သတင်း

ကလေးသူငယ်အကြမ်းဖက်မှု ထိရောက်သည့် တရားစွဲမှု လိုအပ်ဟု ရှေ့နေချုပ်ပြော

Want create site? Find Free WordPress Themes and plugins.

ကလေး သူငယ်နှင့် အမျိုးသမီးများ အပေါ် အကြမ်းဖက်မှု ပိုမိုမြင့်တက်လာသည်နှင့် အမျှ တရားစွဲဆိုရာတွင်လည်း ထိရောက်သည့် တရားစွဲဆိုမှုများ ပြုလုပ်ရန် လိုအပ်လာပြီ ဖြစ်ကြောင်း ပြည်ထောင်စု ရှေ့နေချုပ် ဦးထွန်းထွန်းဦး က ပြောသည်။

ဇူလိုင် ၅ ရက်၌ နေပြည်တော်ရှိ မင်္ဂလာသီရိ ဟိုတယ်တွင် ကျင်းပသည့် အမျိုးသမီးနှင့် ကလေး သူငယ်များ အပေါ် အကြမ်းဖက်သည့် မှုခင်းများကို လွတ်လပ်စွာ တရားစွဲဆို ဆောင်ရွက်ခြင်းနှင့် ပတ်သက်သည့် လိုအပ်ချက်များ အကဲ ဖြတ်ခြင်း ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ အဖွင့် မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားခြင်း ဖြစ်သည်။

ဦးထွန်းထွန်းဦးက “ယနေ့ခေတ်မှာ ကလေးသူငယ်နှင့် အမျိုးသမီးတွေ အပေါ် အကြမ်းဖက်တဲ့ မှုခင်းတွေ ပိုဖြစ်လာတာကို သတိထားမိကြမှာ ဖြစ်ပါတယ်။ ယင်း အကြမ်းဖက်သည့် မှုခင်းတွေကို ထိထိ ရောက်ရောက် တရားစွဲဖို့ လိုလာပြီလို့ ဆိုရမှာပါ။ ဥပဒေ ဘောင်အရ ပြည့်စုံကောင်းမွန်ဖို့ လိုအပ်သလို အရေးယူ အပြစ်ပေးရာမှာလည်း ထိရောက်ဖို့ လိုအပ်ပါ တယ်” ဟု ပြောသည်။

လက်ရှိတွင် ကလေးသူငယ် အခွင့်ရေးများ ဆိုင်ရာ ဥပဒေကြမ်းကို ပြည်သူ့ လွှတ်တော်တွင် ဆွေးနွေးလျက်ရှိပြီး၊ အမျိုး သမီးများ အပေါ် အကြမ်းဖက်မှု တားဆီးကာကွယ်ရေး ဥပဒေကြမ်းကိုလည်း သက်ဆိုင်ရာ ဝန်ကြီးဌာနသို့ ပြည်ထောင်စု ရှေ့နေချုပ်ရုံးက အကြံပြု ပြန်ကြားထားပြီး ဖြစ်ကြောင်းနှင့် အသစ်ရေးဆွဲ ပြဋ္ဌာန်းမည့် ဥပဒေသည် ကလေးသူငယ်နှင့် အမျိုးသမီးများ အပေါ် တွင် ယခင်ထက် ပိုမိုထိရောက်သည့် အခွင့်အရေး အကာအကွယ်ပေးနိုင်မည် ဖြစ်သည်ဟု သိရသည်။

ပြည်ထောင်စု ရှေ့နေချုပ်ရုံး ဥပဒေ စိစစ် အကြံပေးရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမင်းဆွေက “ ဒီ ဆွေးနွေးပွဲ ကနေပြီး လက်ရှိ ကလေးသူငယ်တွေ၊ အမျိုးသမီး အကြမ်းဖက်တဲ့ မှုခင်းနဲ့ ပတ်သက်လို့ ပိုမို ထိရောက်တဲ့ အကာအကွယ် ပေးဖို့နဲ့ မျှတတဲ့ တရားစီရင် ရေးရဖို့ လိုအပ်ချက်တွေကို ဆွေးနွေးကြပြီး ပိုမိုကောင်းမွန်တဲ့ တရားစီရင်ရေး စနစ်ရအောင် ကြိုးပမ်းသွားမှာ ဖြစ်ပါတယ်” ဟု အလုပ်ရုံ ဆွေးနွေးပွဲ ခေတ္တရပ်နားချိန်၌ မီဒီယာများကို ပြောသည်။

