သတင်း

တပ်မတော် သဘောမတူ၍ တိုင်းရင်းသား အခွင့်အရေး ဆက်လက် ဆွေးနွေးခွင့် မရ

Want create site? Find Free WordPress Themes and plugins.

တိုင်းရင်းသား လူနည်းစု အခွင့်အရေး ခေါင်းစဉ်ကို ဆက်လက် ဆွေးနွေးရန် တပ်မတော်၏ သဘောတူညီမှု မရသဖြင့် လာမည့် တတိယ အကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ (၂၁) ရာစု ပင်လုံတွင် ယင်းကိစ္စကို ဆွေးနွေးရန် မဖြစ်နိုင်တော့ကြောင်း သတင်းရရှိသည်။

မနေ့က နေပြည်တော်တွင် ကျင်းပပြုလုပ်ခဲ့သည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲ ကော်မတီ (UPDJC) အစည်းအဝေးတွင် နိုင်ငံရေး ကဏ္ဍအတွက် တိုင်းရင်းသား လူနည်းစု အခွင့်အရေးနှင့် ကျားမတန်းတူညီရေး ခေါင်းစဉ် ၂ ခုကို တင်ပြဆွေးနွေးခဲ့ကြသော်လည်း တပ်မတော်က ကျားမတန်းတူရေး ခေါင်းစဉ်ကိုသာ သဘောတူခဲ့ကြောင်း ယင်းအစည်းအဝေးတွင် ပါဝင်သူ ကချင် ဒီမိုကရေစီ ပါတီ ဥက္ကဋ္ဌ ဒေါက်တာ တူးဂျာက ပြောသည်။

“သူတို့(တပ်မတော်)ကတော့ နိုင်ငံသား အခွင့်အရေးဆိုတာလည်း အားလုံးနဲ့ အကျုံးဝင်တယ်လို့ ပြောနေတာပဲ။ EAOs (တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ)ဘက်ကျတော့ တိုင်းရင်းသား အခွင့်အရေးဆိုတာ ရှိရမယ်။ လူနည်းစု အခွင့်အရေးဆိုတာ ရှိရမယ်။ အပြန်အ လှန် ဆွေးနွေးပြီးတော့ သဘောထားဆုံးဖြတ်ချက်ရယ်လို့ တိတိကျကျ မချသွားနိုင်တာ ရှိတာပေါ့”ဟု UPDJC အတွင်းရေးမှူး အဖွဲ့ဝင် လည်းဖြစ်သူ ဒေါက်တာ တူးဂျာက ပြောသည်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံ အကြို နိုင်ငံရေး ဆွေးနွေးပွဲများကို ဇွန်လ ၂၅ ရက်နေ့မှ ၂၈ ရက်နေ့ အထိ နေပြည်တော်တွင် ကျင်းပခဲ့ပြီး ယခင် ဒုတိယအကြိမ် ပင်လုံညီလာခံမှ ကျန်ရှိသည့် နိုင်ငံရေးကဏ္ဍ အချက် ၄ ခုထဲမှ အချက် ၂ ချက် ဖြစ်သည့် တိုင်းရင်းသား လူနည်းစု အခွင့်အရေး ကာကွယ်ခြင်းနှင့် ကျားမ တန်းတူရေး အချက် ၂ ချက်ကို စတင် ဆွေးနွေးခဲ့ပြီး မနေ့က ကျင်းပသည့် UPDJC အစည်းအဝေးတွင် အတည်ပြုပြီးနောက် ညီလာခံတွင် ဆက်ဆွေးနွေးရန် ကြိုးစားခဲ့ကြခြင်း ဖြစ်သည်။

တပ်မတော်က ယခု ခေါင်းစဉ်ကို ကန့်ကွက်သည် ဆိုခြင်းထက် ခေါင်းစဉ်ကိုပင် ဝိဝါဒ ကွဲပြားနေကြပြီး တိုင်းရင်းသားဆိုသည်မှာလည်း နိုင်ငံသားပင် ဖြစ်သည်ဟု ဆွေးနွေးလာသဖြင့် ဆွေးနွေးစရာ၊ ဝိဝါဒ ကွဲစရာ များလာသည့်အခါ ဆက်လက်မဆွေးနွေးရန် အဆိုပြုသည့် သဘောဖြစ်ကြောင်း ယင်းဆွေးနွေးပွဲတွင် ပါဝင်ခဲ့သူ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်မှ ဦးစိုင်းကျော်ညွှန့်က ပြောသည်။

“အဲဒီအပေါ်မှာတော့ စေ့စပ်ညှိနှိုင်းရတာပေါ့ဗျာ။ တဖက်က ဆွေးနွေးမယ်။ တစ်ဖက်က မဆွေးနွေးဘူးဆိုတာကြီးကို အတင်းကြီး လုပ် ပြီး ဆွေးနွေးမယ်ဆိုရင်လည်း မလိုလားအပ်တဲ့ ပြဿနာတွေ တက်နိုင်တယ်။ ဘာမှ မထူးဘူးပေါ့လေ။ အဓိကကျတဲ့ နိုင်ငံရေးဆိုင်ရာ ဖက်ဒရယ်ရေးရာကိစ္စရပ်တွေ မဆွေးနွေးနိုင်သေးပေမယ့် ကျန်တဲ့ကိစ္စတွေမှာ ဆွေးနွေးနိုင်လိမ့်မယ်”ဟု ၎င်းက ရှင်းပြသည်။

နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ သဘာဝ ပတ်ဝန်းကျင်နှင့် မြေယာ၊ လုံခြုံရေး ကဏ္ဍ စသည့် ခေါင်းစဉ် ၅ ခုမှ အခြေခံရမည့်မူများ ဖော် ထုတ်နိုင်ရေးအတွက်လည်း ဆွေးနွေးခဲ့ကြသော်လည်း အဖြေတိတိကျကျ မထွက်၍ လာမည့် ဇူလိုင်လ ၄၊ ၅၊ ၆ ရက်နေ့များတွင် ဆက်လက်ကျင်းပမည် လုပ်ငန်းကော်မတီ အစည်းအဝေးများတွင် ဆက်လက် ဆွေးနွေးမည်ဟု ဆုံးဖြတ်လိုက်ရကြောင်း သိရသည်။

ချင်းအမျိုးသား တပ်ဦး၏ နာယက ဖြစ်သူ ဒေါက်တာ ဆလိုင်းလျန်မှုန်ဆာခေါင်းကလည်း “တချို့ကဏ္ဍမှာတော့ ညှိနှိုင်းလို့မရတဲ့ အခက် အခဲလေးတွေ ရှိပါတယ်။ သို့သော် ဆက်ဆွေးနွေးလိုက်ရင် အဆင်ပြေပါလိမ့်မယ်လို့ ထင်ပါတယ်”ဟု ဆွေးနွေးပွဲအပြီး သတင်းထောက် များကို ပြောသည်။

၎င်းသည် မနေ့က ပြုလုပ်သည့် UPDJC အစည်းအဝေး အဖွင့် မိန့်ခွန်းတွင် တိုင်းရင်းသားများသည် “ကိုယ်ပိုင် ပြဌာန်းခွင့်”ကို မရမ ချင်း တောင်းဆိုသွားမည်ဟု ထုတ်ဖော်ပြောကြားခဲ့ပြီး “ခွဲထွက်ခွင့်”ဆိုသည်မှာလည်း တိုင်းရင်းသား လူမျိုးများ၏ ရပိုင်ခွင့်ဟု ဗိုလ်ချုပ်အောင်ဆန်းက ထုတ်ဖော်ထားပြီး ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် ၈ ဖွဲ့သည် ဒီမိုကရေစီရေး၊ အမျိုးသား တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်း ခွင့်များ ရရှိမည်ဆိုသော ယုံကြည်ချက်ဖြင့် NCA ကို လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်ကြောင်း၊ သို့သော် တိုင်းရင်းသားခေါင်းဆောင်များက ဒီမူ ၃ ချက်ကို တင်ပြသည့်အခါတိုင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် တစ်ဆို့မှုများ ရှိနေရကြောင်း ဒေါက်တာ ဆလိုင်းလျန်မှုန်ဆာခေါင်း က ပြောဆိုခဲ့သည်။

၎င်း၏ အထက်ပါအတိုင်း ဆွေးနွေးချက်များကို တပ်မတော် ခေါင်းဆောင်များက မကြိုက်ခဲ့ဘဲ ယင်းကိစ္စများကို ထပ်ကာထပ်ကာ တူးဆွ ဆွေးနွေးနေခြင်းမျိုး မပြုလုပ်သင့်ကြောင်း သဘောထားပေးသော်လည်း တချို့ကမူ ပြဿနာကို ပြဿနာအဖြစ် လက်ခံပြီး ဖြေရှင်းသင့်ကြောင်း အကြံပြုမှုများ ရှိနေသည်ဟု သိရသည်။
UPDJC အတွင်းရေးမှူး အဖွဲ့ဝင် ဦးစိုင်းကျော်ညွှန့်က“မဆွေးနွေးနိုင်ဘူးဆိုရင်လည်း အရှိတရားပဲလေ။ ကျနော်တို့နိုင်ငံမှာ ဖြစ်တည်နေ တဲ့ အရှိတရားကို ပြည်သူတွေ ရှင်းရှင်းလင်းလင်း မြင်ရတာပေါ့”ဟု ပြောသည်။

သို့သော် တတိယအကြိမ် ပင်လုံ ညီလာခံကိုမူ ဇူလိုင်လ ၁၁ ရက်မှ ၁၆ ရက်ကြား ကျင်းပရန် သဘောတူညီခဲ့ပြီပြီး NCA လက်မှတ် ရေးထိုးထားခြင်း မရှိသေးသည့် တိုင်းရင်းသား အဖွဲ့အားလုံးကို တဖွဲ့ချင်းစီအလိုက် ဖိတ်ကြားမည် ဖြစ်ကြောင်း၊ ဗိုလ်ချုပ်အောင်ဆန်းနှင့် ပင်လုံစာချုပ်တွင် လက်မှတ်ရေးထိုးခဲ့သူများ၏ ကျန်ရစ်သူ မိသားစုများကိုလည်း ဖိတ်ကြားမည် ဖြစ်ကြောင်း UPDJC အတွင်းရေးမှူး အဖွဲ့ထံမှ သိရသည်။

“ကျနော်တို့ တင်ပြပါတယ်။ ဆွေးနွေးစရာ ရှိတဲ့ ခေါင်းစဉ်တွေကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးကြ။ နောက်မှ ဒီမှာ ပြန်ပြီးတော့မှ ရွေးထုတ်ပြီးတော့မှ သဘောတူညီချက် လုပ်လို့ ရနိုင်တာပဲလို့။ ဒါကြောင့် ခေါင်းစဉ်တွေကို ချန်မထား ဘဲ ဆွေးနွေးဖို့ ပြောပါတယ်။ ဒါပေမယ့် ခုနက ပြောသလို အပြန်အလှန် ညှိနှိုင်းတဲ့အချိန်က အရမ်းများသွားပြီးတော့ အချိန်က အရမ်း ကြာရှည်သွားတဲ့အခါကျတော့ သဘောထား ဆုံးဖြတ်ချက် ချတဲ့အခါ များများ မချနိုင်ဘူး”ဟု ဒေါက်တာ တူးဂျာက ပြောဆိုသွားခဲ့သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading