တပ်မတော် အရာရှိ ဇနီး NLD အတွင်းရေးမှူး ဖြစ်လာ၍ အံ့သြနေဟု ဆို
တပ်မတော်တွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ဗိုလ်မှူးအဆင့် အရာရှိတဦး၏ ဇနီးဖြစ်သူသည် နေပြည်တော်၌ ကျင်းပသည့် နိုင်ငံလုံးဆိုင်ရာ အမျိုးသမီးလုပ်ငန်း ကော်မတီများ တွေ့ဆုံပွဲသို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ စစ်ကိုင်းမြို့နယ် အတွင်းရေးမှူးအဖြစ် တက်ရောက်လာသဖြင့် အံ့သြမိသည်ဟု NLD က ပြောသည်။
ဗဟို အမျိုးသမီး လုပ်ငန်း ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာ မေဝင်းမြင့်က“စစ်ကိုင်းတိုင်းက ရွေးလိုက်တာ။ စစ်ကိုင်းတိုင်းက ရွေးပြီး ဖြစ်လာ တာဆိုတော့ အန်တီတို့မှာ အဖြေမရှိဘူး။ အရမ်း အံ့သြမိတယ်။ တပ် ဆိုတာက တသွေး၊ တသံ၊ တမိန့် နဲ့ လာတတ်တာလေ။ အန်တီတို့ ကိုယ်တိုင်လည်း ဖြတ်သန်းခဲ့တယ်။ ကိုယ့်အမျိုးတောင် ကိုယ့်အိမ် မလာရဲဘူး။ ဒီလောက် တင်းကျပ်ထားတဲ့ ကြားထဲက လက်ရှိ ဗိုလ်မှူး တယောက်ရဲ့ ဇနီးက ဖြစ်လာတော့ တော်တော်လေး အံ့သြပြီး ဘယ်လို ဖြေရမှန်း မသိဘူး”ဟု သတင်းထောက်များကို ပြောပြသည်။
ယခု စုံညီ အစည်းအဝေးတွင်လည်း တပ်မတော်အရာရှိ တဦး၏ ဇနီးဖြစ်သူသည် မြို့နယ်အဆင့် အမျိုးသမီး လုပ်ငန်းကော်မတီ အတွင်း ရေးမှူး ဖြစ်လာသည့်အပေါ် မေးခွန်းထုတ်မှုများ ရှိနေ၍ အောက်ခြေမှ ရွေးချယ်လာခြင်းကို ဆုံးဖြတ် မပေးနိုင်ကြောင်း၊ အောက်ခြေတွင် သာ ပြန်လည် ညှိနှိုင်းကြရန် လိုကြောင်းလည်း ၎င်းက စုံညီ အစည်းအဝေး အပိတ်မိန့်ခွန်းတွင် ထည့်သွင်း ပြော ဆိုသည်။
“သူ့ကို စစ်ကိုင်းတိုင်းက ရွေးချယ်လိုက်တာ ဖြစ်ပါတယ်။ အောက်ခြေထုက တင်မှ သူက ဖြစ်တာ။ မြို့နယ် အတွင်းမှာ ဖြစ်လာတာလေ အောက်ခြေက တင်ပြတဲ့သူတွေကိုပဲ မေးဖို့ သင့်တော်တယ်။ သူတို့ ဘယ်လို ရွေးလဲဆိုတာ”ဟုလည်း အခမ်းအနား အပြီးတွင် ဧရာဝတီ ၏ မေးခွန်းကို ဒေါက်တာ မေဝင်းမြင့်က ဖြေကြားသည်။
စစ်ကိုင်းတိုင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်သိန်းကမူ တပ်မတော်အရာရှိ တဦး၏ ဇနီးဖြစ်သူ ဒေါ်မြတ်သီရိ ဆိုသူ သည် ပါတီတွင်း ရွေးချယ်မှုဖြင့် မြို့နယ်အတွင်းရေးမှူး၊ နေပြည်တော်သို့ တက်ရောက်ရမည့် ညီလာခံ ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံ ရသော်လည်း စစ်ကိုင်းတိုင်းက အတည်မပြုခဲ့ကြောင်း၊ သို့သော် ပါတီဗဟိုမှ ဦးဉာဏ်ဝင်း ထုတ်ပြန်သည့် စာဖြင့် ညီလာခံ တက်ခွင့် ရသည်ဟု ကြားသိရကြောင်း ဧရာဝတီသို့ ပြောသည်။
“သူက ဗိုလ်မှူးကတော်ပေါ့။ ပါတီကိုလည်း ဝင်လာတာ မကြာသေးဘူးလို့ သိရတယ်”ဟု ၎င်းက ရှင်းပြသည်။
NLD စစ်ကိုင်းတိုင်း အလုပ်အမှုဆောင် အဖွဲ့ဝင် ဦးမြင့်ကြည်ကလည်း ပထမပိုင်းတွင် မြို့နယ် အမျိုးသမီး လုပ်ငန်း ကော်မတီ ၏ ရွေးချယ်မှုတွင် အားနည်းချက်များရှိ၍ တိုင်းအဖွဲ့က အစည်းအဝေး ဆုံးဖြတ်ချက်ဖြင့် ဇွန်လ ၂၇ ရက်နေ့က ပယ်ခဲ့ပြီး ဖြစ်ကြောင်း၊ အမျိုး သမီး လုပ်ငန်း ကော်မတီ ဥက္ကဋ္ဌ အဖြစ် ဒေါ်ဖြိုးဖြိုးအောင်၊ အတွင်းရေးမှူး အဖြစ် ဒေါ်ချိုပြုံး တို့ကိုသာ အတည်ပြုထားကြောင်း ပြောပြသည်။
“ကျနော်တို့ အတည်ပြုထားတဲ့အထဲမှာ ဒေါ်မြတ်သီရိဆိုသူ မပါဘူး။ ဒါပေမယ့် ညီလာခံကို ရောက်သွားတာကတော့ ညီလာခံ ဦးစီး ကျင်းပတဲ့သူတွေရဲ့ ဆုံးဖြတ်ချက်လေ။ တို့ပါတီရဲ့ ဆုံးဖြတ်ချက် မဟုတ်ဘူး”ဟုလည်း ဦးမြင့်ကြည်က ပြော သည်။
ဗဟို အမျိုးသမီး လုပ်ငန်းကော်မတီကမူ တိုင်းအဖွဲ့၏ တင်ပြချက်ကို ဗဟိုက အတည်ပြုပေးခြင်း ဖြစ်ပြီး ဦးဉာဏ်ဝင်း ဆုံးဖြတ်ခြင်း မဟုတ်ကြောင်း၊ တင်ပြပြီးသည့် စာရင်းကို နောက်ပိုင်းတွင်မှ NLD တိုင်းအဖွဲ့က ထပ်မံ၍ စာရင်းအသစ် တင်ခြင်းကြောင့် ထိုကိစ္စကို ပြန်လည် ပယ်ဖျက်ရန် မဖြစ်နိုင်တော့ကြောင်း ဗဟို အမျိုးသမီး လုပ်ငန်းကော်မတီ အတွင်းရေးမှူး ဒေါ်ဇင်မာအောင်က ရှင်းပြသည်။
“ဘယ်နေ့မှာ ဖွဲ့စည်းပြီးတဲ့ အမျိုးသမီးတွေ တက်ပါဆိုရင် အဲဒီအမျိုးသမီး တယောက်တည်းကို မူအရ ချန်ထားခဲ့လို့ မရဘူး။ နောက်ပိုင်း ကိစ္စကတော့ ပါတီ စည်းကမ်းထိန်းသိမ်းရေးနဲ့ သွားဖို့ လိုမယ်။ ပါတီ စည်းကမ်းထိန်းသိမ်းရေးနဲ့ ညှိရင်တော့ ဘယ်သူပဲ ဖြစ်ဖြစ် လုပ်ရမှာ ပဲ။ အောက်ခြေမှာ ဖြစ်နေတာတွေကို ဗဟိုက အကုန်မသိနိုင်ဘူး”ဟု ဒေါ်ဇင်မာအောင်က ပြောသည်။
ကာယကံရှင် ဖြစ်သူ စစ်ကိုင်းမြို့နယ် NLD အတွင်းရေးမှူး ဒေါ်မြတ်သီရိကို ဧရာဝတီက ကြိုးစား ဆက်သွယ်ခဲ့သော် လည်း မရရှိခဲ့ပါ။
ဇူလိုင်လ ၁ ရက်နေ့က နေပြည်တော်တွင် ပြုလုပ်ခဲ့သည့် NLD အမျိုးသမီး ညီလာခံတွင်လည်း ပြည်နယ်တခုက လွှတ်တော် တွင်းမှ တပ်မတော်သား ကိုယ်စားလှယ်များ ဖယ်ရှားရေးဟု တင်သွင်းပြောဆိုသည့်အခါ အောက်မှ ညီလာခံ ကိုယ်စားလှယ်များက လက်ခုပ်တီး နေကြကြောင်း၊ ထို့ကြောင့် ယင်းသို့ ပြောဆိုချက်သည် ပါတီ သွားချင်သည့် လမ်းကြောင်း ကို အနှောင့်အယှက် ဖြစ်စေကြောင်း NLD ပါတီ CEC လည်းဖြစ်သူ ဒေါက်တာ မေဝင်းမြင့်က ပြောသည်။
“တပ်မတော်သားနဲ့ ပတ်သက်တာ ဘာမှမပြောပါနဲ့။ ဒါတွေက အနှောင့်အယှက် ဖြစ်စေပါတယ်လို့ အန်တီက သတိပေး တာ ဖြစ်ပါ တယ်။ နိုင်ငံတိုင်းမှာ ရှိရမယ်။ သူ့ကဏ္ဍနဲ့သူ ရှိရမယ်။ အန်တီတို့ နိုင်ငံရေး သမိုင်းကြောင်းက တပ်မတော်က တောက်လျှောက် ပါလာ တာလေ။ သူတို့ကို လုံးဝဖယ်လို့မရဘူး။ ဒါကြောင့် ဖယ်ရှားရေးဆိုတာ အန်တီ တို့ လုံးဝ လက်မခံ ဘူး ဆိုတာ ပြောတာ ဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။
NLD ပါတီ၏ အမျိုးသမီး ညီလာခံကို နိုင်ငံလုံးဆိုင်ရာ အမျိုးသမီး လုပ်ငန်းကော်မတီများ ပထမအကြိမ် စုံညီ တွေ့ဆုံပွဲ အဖြစ် ၂၀၁၈ ခုနှစ် ဇွန်လ ၃၀ ရက်နေ့မှ ဇူလိုင်လ ၂ ရက်နေ့အထိ နေပြည်တော်ရှိ MICC – 2 ခန်းမတွင် ကျင်းပခဲ့ပြီး ယခု အခါ ဗဟို ကော်မတီကို အမျိုးသမီး ၁၁ ဦးဖြင့် ဖွဲ့စည်းထားကြောင်း သိရှိရသည်။