သတင်း

မိုင်းဖုန်းဆရာတော်ကို ထိုင်းတွေ ချီးမွမ်း ဂုဏ်တင်နေကြ

Want create site? Find Free WordPress Themes and plugins.

ထိုင်းနိုင်ငံ မြောက်ပိုင်းရှိ ရေလွှမ်းမိုးနေသော လိုဏ်ဂူတခုအတွင်းတွင် ပျောက်ဆုံးသွားခဲ့သည့် ကလေးဘောလုံးအသင်းနှင့် ၎င်းတို့၏ နည်းပြတို့ ရှိသည့်နေရာကို ဇူလိုင်လ ၂ ရက်နေ့ညက အောင်မြင်စွာ တွေ့ရှိခဲ့ပြီးသည့်နောက် သူတို့ကို အသက် ရှင်လျှက်နှင့် ပြန်လည်တွေ့ရှိမည် ဖြစ်ကြောင်း ကြိုတင်ပြောဆိုခဲ့သော မိုင်းဖုန်း ဆရာတော်ကို ထိုင်းများက ချီးမွမ်း ဂုဏ်တင်နေကြသည်။

ဖရာခူဝဘွန်ချွန်းဟု ထိုင်းများက ကြည်ညိုကြသော မိုင်းဖုန်းဆရာတော်သည် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မြန်မာနိုင်ငံမှ ထင်ရှားသော ခေါင်းဆောင် အများအပြားနှင့် သိကျွမ်းသူလည်း ဖြစ်သည်။

ပြီးခဲ့သည့် အပတ်အတွင်းက တာချီလိတ် တဘက်ကမ်း ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းရိုင်ခရိုင်မှ ထမ်လွန်း လိုဏ်ဂူသို့ မိုင်းဖုန်းဆရာတော် သွားရောက်ခဲ့သည့် အချိန်တွင် ဘောလုံးသမား ကလေးငယ် ၁၂ ဦး နှင့် သူတို့၏ နည်းပြတို့ ဂူ အတွင်းတွင် ပိတ်မိနေသည်မှာ ရက်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

ဇွန်လ ၂၉ ရက်နေ့က မိုးရွာနေသည့်ကြားတွင် သက်တော် ၅၄ နှစ် အရွယ် ဆရာတော်က ဘာသာရေးဆိုင်ရာ အစဉ်အလာ များကို ဆောင်ရွက်ခဲ့ပြီး ပျောက်ဆုံးနေသည့် ကလေးများနှင့် သူတို့၏ နည်းပြဘေးအန္တရာယ် ကင်းရှင်းရေးအတွက်သာမက ဂူမှ ဝိဉာဉ်များအတွက်လည်း ဆုတောင်းပေးခဲ့သည်။ ပြန်လည် ထွက်ခွာသည့် အချိန်တွင် ဆရာတော်က ထိုင်း ဂျာနယ်လစ်များကို “သူတို့ အဲဒီမှာ ရှိနေတုန်းပဲ။ သူတို့ကို တရက် နှစ်ရက် အတွင်း ပြန်တွေ့လိမ့်မယ်” ဟု ပြောဆိုခဲ့ကြောင်း ထိုင်း မီဒီယာများ၏ အဆိုအရ သိရသည်။

ထိုဒေသအတွင်း ရက်ပေါင်းများစွာ ရွာသွန်းနေခဲ့သည့် မိုးက နောက်တနေ့တွင် ရပ်တန့်သွားခဲ့ပြီး ပျောက်ဆုံးနေသည့် အဖွဲ့ကို ရှာဖွေတွေ့ရှိခဲ့သည့် ဇူလိုင်လ ၂ ရက်နေ့ အထိ ပြတ်တောင်းပြတ်တောင်းသာ ရွာသွန်းတော့သည်။ ဆရာတော်က ကြားဝင်၍ မိုးကို ရပ်တန့်စေခဲ့ခြင်း ဖြစ်သည်ဟု ထိုင်းနိုင်ငံသား အများစုက ယုံကြည်ကြသည်။

မိုင်းဖုန်းဆရာတော်က ဇွန်လ ၃၀ ရက်နေ့တွင်လည်း လိုဏ်ဂူသို့ နောက်တကြိမ် ရောက်ရှိလာခဲ့ပြီး ဆုတောင်းမှုများ ထပ်မံ ပြုလုပ်ပေးခဲ့သည်။ ပိတ်မိနေသည့် ဘောလုံးသမား ကလေးငယ်များနှင့် ပတ်သက်၍ မေးမြန်းသည့် အခါ သူ၏ ခန့်မှန်း ချက် အတိုင်းပင် ဆက်လက်ရပ်တည်ခဲ့သည်။

ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများကို တပတ် ကျော် ကြာဆောင်ရွက်နေသည့် ထိုင်း ကယ်ဆယ်ရေး အဖွဲ့နှင့် အတူ အလုပ်လုပ်နေသည့် ဗြိတိန်နိုင်ငံသား လိုဏ်ဂူ တွင်း ရေငုပ် ကျွမ်းကျင်သူ ၂ ဦးက ဇူလိုင်လ ၂ ရက်နေ့ညတွင် ပျောက် ဆုံးနေသည့် ကလေးငယ်များ ကို တွေ့ရှိခဲ့ရသည်။ နောက်ပိုင်းတွင် ကမ္ဘာတလွှား၌ သတင်းဖော်ပြခဲ့ကြသော တွေ့ရှိမှု သတင်းများတွင် ထိုင်းအစိုးရက ပျောက်ဆုံးနေသူ ၁၃ ဦးလုံးကို အသက်ရှင်လျှက် တွေ့ရှိရကြောင်း နှင့် မိုင်းဖုန်း ဆရာတော်၏ ပြောဆိုမှုမှန်ကန်ကြောင်း ကြေညာခဲ့သည်။

“ကျနော် တကယ့်ကို အံ့သြခဲ့ရပါတယ်။ ဆရာတော်ပြောတဲ့ အတိုင်း ဖြစ်သွားခဲ့ပါတယ်” ဟု ထိုင်းလူမျိုး စေတနာ့ဝန်ထမ်း ကယ်ဆယ်ရေး သမားတဦးက ဂူအပြင်ဖက်တွင် ဇူလိုင်လ ၂ ရက်နေ့ညက ပြောခဲ့သည်။

ဆရာတော် ရောက်ရှိလာပြီး ဆုတောင်းပေးခဲ့ပြီးနောက် မိုးရပ်တန့်သွားခဲ့သည်ဟု သူက ပြောသည်။ မိုးရွာသွန်းမှု ရပ်တန့် သွားခြင်းက ကယ်ဆယ်ရေး လုပ်ငန်းကို အလွန်ပင် အထောက်အကူပြုခဲ့သည်ဟု သူက ထပ်ပြောသည်။

“မိုးရပ်သွားတဲ့ အတွက် ဂူထဲက ရေတွေကို စုပ်ထုတ်ပစ်ဖို့ အများကြီးပိုပြီး လွယ်ကူသွားပါတယ်။ အစောပိုင်းက ဆိုရင် မိုးက ကျနော်တို့ကို တကယ်ကို အခက်အခဲဖြစ်စေပါတယ်။ ဂူထဲမှာ ရေလွှမ်းပြီးတော့ ရေ ငုတ်သမားတွေ ပြန်လှည့်လာ ခဲ့ရတယ်” ဟု သူက ဧရာဝတီသို့ ပြောသည်။

ထိုနေရာတွင် ရောက်ရှိနေသော အမျိုးသမီးတဦးက ယခု ဖြစ်ရပ်ကြောင့် သံဃာတော်များ အပေါ်သူ၏ ယုံကြည်မှုကို ပိုတိုး စေခဲ့ကြောင်း ဧရာဝတီသို့ ပြောသည်။

“လူတွေ ဒုက္ခတွေ့တဲ့ အခါတိုင်း သူ(မိုင်းဖုန်းဆရာတော်) က သူတို့ကို ကူညီဖို့ အမြဲတမ်း ပေါ်လာတယ်လို့ ကျမ ကြားခဲ့ဖူး ပါတယ်။ ကလေးတွေ အတွက် ကျမ အရမ်းပျော်ပါတယ်။ ဒါကြောင့် ကျမငိုတာပါ” ဟု သူက ပြောသည်။

ထိုင်းနိုင်ငံ၊ ဘူတန် နှင့် မြန်မာနိုင်ငံ ရှမ်းပြည်နယ်မှ ဂူများတွင် ဧကစာကျင့်သုံး၍ ကာလရှည်ကြာစွာ တရားကျင့်ကြံခြင်း ကြောင့် လူသိများပြီး ရာသက်ပန် အသက်လွတ်စားသုံးသူ ဖြစ်သည့် ဆရာတော်ကို သူ အသက် ၁၆ နှစ် အရွယ်ကတည်းက တောမှီ၍ တရားအားထုတ်ခဲ့သော ရှမ်းပြည်နယ် အရှေ့ပိုင်းမှ မိုင်းဖုန်းရွာအား အစွဲပြု ခေါ်ဝေါ်နေကြသည်။ ကိုယ်ကျင့်တရားနှင့် ပြည့်စုံမှုကြောင့် မိုင်းဖုန်းဆရာတော်ကို မြန်မာ၊ ထိုင်းနှင့် လာအိုတို့တွင် လေးစားကြည်ညိုသူ အများအပြားရှိနေသည်။ သစ်သီးများနှင့် ဘီစကွတ်မုန့်များကိုသာ ဘုန်းပေး၍ မည်သို့သော ရာသီဥတုတွင် ဖြစ်စေ ခြေဗလာသက်သက်ဖြင့်သာ လမ်းလျှောက်လေ့ရှိသည်။ သူ့ကို ကိုးကွယ် ယုံကြည်သူအများအပြားက ဆရာတော်တွင် စိတ်တန်ခိုး စွမ်းအင်များရှိသည်ဟု ယုံကြည်ထားကြသည်။

ဧကစာကျင့်သုံးခြင်း နှင့် ဝစီပိတ် ကျင့်ကြံခြင်းတို့ အပြင် မိုင်းဖုန်းဆရာတော်သည် သူ၏ သဒ္ဒါတရား ရက်ရောမှုကြောင့်လည်း လူသိများသည်။ သူ့ကို လှူဒါန်းသည့် အရာတိုင်းကို အခြားသူများသို့ ပြန်လည် လှူဒါန်းလေ့ရှိသည်။ ဆရာတော်ကို ကိုးကွယ်သူများထဲတွင် မြန်မာနိုင်ငံ၏ စစ်ထောက်လှမ်းရေး အကြီးအကဲဟောင်း ဗိုလ် ချုပ်ကြီး ခင်ညွှန့်လည်း အပါအဝင် ဖြစ်သည်။ ရာထူးမှ ဖြုတ်ချခြင်း မခံရမီက ဗိုလ်ချုပ်ကြီး ခင်ညွှန့်က မိုင်းဖုန်း ဆရာ တော်ကို ငွေကြေး အမြောက်အများ လှူဒါန်းလေ့ ရှိခဲ့သော်လည်း ဆရာတော်က ထိုအလှူငွေ အားလုံးကို တပည့်တကာ များသို့ အလွယ်တကူပင် စွန့်ကျဲ ပစ်ခဲ့သည်။

သို့သော်လည်း မြန်မာနိုင်ငံတွင် ရှိသူတိုင်းက ဆရာတော်ကို ထိုသို့ ကြည်ညိုလေးစားခဲ့သည် မဟုတ်ပါ။ ယခင်စစ်အစိုးရက ဆရာတော်ကို ပြည်ထောင်စုမှ ခွဲထွက်ရန် ကြိုးစားသည့် ရှမ်းတိုင်းရင်းသား ခေါင်းဆောင်များကို ကူညီနေသည်ဟု ၂၀၀၄ ခု နှစ်က စွပ်စွဲခဲ့ပြီး ဖမ်းဆီးရန် ကြိုးစားခဲ့သည်။ ဆရာတော်ကို လေးစားကြည်ညိုသူများ၏ သတိပေးမှုကြောင့် ဖမ်းဆီးခံရ ခြင်းမှ လွတ်မြောက်ခဲ့ပြီး ထိုင်းနိုင်ငံတွင် ၂၀၁၃ ခုနှစ် အထိ နေထိုင်ခဲ့ရသည်။ ၂၀၁၃ ခုနှစ်တွင်မှ မြန်မာနိုင်ငံသို့ ပြန်သွား ခွင့် ရရှိခဲ့သည်။

နာမကျန်းဖြစ်နေသည့် ယခင် စစ်အစိုးရ ဒုတိယ ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေးက ဆရာတော်ကို မကြာသေးမီက သွားရောက်ဖူးတွေ့ခဲ့သည်။

ပြီးခဲ့သည့် နှစ် အတွင်းက နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကလည်း မိုင်းဖုန်းဆရာတော်ကို နေပြည်တော်သို့ ကြွရောက်ခဲ့သည့် ခရီးစဉ်တွင် သွားရောက် ဖူးမျှော်ခဲ့သည်။

(အင်္ဂလိပ်ဘာသာဖြင့် Monk Who Predicted Thai Cave Rescue Hailed for ‘Intervention’ တွင် ဖတ်ရှုပါ။)

Did you find apk for android? You can find new Free Android Games and apps.
Loading