ထမ့်လုံလိုဏ်ဂူအတွင်း ကယ်ဆယ်ရေးဆောင်ရွက်နေသည့် ထိုင်းရေတပ် တပ်ဖွဲ့ဝင်ဟောင်းတဦး ပိတ် မိနေသော ကလေး များထံမှ ဂူပေါက်ဝသို့ ပြန်လာစဉ် သတိလစ်ကာ သေဆုံးသွားခဲ့ရာ ဆောင်ရွက်နေ ဆဲ ကယ်ဆယ်ရေးလုပ်ငန်း၏ အန္တရာယ် ကြီးမားမှုကို မီးမောင်းထိုးပြလိုက်ခြင်းလည်းဖြစ်သည်။
သေဆုံးသူမှာ စမာန်အမည်ရှိ ရေတပ် တပ်ဖွဲ့ဝင်ဟောင်းတဦးဖြစ်ပြီး၊ ယမန်နေ့ည ၈နာရီခန့်တွင် စတင်ရေငုပ်ရာ ပြန်ထွက်လာချိန်တွင် သတိလစ် မေ့မျောသွားပြီးနောက် လိုဏ်ဂူအတွင်းရှိ တတိယ အခန်း၌ အရေးပေါ်ရှေးဦးသူနာပြုနည်းဖြင် ပြုစုပေးခဲ့သော်လည်း သတိပြန်လည်မလာ တော့ဘဲ နံနက် ၂နာရီခန့်တွင် သေဆုံးသွားခဲ့ခြင်းဖြစ်သည်၊ ၎င်း၏ အလောင်းကို ဆေးရုံသို့ ပို့ကာ အတည်ပြု ပြီးနောက် သတင်းထုတ်ပြန်ခြင်းဖြစ်သည်။
လိုဏ်ဂူအတွင်း ရှိနေသည့် ကလေးငယ်များကို ကယ်ထုတ်နိုင်ရေးမှာ အလွန်အန္တရာယ်များကြောင်း တာဝန်ရှိသူများက သတိပေးခဲ့သဖြင့် ကယ်ဆယ်ရေး သမားများက ကလေးများရှိနေသည့် မြေအောက် ဥမင်အခန်းတွင်းသို့ အောက်စီဂျင်များ မှုတ်သွင်းလျှက်ရှိသည်။
ကြီးမားလှသော ကယ်ဆယ်ရေးလုပ်ငန်းကို မကြာသေးမီရက်များက အာဏာပိုင်များက ကြိုးပမ်း အကောင်အထည် ဖော်ခဲ့သော်လည်း ယခုလာမည့် တနင်္ဂနွေနေ့တွင် မုတ်သုံမိုးသည်းထန်မည်ဟု ရာသီဥတုခန့်မှန်းချက် ပေါ်ထွက်လာ၍ အောင်မြင်စွာ ကယ်ထုတ်နိုင်ခြင်း မရှိသေးသည့်အပြင် အောက်စီဂျင်ပြဿနာကလည်း ကလေးငယ်များအတွက် ခြိမ်းခြောက်စရာတခုဖြစ်လာခဲ့သည်။
ချင်းရိုင်အုပ်ချုပ်ရေးမှူး နာရွန်ဆက် အိုဆော့သနကွန်က ကယ်ဆယ်ရေးသမား အများအပြားသည် လိုဏ်ဂူထဲတွင် အောက်စီဂျင် ရှုရှိုက်ရမှုနည်းပါးနေကြောင်း၊ ၅ ကီလိုမီတာအရှည်ရှိသည့် လျှပ်စစ်မီး ကြိုးကို ကလေးငယ်များ ရှိနေသည့် နေရာသို့ သွယ်တန်းပြီး လေကောင်းလေသန့် မှုတ်သွင်းနိုင်ရန် ဆောင်ရွက်ပေးနေကြောင်း ဆိုသည်။
လိုဏ်ဂူထဲရှိ ဘောလုံးအသင်းသားအများစုမှ ကျန်းမာရေးကောင်းမွန်နေပြီး အသက် ၂၅နှစ်ရှိ ဘောလုံးနည်းပြ အော့က် အပါအဝင် ၃ ဦးမှာတော့ ဆေးစစ်ချက်အရ ပင်ပန်းခြင်းနှင့်အာဟာရချို့ တဲ့ခြင်းတို့ကြောင့် အားနည်းနေကြောင်း၊ လိုဏ်ဂူထဲမှ ရေငုပ်၍ ထွက်လာနိုင်သည့်အနေအထား မရှိသေးကြောင်း သိရသည်။