၁၉၉၃ ခုနှစ်တည်းက တည်ဆဲ ကလေးသူငယ် ဥပဒေဟူ၍ ရှိသော်လည်း ပိုမို ပြည့်စုံသည့် ပြဋ္ဌာန်းချက် ဖြစ်ရန်အတွက် ကလေးသူငယ် အခွင့်အရေးများ ကာကွယ် စောင့်ရှောက်ရေး ဥပဒေ အသစ်ကို လူမှုကယ်ဆယ်ရေးနှင့် ပြန်လည် နေရာ ချထားရေး ဝန်ကြီးဌာနမှ ပြန်လည်ရေးဆွဲခဲ့ပြီး အဌမ အကြိမ်မြောက် ပြည်သူ့လွှတ်တော်တွင် ဆွေးနွေးမှုများ ပြုလုပ်လျက် ရှိသည်။

ကလေးသူငယ်များအပေါ်၌ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်း၊ စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်းနှင့် ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်း အစရှိသည်များ အတွက် အသေးစိတ် ပြစ်မှု၊ ပြစ်ဒဏ်များအား ထိရောက်သည့် ပြစ်ဒဏ်များ အဖြစ် ပြောင်းလဲ သတ်မှတ် ပြဋ္ဌာန်းထားပြီး မကြာခင် အတည်ပြုနိုင်မည် ဖြစ်ကြောင်း ဦးမင်းဆွေ က ရှင်းပြသည်။

ကလေးသူငယ် အခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေး ဥပဒေ အသစ်တွင် ပြစ်မှု နှင့် ပတ်သက်၍ ပြောင်းလဲ ရေးဆွဲ ရာတွင် ၁၉၉၃ ခုနှစ်က ကလေးသူငယ်ကို ၁၆ နှစ်အောက်ဟု သတ်မှတ်ရာမှာ ယခုဥပဒေ အသစ်တွင် ၁၈ နှစ် အောက် သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲကို ပြည်ထောင်စု ရှေ့နေချုပ်ရုံး ၊ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှု တိုက်ချက်ရေး အဖွဲ့ (UNODC) ၊ ကုလသမဂ္ဂ ကလေးသူငယ်များ ရန်ပုံငွေ အဖွဲ့ (UNICEF) ၊ ကုလသမဂ္ဂ လူဦးရေ ရန်ပုံငွေ အဖွဲ့ (UNEPA) တို့ ပူးပေါင်းဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။

ယင်း ဆွေးနွေးပွဲတွင် မှုခင်း စီမံခန့်ခွဲမှု အစီအစဉ် (Case Management Programme) နှင့် လုပ်ငန်းစိန်ခေါ်မှုများ၊ ကလေး သူငယ်နှင့် အမျိုးသမီးများကို ကာကွယ်စောင့်ရှောက်ရာမှာ ကြုံတွေ့နေရတဲ့ အခြေအနေနှင့် ဆောင်ရွက်ရမည့် နည်းလမ်း များကို ထည့်သွင်း ဆွေးနွေးခဲ့ကြောင်း ထို့အပြင် အမှုလိုက် လုပ်ငန်းများ ထိရောက်အောင်မြင်ရန် အတွက် လိုအပ်နေသည့် အချက်များကို သက်ဆိုင်ရာ သင်တန်းများ စီစဉ်ရန်အတွက် ဆောင်ရွက်သွားမည်ဟုလည်း သိရသည်။

UNODC မှ မြန်မာနိုင်ငံ တာဝန်ခံ အရာရှိ Marie Pegie Cauchois က “ကလေးသူငယ်များနဲ့ ပတ်သက်ပြီးတော့ ပြည်ထောင်စု ရှေ့နေချုပ်ရုံးနဲ့ ပူးပေါင်းဆောင်ရွက်တာ ရှိသလို၊ ပဋိပက္ခ အတွင်း ကျရောက်နေသော ကလေးတွေရဲ့ ဘေးကင်း လုံခြုံမှုနှင့် ပညာရေးဆိုင်ရာ ၊ ကျန်းမာရေး ဆိုင်ရာများအတွက် လက်တွဲပြီးသင်တန်းပို့ချမှုများ ပြုလုပ်နေပါတယ်” ဟု ပြော သည်။

UNODC နှင့် မြန်မာ အစိုးရ တို့သည် အဆိုပါ လုပ်ငန်းဆောင်ရွက်ချက်များ အတွက် ၂၀၁၄ ခုနှစ်မှ စပြီး ၂၁၀၉ ခုနှစ် ထိအောင် ဆောင်ရွက်သွားဖို့ သဘောတူညီချက်များ ရယူထားကြောင်း ၎င်းက ပြောဆိုသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading