သတင်း

ကမ္ဘာပေါ်တွင် ခဲရာခဲဆစ် ကယ်တင်ခဲ့ရသော သေကံမရောက် အသက်မပျောက်ဖြစ်စဉ်များ

Want create site? Find Free WordPress Themes and plugins.

ထိုင်းနိုင်ငံ မြောက်ပိုင်း မယ်ဆိုင်မြို့နယ်ရှိ ထမ်လုံနမ့်နွန့်ဂူအတွင်း ပိတ်မိနေသည့် ကလေးငယ်များ အား ကယ်ထုတ်နိုင်ရေး မှာ ရာသီဥတုအခြေအနေ၊ ဂူအတွင်းရှိ အတားအဆီးအခက်အခဲများကြောင့် အများမျှော်လင့်သလို မြေပြင်ပေါ်သို့ ချက်ချင်း ကယ်ထုတ်၍ မရသေးကြောင်း သိရသည်။

အဘယ်ကြောင့်ဆိုသော် လိုဏ်ခေါင်း၏ အတွင်းတွင် ရေပြင်မှာ လည်ပင်းအထိ မြုပ်နေပြီး၊ ကူးခတ်ရ မည့်အချိန်မှာလည်း ကြာမြင့်ကြောင်း၊ ၁၀ကီလိုမီတာအတွင်း တချို့နေရာများတွင် ရေများဖုံးလွှမ်း နေပြီး၊ မုတ်သုံရာသီ ရေဝင်နေကျဖြစ်သည့် အတိုင်း အောက်တိုဘာလအထိ ရေမှာ ဆက်ရှိနေမည်ဟု ခန့်မှန်းကြသည်။

သို့တိုင်အောင် ရေငုပ်အဖွဲ့များက အစာရေစာများ ယူဆောင်ပြီး ပေးပို့နေရသလို၊ ဆရာဝန်များဖြင့် လည်း ကျန်းမာရေးစောင့် ရှောက်မှုကို ပေးလျှက်ရှိသည်ဟု သိရသည်။

အလားတူ ကမ္ဘာတွင်လည်း မြေအောက်၌ အချိန်ကြာမြင့်စွာ ပိတ်မိခဲ့သော သတ္တုတွင်းလုပ်သားများ၊ ရေအောက်တွင် ပိတ်နေသည့် သင်္ဘောသားများအထိ အကျပ်အတည်းများကို ကျော်လွှားကာ ခက်ခဲစွာ ကယ်ထုတ်ခဲ့ရသည့် ဖြစ်စဉ်များ လည်း ရှိခဲ့ပါသည်။

၁၉၉၉ ခုနှစ် နိုဝင်ဘာလ ၂၂ရက်နေ့က ပြင်သစ်နိုင်ငံအနောက်တောင်ပိုင်း ဂရာမတ်ရှိ ဥမင်လိုဏ်ခေါင်း စနစ်တခု အတွင်း ၁၀ ရက်ကြာ ပိတ်မိနေသူ ၇ ဦးထံ ကယ်ဆယ်ရေးသမားများ ရောက်ရှိခဲ့ကြသည်။

ယင်းလိုဏ်ခေါင်းစနစ်အတွင်း ပိတ်မိနေသူ အမျိုးသားအားလုံးမှာ အတွေ့အကြုံရှိသော်လည်း ပြင်း ထန်သောမုန်တိုင်း ကြောင့် ရေကြီးခြင်းဖြစ်ပေါ်ကာ လိုဏ်ခေါင်းများအတွင်း အဆိုပါအမျိုးသား ၇ ဦး ပိတ်မိသွားခဲ့ခြင်းဖြစ်သည်။

ပြင်သစ်အစိုးရက မကြုံစဖူးဖြစ်စဉ်အတွက် ကယ်ဆယ်ရေးအဖွဲ့ အရေးပေါ်ဖွဲ့ ပေးခဲ့ရပြီး အဆိုပါလူ ၇ ဦး ကယ် ထုတ်နိုင် ရန်အတွက် ကျောက်တုံး ကျောက်သားများကို ကျွမ်းကျင်သူများက သံမဏိတွင်း တူး စက်ကြီးများဖြင့် တူးထုတ် ဖယ်ရှားခဲ့ ရာ နောက်ဆုံး မြေအောက်ရေစီးကြောင်းထဲမှ ပြန်ထွက်လာ နိုင်အောင် ဆောင်ရွက်ခဲ့သည်။

၂၀၁၀ ခုနှစ်က ဖြစ်ပွားသည့် ချီလီနိုင်ငံမှ မိုင်းတွင်းပြိုကျမှုတွင် ပိတ်မှုနေသူများကို ကယ်ဆယ်ရေးဆောင်ရွက်နေစဉ်(AFP)

၎င်းတို့ ကယ်ထုတ်ခဲ့ပြီးနောက် အစာရေစာများ ဂရုတစိုက် ကျွေးမွေးပြုစုရပြီး နှစ်ရက်ကြာ ရေနှင့် အလင်းရောင်၊ ဓာတ်ငွေ့ များဖြင့် လုံလုံလောက်လောက် ကုသပေးရသည်။

အလားတူ ၂၀၀၅ ခုနှစ်ကလည်း ရုရှားနိုင်ငံ ကမ်ချက်ကာ ကျွန်းဆွယ်ဒေသတွင် သင်္ဘောသား ၇ ဦးပါ Priz အမည်ရှိ ရေငုပ်သင်္ဘောငယ်တစင်း ရေအောက်တွင် ၃ ရက်ကြာ ပိတ်မိနေခဲ့ပြီးနောက် ကယ် ဆယ်ရေးဆောင်ရွက်ခဲ့ရကာ ရေပေါ်သို့ အောင်မြင်စွာ ပြန်တက်လာနိုင်ခဲ့သည်။

အဆိုပါရေငုပ်သင်္ဘောသည် ရေအောက်ရှိ အခြားအရာဝတ္ထုအပျက်အစီးများနှင့် ငြိနေခဲ့ရာ သမုဒ္ဒရာရေ မျက်နှာပြင် အောက် ၁၉၀ မီတာ(၆၂၅ ပေ) ဝန်းကျင်မှ ဆက်လက်မောင်းနှင်၍ မရဘဲ ပိတ်မိနေ ခဲ့ခြင်းဖြစ်သည်။

သို့သော် အဆိုပါ ပရိုက်ရေငုပ်သင်္ဘောမှာမူ ဗြိတိသျှ ပင်လယ်အောက်ငုပ်သည့် စက်ရုပ်က ငြိတွယ်နေ သည့်အပျက်အစီးကို ဖယ်ရှားရှင်းလင်းနိုင်ခဲ့၍ သင်္ဘောသားအားလုံး အသက်ချမ်းသာရာ ရခဲ့သည်။ ကယ်ဆယ်နိုင်ခဲ့သည် ဗြိတိသျှအဖွဲ့ကို ရုရှား သမ္မတ ဗလာဒီမာပူတင်က ဆုတံဆိပ် ပေးအပ် ချီးမြှင် ခဲ့ပြီး နောက်နောင် ရေအောက်ကယ်ဆယ်ရေးလုပ်နိုင်ရန် ရေငုပ်စက်ရုပ်များဝယ်ယူသွား မည်ဖြစ် ကြောင်း ကြေညာခဲ့သည်။

ယင်းဖြစ်စဉ်ကို ယခင် ၅ နှစ်ကျော်ကာလ ရုရှားတို့၏ ကာ့ဒ်ရေငုပ်သင်္ဘောမတော်တဆမှုနှင့် နှိုင်းယှဉ် ပြောဆိုကြပြီး၊ ကာ့ဒ်ရေငုပ်သင်္ဘောဖြစ်စဉ်တွင် သင်္ဘောသား ၁၁၈ ဦး ဝမ်းနည်းဖွယ်ရာ သေဆုံး ခဲ့ရသည်။

၂၀၁၀ ပြည့်နှစ်ကလည်း ချီလီနိုင်ငံ မီတာ ၆၀၀ အနက်ရှိသည့် မြေအောက်မိုင်းတွင်းပြိုကျခဲ့ရာ လူ ၃၃ ဦး ပိတ်မိနေခဲ့ သည့်ဖြစ်စဉ်ကို နိုင်ငံတကာမီဒီယာများက ထိပ်တန်းသတင်းခေါင်းစဉ်အဖြစ် ဖော်ပြ ခဲ့ကြသည်။

၁၇ ရက်ကြာမြင့်ခဲ့ပြီးမှ ကျဉ်းမြောင်းလှသော တွင်းပေါက်ထဲသို့ စမ်းသပ်ကိရိယာကြိုးကို ချပေးပြီး နောက် ပိတ်မိနေသူ များမှာ သေကံမရောက် သက်မပျောက်ဖြစ်ခဲ့ရသည်။

၂၀၁၀ ခုနှစ်က ဖြစ်ပွားသည့် ချီလီနိုင်ငံမှ မိုင်းတွင်းပြိုကျမှုတွင် ပိတ်မှုနေသူများကို ကယ်ဆယ်ရေးဆောင်ရွက်နေစဉ်(AFP)

ပိတ်မိနေသူများမှာ တူနာငါးသေတ္တာ ၁၅ ဗူးဖြင့်သာ အသက်ဆက်နေခဲ့ရကြောင်း အသက်ရှင်ကျန်ရစ် သူ ဖရန်ကလင်းလို ဘို့စ်က ပြောပြသည်။

“ကျနော်တို့ တရက်(၂၄ နာရီ)မှာ ငါးသေတ္တာတဇွန်းပဲ စားခဲ့ပါတယ်။ နောက်တော့ ၂ရက်(၄၈ နာရီ) ကို တဇွန်းပဲ စားရ တော့တယ်။ နောက်ဆုံးမှာတော့ ၃ရက်အကြာ(၇၂ နာရီ)မှာ တဇွန်းစီပဲ စားရပါ တော့တယ်။ ကြောက်စရာကောင်း လိုက်တာဗျာ” ဟု ဆိုသည်။

ပိတ်မိနေသူများ တည်ရှိရာနေရာနှင့်ရိက္ခာများ ပို့ပေးနိုင်လင့်ကစား ကယ်ဆယ်ရေးသမားက ရက် သတ္တပတ်အတန်ကြာ အချိန်ယူပြီးမှ မြေပြင်ပေါ်သို့ အောင်မြင်စွာ ပြန်လည်ကယ်ထုတ်နိုင်ခဲ့သည်။ သူတို့အားလုံး ရက်ပေါင်း ၇၀ နီးပါးမျှ အတိ ဒုက္ခရောက်နေခဲ့ရသည်။

တောင်အမေရိက နိုင်ငံတနိုင်ငံဖြစ်သည့် ပီရူးနိုင်ငံတွင်လည်း သားအဖနှစ်ယောက်အပါအဝင် သတ္တု တွင်းလုပ်သား ၉ ဦး သည် ၂၀၁၂ ခုနှစ်၊ ဧပြီလ ၇ ရက်က နိုင်ငံတောင်ဘက်ရှိ ဥမင်လိုဏ်တခုအတွင်း ၇ ရက်ကြာ မြေအောက်၌ ပိတ်မိ နေခဲ့သည်။

နေရောင်နှင့် မထိတွေ့ရခဲ့သဖြင့် မျက်မှန်အနက်များတပ်ဆင်လျက် စောင်များဖြင့်ထုပ်ပိုးကာ ကယ် ဆယ်ရေးသမားများက ကယ်ထုတ်ခဲ့ရသည်။

အဆိုပါတရားမဝင်သတ္တုတွင်း၌ နောက်ထပ်မြေပြိုမှုများဖြစ်သဖြင့် ကယ်ဆယ်ရေးသမားများက မြေစိုင်ခဲများ၊ ကျောက်တုံး များ တူးဖော်ရှင်းလင်းနေရ၍ ကယ်ဆယ်ရေးလုပ်ငန်းမှာ နှောင့်နှေးခဲ့ရ သည်။

“ဒီအချိန်လေးဟာ ဘဝတဖန်မွေးဖွားလိုက်သလိုပါပဲ” ဟု မိသားစုနှင့်ပြန်ဆုံချိန်၌ သေတွင်းထဲမှ လွတ်မြောက်သူတဦးက မျက်ရည်ဝဲရင်း ပြောပြသည်။

မြေအောက်တွင် ၂၅၀ မီတာ(ပေ ၈၀၀)အကျယ်ရှိ တွင်းထဲ၌ ပိတ်မိနေသူများ ပြွတ်သိပ်နေခဲ့ရပြီး ရယ်စရာမောစရာ ပြောရင်း၊ ကိုယ်လက်လေ့ကျင့်ခန်းလုပ်ရင်း အချိန်ကုန်လွန်စေခဲ့ရသည်။

၂၀၁၄ ခုနှစ်ကမူ ဂျာမနီနိုင်ငံ အန်တာစဘတ်တွင် ဦးခေါင်းဒဏ်ရာပြင်းထန်စွာရ၍ ဂျာမန် ဥမင်လိုဏ် စနစ်တခု၏ နက်ရှိုင်း သည့်နေရာ၌ ပိတ်မိနေခဲ့သော ဂျိုးဟန်ဝဲသာယူဇာဆိုသူကို အရေးပေါ် ကယ်ဆယ်ရေးသမား ၇၀၀ ကျော်က ကယ်ထုတ်ခဲ့ ရဖူးသည်။

အသက် ၅၂ အရွယ်ရှိ ဝဲသာယူဇာသည် အခြားသူနှစ်ဦးနှင့်အတူ ရှိနေစဉ် ကျောက်ခဲပြုတ်ကျ၍ ဦးခေါင်းဒဏ်ရာရခဲပြီး သူနှင့်အတူ ရှိနေသူတဦးက မြေမျက်နှာပြင်ပေါ် ပြန်တက်၍ အရေးပေါ် ဥသြဆွဲခဲ့ပြီး ကျန်သူတဦးက ဝက်သာယူဇာ ဘေးတွင် စောင့်ရှောက်ပေးခဲ့သည်။

သူ ရရှိသောဒဏ်ရာကြောင့် မူလနေရာမှ ရွေ့ပြောင်းရန်မဖြစ်နိုင်သဖြင့် နိုင်ငံ ၅ နိုင်ငံမှ ကယ်ဆယ် ရေးသမားများနှင့် ဆေး အဖွဲ့တို့က မြေအောက် မီတာ ၁၀၀၀ အနက်သို့လိုက်၍ ကယ်ဆယ်ကု သခဲ့ရသည်။

၎င်းအားကယ်ဆယ်သူများမှာ အန္တရာယ်များပြားလှသော အခြေအနေများနှင့်ရင်ဆိုင်ခဲ့ရပြီး အေးခဲလု နီးနီး အခြေအနေ အောက်တွင် လိုဏ်ခေါင်း၊ မြေအောက်အခန်းများစွာကျော်လွှားခဲ့ရသည်။ မြေအောက်ရှိ ရေကန်များနှင့် ရေခဲတမျှ အေးစက်နေသော ရေစီးကြောင်းများကို ဖြတ်သန်းခဲ့ရသည်။

နောက်ဆုံးတွင် မြေအောက်လိုဏ်ခေါင်း၌ သူ့ကို ၁၁ ရက်ကြာ ကုသပြီးနောက် ထမ်းစင်ဖြင့် ထမ်း ထုတ်နိုင်ခဲ့သည်။ သူ့ကို ကယ်ဆယ်ရေးဆောင်ရွက်ခဲ့သည့် အာဏာပိုင်များက မဖြစ်နိုင်ဟုပင် ယူဆခဲ့ကြသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading