သတင်း

ရွေးကောက်ပွဲ အမျိုးသမီးကိုယ်စားလှယ်လောင်း ရရှိရန် NLD ရုန်းကန်နေရ

Want create site? Find Free WordPress Themes and plugins.

နိုဝင်ဘာလ ကြားဖြတ်ရွေးကောက်ပွဲတွင် အမျိုးသမီးကိုယ်စားလှယ်လောင်း ဝင်ပြိုင်နိုင်မည့် အလားအလာ မရှိသလောက် နည်းပါးနေသောကြောင့် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲတွင် အမျိုးသမီး ကိုယ်စားလှယ်လောင်းများ ပိုမို ရရှိအောင် ကြိုးစားသွားမည်ဖြစ်ကြောင်း အာဏာရ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟို အမျိုးသမီးရေးရာကော်မတီထံမှ သိရသည်။

“ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမယ့် တိုင်းရင်းသားဒေသတွေမှာ အမျိုသမီးနည်းနည်း ရှားတယ်။ ကျမတို့ကလည်း အောက်ခြေကနေ ရွေးချယ်တဲ့သူကို ပြန်ရွေးရတာ။ ဗဟိုက ချပေးတာ မဟုတ်တဲ့အတွက်။ ဒါကြောင့်” ဟု ရန်ကုန်တိုင်းမရမ်းကုန်းမြို့နယ်မှ ပြည်သူ့လွတ်တော် ကိုယ်စားလှယ်နှင့် ဗဟို အမျိုးသမီးရေးရာကော်မတီ ဥက္ကဌ ဒေါ်မေဝင်းမြင့်က ပြောသည်။

နိုဝင်ဘာလ ၃ ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ချင်း၊ ကချင်၊ ရှမ်းနှင့် ရခိုင်ပြည်နယ်များနှင့် မန္တလေး၊ ရန်ကုန်၊ ပဲခူးနှင့် မကွေးတိုင်းများမှ လစ်လပ် လွှတ်တော်ကိုယ်စားလှယ်နေရာ ၁၃ နေရာကို ရွေးချယ်မည်ဖြစ်သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ အတိုက်အခံ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် ရှမ်း၊ ကချင်နှင့် ရခိုင်ပြည်နယ်များမှ လူမျိုးစုပါတီများသည်လည်း ကြားဖြတ်ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နေကြသည်။

ဇွန်လ ၂၉ ရက် ထုတ်ပြန်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ကြားဖြတ်ရွေးကောက်ပွဲဝင်မည့် ကိုုယ်စားလှယ်လောင်း ၁၃ ဦးစာရင်းတွင် အမျိုးသမီးတဦး ပါဝင်ပြီး၊ ကချင်ပြည်နယ်အမျိုးသားလွှတ်တော်အမှတ် (၂) မြစ်ကြီးနားမြို့မှ ဝင်ပြိုင်မည်ဖြစ်သည်။

“လူမျိုးစု ဒေသတွေမှာ ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းဟာ အဲဒီဒေသမှာ နေထိုင်တဲ့ ကိုယ်စားလှယ်လောင်းပဲဖြစ်ရမယ်လို့ ကျမတို့ဆုံးဖြတ်ထားတယ်။ ဒါကြောင့် ရှမ်းပြည်နယ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်လောင်းဟာ ရှမ်းပဲဖြစ်မယ်။ ချင်းပြည်နယ်မှာလည်း ဒီလိုပဲဖြစ်ရမယ်” ဟု ဒေါ်မေဝင်းမြင့်က ဧရာဝတီ သတင်းဌာနသို့ ယခုအပတ်အစောပိုင်းက ပြောဆိုထားသည်။

“အမျိုးသမီးပါဝင်မှုကတော့ ကိုတာ (အချိုးကျဝေစု) စနစ်ကို ကျမတို့ မကျင့်သုံးပေမယ့် အမျိုးသမီးကိုယ်စားလှယ်တွေ ပိုမိုပါဝင်လာအောင် တွန်းအားပေးရမယ်။ အထူးသဖြင့်ကတော့ ၂၀၂၀ ရွေးကောက်ပွဲမှာ ဒီထက်ပိုပြီးရအောင် ကြိုးစားရမှာပေါ့” ဟုလည်း ၎င်းကပြောသည်။

၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်လောင်းများ၏ ၃၀ ရာခိုင်နှုန်းကျော်သည် အမျိုးသမီးများဖြစ်သော်လည်း ပါတီကို အာဏာရစေသည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲသို့ ရောက်သောအခါ ထိုပမာဏ၏ ထက်ဝက်သာ ပါဝင်နိုင်ခဲ့ကြောင်းလည်း သူက ဆိုသည်။ ယမန်နှစ်က ကြားဖြတ်ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပါဝင်သော အမျိုးသမီး ကိုယ်စားလှယ်လောင်း အရေအတွက်မှာ ပိုမိုပင်နည်းပါးခဲ့သည်။

ထို့အပြင် ပါတီ၏ ဗဟိုအလုပ်အမှုဆောင်ကော်မတီတွင် လက်ရှိတာဝန်ထမ်းဆောင်နေသော အမျိုးသမီးများမှာလည်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဒေါ်မေဝင်းမြင့်နှင့် ကရင်ပြည်နယ် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်တို့သာ ဖြစ်သည်။

၁၇၇ ဦးပါဝင်သော ပါတီ၏ ဗဟိုကော်မတီတွင်လည်း အမျိုးသမီး ၂၇ ဦးသာရှိသည်။ မကြာသေးမီက ဒုတိယအကြိမ် နိုင်ငံလုံးဆိုုင်ရာပါတီညီလာခံတွင် ရွေးချယ်ခဲ့သည့် ဗဟိုကော်မတီဝင်သစ် ၄၄ ဦးတွင်လည်း အမျိုးသမီး ၆ ဦးသာ ပါဝင်သည်။

အမျိုးသမီးပါဝင်မှု အရေအတွက် တိုးတက်လာစေရန် အမျိုးသမီးများ စွမ်းရည်မြှင့်တင်ရေးအတွက် အထောက်အကူဖြစ်စေရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီက ကြိုးစားနေပြီး ဇွန် ၃၀ ရက် စနေနေ့မှစတင်ကာ NLD အမျိုးသမီးအဖွဲ့ဝင်များ နေပြည်တော်တွင် သုံးရက်ကြာ ဆွေးနွေးနေကြပြီ ဖြစ်သည်။

NLD ၏ပထမဆုံးအကြိမ် နိုင်ငံလုံးဆိုင်ရာ အမျိုးသမီးလုပ်ငန်းကော်မတီ စုံညီတွေ့ဆုံပွဲသို့ ဒေသဆိုုင်ရာ အဆင့်ဆင့်မှ ပါတီဝင် အမျိုးသမီး ၇၈၀ ခန့် တက်ရောက်ပြီး ခေါင်းဆောင်မှု၊ စီမံခန့်ခွဲမှု၊ ငြိမ်းချမ်းရေးတည်ဆောက်ရေးနှင့် ဥပဒေပညာများကို ဆည်းပူးကြမည်ဖြစ်သည်ဟု ဒေါ်မေဝင်းမြင့်က ဆိုသည်။

အမျိုးသမီးအဖွဲ့အစည်းများကွန်ယက်၊ ကျားမတန်းတူရေးကွန်ယက်နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးရေးရာကော်မတီတို့ကိုလည်း ၎င်းတို့၏လုပ်ငန်းများအကြောင်း သတင်းအချက်အလက်ဖလှယ်ရန် ဖိတ်ခေါ်မည်ဟုလည်း ၎င်းက ဆိုသည်။

(အင်္ဂလိပ်ဘာသာဖြင့် NLD Struggles to Field Female Candidates for By-Election, Aims for 2020 တွင် ဖတ်ရှုပါ။)

Did you find apk for android? You can find new Free Android Games and apps.
Loading