ရန်ကုန်မြို့တော် စည်ပင်သာယာရေးဥပဒေသစ်ကို အတည်ပြုနိုင်ခဲ့ပြီဖြစ်၍ လာမည့် ဒီဇင်ဘာလတွင် ရွေးကောက်ပွဲပြုလုပ် နိုင်မည်ဟု မှန်းထားကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဝင်(၅) ဒေါ်သန်းမြင့်အောင်က ပြောသည်။
ဒေါ်သန်းမြင့်အောင်က “စည်ပင်ဥပဒေ အတည်ပြုပြီးပြီဆိုတော့ ဒီဇင်ဘာလောက်ကို (ရွေးကောက်ပွဲလုပ်နိုင်လိ့မ်မယ်လို့) မှန်းပါတယ်” ဟု ဆိုသည်။
ဆက်လက်၍ ၎င်းက စည်ပင်ရွေးကောက်ပွဲကို နည်းဥပဒေအသစ်ရေးဆွဲပြီးမှ ပြုလုပ်မည်ဆိုလျှင် အချိန်သိပ်ကြာသွားမည် ဖြစ်၍ လက်ရှိအတည်ပြုထားသည့်ဥပဒေ၊ ရှိရင်းစွဲ နည်းဥပဒေများနှင့်အညီ ပြုလုပ်သွားမည်ဖြစ်ကြောင်း ရှင်းပြသည်။
၂၀၁၃ ခုနှစ် ရန်ကုန်မြို့တော် စည်ပင်သာယာရေးဥပဒေကို ပြင်ဆင်သည့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေ ကြမ်းကို ၂၀၁၈ ဖေဖော်ဝါရီ ၂ ရက်က ရန်ကုန်တိုင်းလွှတ်တော်တွင် တင်သွင်းခဲ့ပြီးနောက် ဇွန်လ ၂၇ ရက်တွင် လွှတ်တော် ၌ အတည်ပြုပြဋ္ဌာန်းခဲ့သည်။
ယင်းဥပဒေအသစ်ကို အတည်မပြုနိုင်သေးခင်ကာလအထိ စည်ပင်ကော်မတီဝင်များကို ထပ်မံမရွေးချယ်နိုင်ဘဲ အစိုးရခန့် ကော်မတီဝင်များနှင့်သာ လုပ်ငန်းဆောင်ရွက်နေသည်မှာ ၂ နှစ်ကျော်နေပြီ ဖြစ်သည်။
အတည်ပြုပြဋ္ဌာန်းလိုက်သည့် ဥပဒေသစ်တွင် အခန်း(၄)ပါ ရွေးကောက်တင်မြှောက်ခြင်း၊ အစားထိုးခန့်အပ်ခြင်း၊ တာဝန်မှ ရုပ်သိမ်းခြင်းတို့နှင့်ပတ်သက်၍ အပြောင်းအလဲများ ပြုလုပ်ထားကြောင်း စည်ပင်ဥပဒေ မူကြမ်းရေးဆွဲရေးကော်မတီနှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးဥပဒေ စိစစ်ရေးကော်မတီတွင် ပါဝင်သည့် ဦးလှဌေးက ဧရာဝတီကို ပြောဆိုထားသည်။
ဥပဒေသစ်တွင် ‘ကော်မတီ၏ သက်တမ်းကာလသည် နိုင်ငံတော်သမ္မတ သက်တမ်းနှင့်အညီဖြစ်သည်’ ဟူ၍ ပါရှိသည့် အပြင် အစိုးရသစ်တက်ပြီး ရက်ပေါင်း ၉၀ အတွင်း စည်ပင်ရွေးကောက်ပွဲကို လုပ်ရမည်ဆိုသည့် ပြဋ္ဌာန်းချက်ပါ ထည့်သွင်းထားကြောင်း သိရသည်။
ဦးလှဌေးက “အရင်ဥပဒေက မပါဝင်လာတဲ့အတွက် ၂ နှစ်ကျော်တဲ့အထိ စည်ပင်ရွေးကောက်ပွဲကြီး မလုပ်နိုင်ဘူး။ ဒီဥပဒေ မှာတော့ အစိုးရသစ်တက်ပြီး ရက်ပေါင်း ၉၀ အတွင်း စည်ပင်ရွေးကောက်ပွဲလုပ်ပြီး စည်ပင်ကော်မတီကို ရွေးကိုရွေးရမယ်။ ဒီလိုရွေးချယ်လိုက်တဲ့အခါမှာ ကော်မတီမပေါ်ပေါက်ခင်အချိန်အထိ မူလက သက်တမ်းပြည့်ဝသွားတဲ့ ကော်မတီက ဆက်လက်ပြီး တာဝန်ထမ်းဆောင်ရမယ်” ဟု ရှင်းပြသည်။
တနှစ်ကျော်အချိန်ယူရေးဆွဲခဲ့ပြီး ၂၀၁၈ ဇွန် ၂၈ ရက်တွင် ရန်ကုန်တိုင်းဝန်ကြီးချုပ် လက်မှတ်ရေးထိုး အတည်ပြုနိုင်ခဲ့သော ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေအသစ်တွင် အခန်း ၃၁ ခန်း ပါဝင်ပြီး နောက်ဆက်တွဲဇယား ပြစ်မှုနှင့် ပြစ်ဒဏ် များပါ ထည့်သွင်းရေးဆွဲထားသည်။
ဧရာဝတီသတင်းထောက် သဇင်လှိုင် ပူးပေါင်းရေးသားသည်။