သတင်း

မြောက်ဦး အဓိကရုဏ်း စုံစမ်းမှု ၇၅ ရာခိုင်နှုန်းပြီးစီး

Want create site? Find Free WordPress Themes and plugins.

ရခိုင်ပြည်နယ် မြောက်ဦး အဓိကရုဏ်း ဖြစ်စဉ်နှင့်ပတ်သက်ပြီး လွှတ်တော်ကဖွဲ့စည်းထားသည့် စုံစမ်းလေ့ လာရေးကော်မတီ၏ စုံစမ်း လေ့လာမှုများမှာ ၇၅ ရာခိုင်နှုန်းအထိ ပြီးစီးသွားပြီ ဖြစ်ကြောင်း ကော်မတီအတွင်းရေးမှူး ဖြစ်သူ မြောက်ဦး ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က ပြောသည်။

ဦးထွန်းသာစိန်က “ ကျနော်တို့ ကော်မတီရဲ့ စုံစမ်းမှုတွေ တချို့တဝက် ပြီးစီးပါပြီ ၊ ရာခိုင်နှုန်း အားဖြင့်တော့ ၇၅ ရာခိုင်နှုန်း ပြီးစီးလို့ ပြောလို့ရတယ် ။ နောက်ထပ် ခေါ်ယူမယ့် အဋ္ဌမအကြိမ် ပုံမှန်အစည်းအဝေးမှာ အစီရင်ခံစာကို တင်သွားဖို့ ရှိပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။

ယင်းသို့ မြောက်ဦးဖြစ်စဉ်အပေါ် စုံစမ်းလေ့လာရာတွင် သေဆုံး သွားသည့် မိသားစုဝင်များနှင့်တွေ့ဆုံမှုများ ပြုလုပ်နိုင်ခဲ့သော်လည်း သက်ဆိုင်ရာဌာန ဆိုင်ရာများ နှင့်တွေ့ဆုံမှု မပြုလုပ်ရသေးကြောင်း၊ သို့သော် လည်း ကော်မတီ၏ အပြီးသတ်အစီရင်ခံ စာကို အဋ္ဌမ အကြိမ်မြောက် ကျင်းပမည့် ရခိုင်ပြည်နယ် လွှတ် တော် ပုံမှန် အစည်းအဝေးတွင် တင်သွင်းရန် စီစဉ် ထား ကြောင်းလည်း သိရသည်။

မြောက်ဦး အဓိကရုဏ်းတွင် သေနတ်ဒဏ်ရာ ရရှိခဲ့ပြီး လက်ရှိအချိန်တွင် ဖမ်းဆီး တရားစွဲခံနေရသူတဦး၏ ဖခင် ဦးအေးမောင်သိန်းကမူ ဖမ်းဆီး တရား စွဲခံနေရသည့် ယင်းတို့မိသားစုဝင်များထံသို့လည်း ယခုအချိန် ထိ လာရောက်ကွင်းဆင်း စုံစမ်းမှုများ မရှိသေးဟု ဆိုသည်။

အဆိုပါ ကိစ္စကို စုံစမ်းရန်ဟုဆိုကာ ပြီးခဲ့သည့် ဇန်နဝါရီလက တရားဝင် ဖွဲ့စည်းခဲ့သည့် ကော်မတီသည် လုပ်ဆောင်ချက်များ နှေးကွေးနေကြောင်း ဝေဖန်မှုလည်းရှိသည်။

ဦးအေးမောင်သိန်းက “ ပါတီကရော ( ANP ) ၊ လွှတ်တော်က ဖွဲ့စည်းထားတဲ့ အဖွဲ့ရော အခုအချိန်ထိ ဆင်းလာတာမရှိသေးဘူး ။ ဒီအတိုင်းပဲ သွေးအေးအေးနဲ့ နေမှာလား ။ ဒီအရေးက ဘယ်သူ့အရေးလဲ ။ ပြောတော့ အမျိုးသားအရေး ၊ ပြောတာတခြား ၊ လုပ်တာ တခြားစီပဲ ။ ဒီလို မတော်မတရား သတ်ဖြတ်ခံရတာကို လက်ပိုက်ပြီး ကြည့်နေတာတွေက သူတို့အနေနဲ့ ဘယ် လောက်အထိ သိက္ခာကျနေပြီလဲ ဆိုတာ သိဖို့ကောင်းတယ်” ဟု ဧရာဝတီသို့ ပြောသည်။

မြောက်ဦးစုံစမ်းလေ့လာရေးကော်တီမူ ကွင်းမဆင်းရသေးသော်လည်း အလွတ် သဘော မေးမြန်းထားမှုများ ရှိကြောင်း၊ အခြားအကြောင်းကိစ္စများလည်းရှိရာ ထုတ်ဖော်ပြောကြား၍ မရကြောင်း ပြောသည်။

အဓိကရုဏ်းနှင့်ပတ်သက်ပြီး ဖြစ်စဉ် ၊ ဖြစ်ရပ်အပေါ် စုံစမ်း နိုင်ရန်အတွက် ရခိုင်ပြည်နယ်လွှတ်တော်က “မြောက်ဦး မြို့ ဖြစ်စဉ်ကို စုံစမ်းလေ့လာရေး အဖွဲ့ ”ဟုပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ၉ ဦးဖြင့် ဖွဲ့စည်းခဲ့သည်။

မြောက်ဦးမြို့တွင် ရခိုင်နိုင်ငံတော်အချုပ်အခြာအာဏာကျဆုံးခြင်း ဝမ်းနည်းမှု အထိမ်းအမှတ် ပွဲကျင်းခြင်း ပိတ်ပင်ခံရမှုနှင့် ပတ်သက်ပြီး ဖြစ်ပွားခဲ့သော အဓိကရုဏ်းကြောင့် ရခိုင်လူငယ် ၇ ဦးသေဆုံးခဲ့ပြီး ၁၂ ဦးဒဏ်ရာ ရရှိခဲ့ပြီး လက်ရှိအချိန်တွင် ဒဏ်ရာရ လူငယ် ၈ ဦးမှာ အစိုးရ၏ ဖမ်းဆီး တရားစွဲဆိုမှုကို ခံနေရသည်။

ဆက်စပ်ဖတ်ရှုရန်မြောက်ဦး ဖမ်းဆီးခံ ရခိုင်လူငယ် ၈ ဦးအမှု တရားလိုဘက်ကို စတင်စစ်ဆေး
မြောက်ဦး အဓိကရုဏ်း စုံစမ်းရေးအဖွဲ့ဝေဖန်ခံရ
မြောက်ဦးမြို့က လကွယ်ည

Did you find apk for android? You can find new Free Android Games and apps.
Loading