်က ပြောသည်။

ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေစာရင်းများဆိုင်ရာ စစ်ဆေးခြင်းအရ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ရန်ပုံငွေ စာရင်း OA 020448 ၃၁-၃-၂၀၁၆ ရက်နေ့ရှိ လက်ကျန် ကျပ်သန်း ၂ ဒသမ ၆၆၁ အား ပြန်လည် ပေးသွင်းရန် လိုအပ်ခြင်း၊ ကျေးလက် ဒေသများသို့ GSM၊ CDMA မိုဘိုင်းဖုန်းကတ်များ အရစ်ကျရောင်းရငွေမှ ၂ ရာခိုင်နှုန်း ပေးသွင်းရန် ကျပ် သန်းပေါင်း ၇၆ ဒသမ ၉၄၁ အား စာရင်းရှင်းရန် လိုအပ်ခြင်း၊ ၂၀၁၂ – ၁၃ ဘဏ္ဍာရေးနှစ် ကျောင်းသုံး ဗလာစာအုပ်၊ ပုံနှိပ်စာအုပ်များ အခြေခံ ပညာကျောင်းများသို့ အခမဲ့ဖြန့်ဝေရာတွင် တိုင်းဒေသကြီး ပညာရေးမှူးရုံးရှိ အထောက်အထားအရ လက်ခံရရှိမှုမရှိသော ဒါဇင်ပေါင်း ၅၇၆၀၂ ဒါဇင် ကျပ်သန်းပေါင်း ၉၇ ဒသမ ၀၀၅ အား ရှင်းလင်းရန် လိုအပ်ခြင်းတို့ဖြစ်သည်။

“ပညာရေးနဲ့ပတ်သက်တဲ့ အခမဲ့ဖြန့်ဝေမှုကို တိုင်းဒေသကြီးမှာ လက်ခံရရှိမှု မရှိခဲ့ဘူး။ ကျောင်းသုံး ဗလာစာအုပ်ဖြန့်ဝေဖို့ ဒါဇင်ပေါင်း ၅၇၆၀၂ ဒါဇင်၊ ကျပ်သန်းပေါင်း ၉၇ ဒသမ ၀၀၅ ကို ရှင်းလင်းဖို့ လိုအပ်ခဲ့ ပါတယ်။ စာရင်းအရှိအတိုင်း ပြောနေတာပါ။ ပြန်လည်ပေးသွင်းဖို့လိုတယ်၊ ရှင်းလင်းဖို့ လိုတယ်၊ အတိအကျ ပါပဲ” ဟု ဒေါက်တာဇော်မြင့်မောင်က ရှင်းပြသည်။

ထို့အပြင် ပျော်ဘွယ်မြို့မဈေးအမှတ်၂ မီးလောင်မှု ပြန်လည်တည်ဆောက်ရန် မတည်ရင်းနှီးငွေ ကျပ်သန်း ၅၀ ကို တနှစ်အတွင်း အကြေပေးသွင်းရေးစနစ်ဖြင့် ၁၂-၆-၂၀၁၂ ရက်နေ့တွင် ပျော်ဘွယ်မြို့နယ် အုပ်ချုပ်ရေးမှူးသို့ ထုတ်ပေးခြင်းအတွက် စာရင်းရှင်းလင်းမှုမရှိခြင်း၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ တော်ဝင်စက်မှုလက်မှု ကုမ္ပဏီ၊ Mandalay Royal Industry ကုမ္ပဏီလီမိတက်နှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်ခြင်းတွင် တော်ဝင် စက်မှုလက်မှု ကုမ္ပဏီသို့ ၁၀-၁၁-၂၀၀၄ ရက်နေ့က ၁၃ ဒသမ ၂၂၀ ဧက၊ ၅-၁၂-၂၀၁၅ ရက်နေ့က ၃၃ ဒသမ ၁၂၃ ဧက စုစုပေါင်း မြေ ၄၆ ဒသမ ၃၄၀ ဧကအား အခမဲ့ချဝေထားခြင်း တို့ကိုလည်း စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရသည်။

“ဒီစစ်ဆေးချက်က နိုင်ငံတော် စာရင်းစစ်ချုပ်က တိုင်းဒေသကြီး စာရင်းစစ်ချုပ်ကို စစ်ခိုင်းလို့ စစ်ပြီးပြီ။ ရရှိလာတဲ့ ဟာတွေကို ရှင်းလင်းပေးရမှာဖြစ်ပါတယ်၊ ဒါကို ကျနော်တို့မှာလည်း တာဝန်ရှိပါတယ်၊ ပြည်သူ့ဘဏ္ဍာငွေတွေ၊ ပြည်သူ့ပိုင်ဆိုင်မှုတွေဖြစ် တဲ့အတွက် တာဝန်ယူမှုတော့ ရှိရပါမယ်” ဟု ဒေါက်တာဇော်မြင့်မောင်က ပြောသည်။

ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေစာရင်းများဆိုင်ရာ စစ်ဆေးခြင်းအရ တွေ့ရှိမှုတွင် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ အစုရှယ်ယာ ၃၇၅၀၀ စု တန်ဖိုးကျပ် ၃၇၅ ပိုင်ဆိုင်ကြောင်း အစုရှယ်ယာ သက်သေခံလက်မှတ် မိတ္တူဖြစ်နေခြင်း၊ ကုမ္ပဏီနှင့် အကျိုးတူ ဆောင်ရွက်ရာတွင် အကျိုးအမြတ်တစုံတရာ မရရှိခြင်းတို့လည်း ပါဝင်ကြောင်း သိရသည်။

ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေစာရင်းများဆိုင်ရာ စစ်ဆေးခြင်းအရ တွေ့ရှိမှုများကို ယခင် မန္တလေးတိုင်း ဒေသကြီး အစိုးရအဖွဲ့က တာဝန်ယူဖြေရှင်းပေးသွားမည် ဖြစ်သလို၊ အဆိုပါငွေကြေးများကိုလည်း လျှော်ပစ်သွားမည်ဟု ကြားသိရသည်။

သို့ရာတွင် ဒေါက်တာဇော်မြင့်မောင်ကမူ “စာရင်းစစ်ဆေးချက်အရ ရှိသမျှအကြွေးတွေကို လျှော်ပစ်လို့ ရတယ်ဆိုတာ မရှိပါဘူး၊ နိုင်ငံတော် ပြည်သူ့ငွေတွေကို ဒီလို အကြွေးထားပြီးရင် ဆပ်ကိုဆပ်ရပါတယ်၊ ပေးကိုပေးရပါတယ်၊ လျှော်ပစ်ရိုး ထုံးစံမရှိပါဘူး၊ ဘယ်လိုမှလျှော်လို့မရပါဘူး” ဟု ဒေါက်တာဇော်မြင့်မောင်က ပြောသည်။

ကျပ် ၄.၈ ဘီလီယံနီးပါးရှိသည့် ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေများကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) မကွေးတိုင်း အစိုးရသစ်ကို လွှဲပြောင်းပေးအပ်ခဲ့ခြင်းမရှိကြောင်း တွေ့ရှိခဲ့ရမှုအပေါ် ပွင့်ဖြူမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းထွန်းက ၂၀၁၇ ခုနှစ် ဧပြီလတွင် မေးခွန်းထုတ်ခဲ့ပြီး အမှန်တကယ် စစ်ဆေးရာတွင် အမှန်တကယ် စစ်ဆေးမှုပြုရာတွင် ငွေကျပ် ၇.၄၅၉ ဘီလီယံအထိ ပျောက်ဆုံးနေကြောင်း သိရှိရသဖြင့် ထိုငွေများကို ပြန်အပ်ရန် ညွှန်ကြားခဲ့ရာ ကာယကံရှင်ဖြစ်သူက အကျေပြန်လည်ပေးသွင်းခဲ့ရသည်။

ဧရာဝတီတိုင်းတွင်လည်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဝန်ကြီးချုပ် ဦးသိန်းအောင် ဦးဆောင်သည့် တိုင်းအစိုးရဟောင်း အနေဖြင့် လက်ရှိ ဧရာဝတီတိုင်း အစိုးရသစ်ထံသို့ ဒေသဖွံ့ဖြိုးရေး ရံပုံငွေ ကျပ် ၅ ဘီလီယံမှ ၇ ဘီလီယံအထိ လွဲှပြောင်းပေးရန် ကျန်ရှိ နေကြောင်း ထုတ်ဖော်မှုများ ရှိခဲ့ရာ ကာယကံရှင်များက သတင်းစာရှင်းလင်းပွဲများ ပြုလုပ်ခဲ့ရသည်။

သမ္မတဟောင်း ဦးသိန်းစိန် အစိုးရလက်ထက် တိုင်းနှင့် ပြည်နယ် အစိုးရအဖွဲ့များ သုံးစွဲခဲ့သည့် ဖွံ့ဖြိုးရေး ရန်ပုံငွေ စာရင်းများ အားလုံးကို အစိုးရသစ်လက်ထက်တွင် စာရင်းစစ်ချုပ်ရုံးက ပြန်လည်စိစစ်ခဲ့ရာ ဥပဒေနှင့် မကိုက်ညီသည့် သုံးစွဲမှုများ တွေ့ရှိရသဖြင့် အရေးယူ ဆောင်ရွက်နိုင်ရန် နိုင်ငံတော် သမ္မတရုံးသို့ တင်ပြထားကြောင်း ပြည်ထောင်စု စာရင်းစစ်ချုပ် ဦးမော်သန်းက ယမန်နှစ်အစောပိုင်းက ပြောဖူးသည်။

စာရင်းစစ်ချုပ်ရုံးသည် သမ္မတရုံး၏ အထူးတာဝန်ပေးချက်အရ ၂၀၁၇ ခုနှစ် ဇွန်လမှ စတင်ကာ ယခင် အစိုးရအဖွဲ့ဟောင်း၏ စာရင်းများကို ပြန်လည် စိစစ်တင်ပြခဲ့ခြင်း ဖြစ်သည်။

ဆက်စပ်ဖတ်ရှုရန်-ယခင် အစိုးရ တိုင်းနှင့် ပြည်နယ် ရန်ပုံငွေ စာရင်းများ မကိုက်ဟု စာရင်းစစ်ချုပ်ပြော

Did you find apk for android? You can find new Free Android Games and apps.
Loading