သတင်း

ဘားအံစက်မှုဇုန် မြေဖိုး ကရင်ပြည်နယ် အစိုးရ အကြွေးတင်နေ

Want create site? Find Free WordPress Themes and plugins.

ကရင်ပြည်နယ် ဘားအံစက်မှုဇုန် အတွင်း မြေနေရာယူထားပြီး မြေတန်ဖိုး အကြေ မပေးသွင်းသူများကြောင့် ပြည်နယ် အစိုးရ၌ အကြွေးတင်နေကြောင်း ကရင်ပြည်နယ် လျှပ်စစ်နှင့် စက်မှုဝန်ကြီး ဦးစိုးလှိုင် က ပြောသည်။

ဘားအံစက်မှုဇုန် အတွင်း မြေနေရာယူထားပြီး မြေတန်ဖိုး အကြေ ပေးသွင်းမှု မရှိသည့် အတွက် ကရင်ပြည်နယ် အစိုးရ အနေနှင့် စက်မှုဇုန်ကို တာဝန်ယူ တည်ဆောက်သည့် သံလွင်ဧရာ ကုမ္ပဏီ (Developer) အား အကြွေး ကျပ်သန်း ၄ ထောင်ကျော် ပေးရန် ကျန်ရှိကြောင်း ဝန်ကြီးက ပြောသည်။

လျှပ်စစ်နှင့် စက်မှုဝန်ကြီး ဦးစိုးလှိုင် က “တချို့တွေက မြေနေရာယူထားတယ်။ မြေတန်ဖိုး တဝက်လောက်ပဲ သွင်းပြီး အခုထိ အကြေမသွင်းကြ ဘူး။ အဲဒီငွေတွေ မရသေးတော့ ပြည်နယ်အစိုးရက Developer ကုမ္ပဏီကို အကြွေးတင်နေပြီ” ဟု ပြောသည်။

ဝန်ကြီး ပြောကြားချက် အရ စက်မှုဇုန် စတင်တည်ထောင်စဉ်က ဇုန် ၁ အတွင်း ကုမ္ပဏီကြီးတခုက မြေနေရာ ဧက အများအပြား ယူထားကာ ၎င်းထံမှ မြေဖိုးရရန် ၃ ဘီလီယံခန့်နှင့် အခြားဇုန်တို့မှ မြေဖိုး ၁ ဘီလီယံ တို့ ရရှိပါက အကြွေး ကျေနိုင်မည် ဖြစ်ကြောင်း သိရသည်။

၃ နှစ်အတွင်း စက်မှုဇုန်မြေများ၌ မြေနေရာ ယူထားပြီး လုပ်ငန်းဆောင်ရွက်ခြင်း မရှိသေးပါက လျော်ကြေးမပေးဘဲ မြေပြန်သိမ်းမည်ဟု ၂၀၁၆ ခုနှစ်အတွင်း စက်မှုဝန်ကြီးဌာနက ထုတ်ပြန်ထားသော်လည်း ကရင်ပြည်နယ် အစိုးရ အဖွဲ့ အနေနှင့် ယင်းသို့ လုပ်ဆောင်ရန် အစီအစဉ် မရှိသေးကြောင်းလည်း ဝန်ကြီးက ဆိုသည်။

ဝန်ကြီး ဦးစိုးလှိုင်က “မြေဖိုးငွေ မြန်မြန်သွင်းရင် ဂရန်ထုတ်ပေးမယ် ဆိုပြီး မနည်း စည်းရုံးနေရတယ်။ အကယ်၍ မြေသိမ်းမယ်ဆိုရင်တောင် လျော်ကြေးပေးစရာ အစိုးရမှာ ပိုက်ဆံမရှိဘူး” ဟု ပြောသည်။

ကရင်ပြည်နယ် လျှပ်စစ်နှင့် စက်မှုဝန်ကြီးဌာန လက်အောက်ရှိ စက်မှုကြီးကြပ် ဦးစီးဌာနက ဘားအံ စက်မှုဇုန်အတွင်း မြေနေရာ ယူထားပြီး တန်ဖိုး အကြေပေးသွင်းရန် ကျန်ရှိသူများထံ တန်ဖိုး အလိုက် အရစ်ကျ ပေးသွင်းကြရန် အသိ ပေး သတိပေး နှိုးဆော်စာများ ၃ ကြိမ်တိုင် ပေးပို့ပြီး ဖြစ်ကြောင်း ၎င်းဌာနမှ ညွှန်ကြားရေးမှုး ဦးစိန်လွင် က ဆိုသည်။

ဘားအံ စက်မှုဇုန်တွင် လက်ရှိ လည်ပတ်နေသော စက်ရုံ အရေအတွက် အရ လျှပ်စစ် လုံလောက်မှု ရှိသော်လည်း ရေလိုအပ်ချက်၊ ကျွမ်းကျင် လုပ်သား၊ ကျူးကျော် ပြဿနာများ အပါအဝင် အချို့က မြေနေရာ လက်ဦးမှု ရယူထား သဖြင့် လုပ်ငန်း လိုအပ်ချက် အရ မြေနေရာ တိုးချဲ့လိုသည့် လုပ်ငန်းရှင်များ အတွက် မြေဈေးကြီးမြင့်မှုများ ကြုံ ကြောင်း စက်မှုဇုန်အတွင်း ရင်းနှီးမြှုပ်နှံထားသော လုပ်ငန်းရှင်များ က ပြောသည်။

ဘားအံစက်မှုဇုန်ရှိ ဟံသာကြယ် ပလက်စတစ် စက်ရုံမှ မန်နေဂျာ ကိုမင်းစိုးဇာနည်ထွန်းက “ကျနော်တို့ လုပ်ငန်း စက်ရုံတိုးချဲ့ဖို့ မြေလိုလာတယ်။ ဒါပေမယ့် အစိုးရချတဲ့ ပေါက်ဈေးနဲ့ လက်ရှိ ပေါက်ဈေးက အရမ်းကွာသွားပြီ။ တဆင့်ခံတွေ ဆိုတော့ ဈေးက ပိုများလာတယ်။ အစိုးရအနေနဲ့ မြေဦးထားပြီး တကယ် လုပ်ငန်းမလုပ်တဲ့ သူတွေဆီက မြေပြန်သိမ်းပြီး လုပ်ငန်းလုပ်တဲ့ သူတွေကို ချပေးသင့်တယ်။ ဒါမှ စက်မှုဇုန်လည်း တိုးတက်မှာ” ဟု သုံးသပ် ပြောဆို သည်။

အဆိုပါ စက်မှုဇုန်မှာ ၂၀၁၂ ခုနှစ်က စတင် အကောင်အထည် ဖော်ခြင်းဖြစ်ကာ ဘားအံမြို့နှင့် ၇ မိုင် အကွာ၊ ဘားအံ-လှိုင်းဘွဲ့ ကားလမ်းဘေး၌ တည်ရှိပြီး အကျယ်အဝန်း မြေ ဧက ၁ ထောင်ကျော်တွင် ဇုန် ၄ ခုခွဲခြား သတ်မှတ်ထားကာ စာရင်းများအရ မြေကွက် အလွတ်၂၆၆ ကွက်သာ ကျန်ရှိကြောင်း ပြည်နယ် အစိုးရအဖွဲ့က ပြောသည်။

ယင်းအနက် စက်မှုဇုန်အတွင်း တည်ဆောက်ဆဲ စက်ရုံမှာ ၇ ရုံနှင့် လုပ်ငန်း လည်ပတ်နေပြီ ဖြစ်သော စက်ရုံ အလုပ်ရုံ ပေါင်း ၁၆ ရုံ ရှိပြီး အထည်ချုပ် စက်ရုံ၊ ကာလာ အမိုးပြား စက်ရုံ၊ ကွန်ကရစ်ဓာတ်တိုင် စက်ရုံ၊ ပလက်စတစ် စက်ရုံ၊ ရာဘာ မှိုင်းခံ စက်ရုံ၊ ကျောက်မှုန့်ကြိတ် လုပ်ငန်း တို့ ဖြစ်ကြောင်း သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading