သတင်း

လွိုင်ကော်တွင် ဗိုလ်ချုပ်ရုပ်တုကိစ္စ ဆန္ဒပြမှု ရုန်းရင်းဆန်ခတ်ဖြစ်

Want create site? Find Free WordPress Themes and plugins.

ကယားပြည်နယ်၊ လွိုင်ကော်မြို့၌ ပြည်နယ်အစိုးရက ဗိုလ်ချုပ် အောင်ဆန်းပုံတူ ကြေးရုပ်တုကို ထားရှိမည့် အပေါ် ဒေသခံ ၁ ထောင်ဝန်းကျင် က ယနေ့တွင် ကန့်ကွက် ဆန္ဒပြခဲ့ရာ ရဲနှင့်လူထု အကြား ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့သည်။

အဆိုပါ ဆန္ဒပြမှုကို ယနေ့ (ဇူလိုင် ၃ ရက်) မနက် ၁၀ နာရီ ဝန်းကျင်၌ ပြုလုပ်ခဲ့ပြီး စစ်ကြောင်း ၃ ကြောင်းခွဲ၍ ဗိုလ်ချုပ် အောင်ဆန်း ပုံတူ ကြေးရုပ်တု ထားရှိမည့် နေရာသို့ စီတန်း လှည့်လည် ကြစဉ် မြို့လယ် နာရီစင် အရောက် ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ကြောင်း ဆန္ဒုပြသူများက ပြောပြသည်။

ဆန္ဒပြမှု ဦးဆောင်ကော်မတီဝင် ခွန်သောမတ်က “ကျနော်တို့ စစ်ကြောင်း ၃ ကြောင်းနဲ့ ပထမ ချီတက်တယ်။ လွိုင်ကော် မြို့လယ် နာရီစင် မှာ ကျနော်တို့ ပြန်ဆုံတယ်။ ကျနော်တို့ အဲဒီမှာ ဆုံတော့ ရဲတွေက ကျနော်တို့အရှေ့မှာ အသင့်ရှိထားပြီးသား။ ဟစ်တိုင်ရှိတဲ့နေရာကို ကျနော်တို့ ဆက်သွားမယ်ဆိုတော့ ပိတ်ပင် ထားတယ်။ ကျနော်တို့ ညှိနှိုင်းတယ် မြို့နယ် ထွေအုပ်နဲ့ ကိုယ်တိုင် ညှိနှိုင်းတယ်။ ၃ ကြိမ် ၃ ခါလောက် သေချာ ညှိနှိုင်းတယ်။ ပထမအခေါက်မှာ သွားလို့ရတယ်ပြောပြီးတော့ ဒုတိယအခေါက်နဲ့ တတိယအခေါက်မှာ သွားလို့ မရဘူးလို့ ကျနော်တို့ကို ပြောတော့ ကျနော်တို့ နောက်မှာ ပါတဲ့ လူထုတွေက သွားလို့မရလည်း ရတဲ့နည်း နဲ့ သွားမယ်ဆိုတော့ ဒီလို ရုန်းရင် ဆန်ခတ် ၂ ဦး ၂ ဖက် ဖြစ်သွားတာပါဗျ”ဟု ပြောသည်။

အဆိုပါ ရုန်းရင် ဆန်ခတ် ဖြစ်ပွားမှုတွင် ဆန္ဒပြသူများ ရိုက်နှက်ခံခဲ့ကြရသော်လည်း ဖမ်းဆီး ခံရမှုများ မရှိခဲ့ ကြောင်း သိရသည်။

“ ဖမ်းဆီးတာတော့ ရှိတယ်ဗျ။ ကျနော်တို့ ဦးဆောင် ကော်မတီထဲမှာ ပါတဲ့ လူတယောက်ကို ကားထဲ ဖမ်းဆီး သွားတယ်။ နောက် သူနဲ့ပါလာတဲ့ လူတွေကို လက်ထိပ်ခတ်တာရှိတယ်။ ဒါပေမယ့် အဲဒီလူတွေ ကို ချက်ချင်း လွတ်ပေးဖို့ ကျနော်တို့ ပြောတဲ့အတွက် တခါတည်း သူတို့ ပြန်လွတ်ပေးလိုက်ပါတယ်ဗျ။ ရိုက်တာ နှက်တာ တော့ အားလုံးနီးပါးပါပဲ။ အားလုံး ထိခိုက် ဒဏ်ရာ ရတာပဲ။ ဒါပေမယ့် ဆေးရုံ ဆေးခန်းသွားရ လောက် တဲ့ အခြေအနေမျိုးတော့ မဖြစ်ပါဘူး”ဟု ၎င်းကပြောသည်။

ဆန္ဒပြသည့် စစ်ကြောင်း ၃ ကြောင်းမှာ ရှားတော လမ်းဘက်မှ လွိုင်ကော်မြို့ အတွင်းရှိ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တု ထားမည့် နေရာသို့ တကြောင်း၊ ဒီမော့ဆိုဘက်မှ တကြောင်းနှင့် ဖယ်ခုံဘက်မှ တကြောင်းထွက်ခွာခဲ့ကြပြီး ဗိုလ်ချုပ် ကြေးရုပ် တု ထားမည့်နေရာတွင် စုဆုံကြရန် စီစဉ်ခဲ့ကြခြင်း ဖြစ်သည်။

ဆန္ဒထုတ်ဖော်ခြင်း၊ ဗိုလ်ချုပ် ကြေးရုပ် ထားရှိမည့် အခြေအနေများနှင့် ပတ်သက်ပြီး ဧရာဝတီ သတင်းဌာနက ကယား ပြည်နယ် ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုကို ဆက်သွယ် မေးမြန်းရာ ဖုန်းလက်ခံ ဖြေကြားခြင်း မရှိပါ။

သို့သော် ကယားပြည်နယ် ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက အများပြည်သူ ဆန္ဒသဘောထားအရ ဗိုလ်ချုပ် ကြေးရုပ်တု ကို ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ၂၀၁၈ ခုနှစ်၊ ဇွန် ၁၉ ရက်က ဧရာဝတီသို့ ပြောထားသည်။

ဗိုလ်ချုပ် ကြေးရုပ်တုကို ကယားပြည်နယ် အစိုးရအဖွဲ့က ဦးဆောင်၍ ကျပ်သိန်းပေါင်း ၈၀၀ အကုန်အကျခံ၍ တည်ဆောက် လျက်ရှိရာ လက်ရှိ ၅၀ ရာခိုင်နှုန်းကျော် ပြီးစီးပြီ ဖြစ်ကြောင်း သိရသည်။

ထို ကြေးရုပ်တုကို လွိုင်ကော်မြို့ရှိ ကန္တာဟေဝန် ပန်းခြံထဲ၌ ဇူလိုင်လ ၁၉ ရက် အာဇာနည်နေ့ အမီ စိုက်ထူသွားရန် ပြင်ဆင် ထားကြောင်း ကယားပြည်နယ် အစိုးရ အဖွဲ့က ဧရာဝတီသို့ ဇွန်လအတွင်း၌ ပြောသည်။

ယင်းသို့ ဗိုလ်ချုပ်ကြေးရုပ်တု ကရင်နီလူမှုရေး အဖွဲ့ ၇ ဖွဲ့က ၂၀၁၈ ခုနှစ်၊ ဇွန် ၁၈ ရက်၌ ကန့်ကွက်ကြောင်း ထုတ်ပြန် ကြေညာထားသည်။

အဆိုပါ ရုပ်တု ထားရှိမည်ကို ကန့်ကွက်ရသည့် အကြောင်းရင်းများ၌ ပြည်နယ်အတွင်းရှိ အထင်ကရ ခေါင်းဆောင်များ အမှတ်အသားများကို အရင်ဆုံး မလုပ်ဆောင်ရသေးခြင်း၊ အများပိုင်နေရာတွင် ထားရှိမည် ဖြစ်သဖြင့် လူထု သဘောထား တောင်းခံမှုများ မလုပ်ဆောင်ခြင်း တို့ကြောင့်လည်း ပါဝင်သည်ဟု UKSY က သိရသည်။

ဗိုလ်ချုပ်ကြေးရုပ် ထားရှိမည့် အခြေအနေနှင့် ပတ်သက်၍ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ(KNPP)မှ ကိုယ်စားလှယ် အဖွဲ့နှင့် ကယားပြည်နယ် အစိုးရအဖွဲ့ ကိုယ်စားလှယ်တို့ ၂၀၁၈ ခုနှစ်၊ ဇွန် ၂၉ ရက်က တွေ့ဆုံစဉ် ဆွေးနွေးမှုများ ရှိကြောင်း KNPP ဘက်က ပြောဆိုသည်။

KNPP မှ လွိုင်ကော် ဆက်ဆံရေးရုံး တာဝန်ခံ ခူညေးရယ်က “ဗိုလ်ချုပ်ကြေးရုပ်ကတော့ ကျနော်တို့က သဘောထားက လူထု သဘောထား အပေါ် မူတည်တယ်။ လူထုက ထောက်ခံရင် ထောက်ခံတယ်။ လူထုက ကန့်ကွက်တယ် ဆိုရင် ကျနော်တို့လည်း ကန့်ကွက်တယ်လို့ ကျနော်တို့ သဘောထားကို ပြောလိုက်တယ်။ သူတို့ ( ပြည်နယ် အစိုးရ) ပြောတာတော့ အများစုရဲ့ ဆန္ဒပါပဲ” ဟု ဧရာဝတီသို့ ပြောသည်။

တိုင်းနှင့် ပြည်နယ်များ၌ ဗိုလ်ချုပ် အောင်ဆန်း ပုံတူရုပ်တု စိုက်ထူခြင်း၊ စိုက်ထူရန် စီစဉ်ခြင်းများ ရှိနေပြီး ယခု ကယား ပြည်နယ်ကဲ့သို့ပင် ချင်းနှင့် မွန် ပြည်နယ်တို့၌လည်း ကန့်ကွက်မှုများ ရှိခဲ့ကြောင်း သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading