ရန်ကုန်မြို့တော် စည်ပင် သာယာရေး ဥပဒေ တရပ်ရပ်ကို ကျူးလွန်သူအား အရေးယူ ဆောင်ရွက်ရမည့် စည်ပင် ဝန်ထမ်း များသည် အဂတိကင်းရန် အရေးကြီးကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဝင် (၅) ဒေါ်သန်းမြင့်အောင် က ပြောဆို လိုက်သည်။
ယမန်နေ့ က Info Digest Journal မှ ဦးစီး ပြုလုပ်သည့် “စွန့်ပစ် အမှိုက် စီမံခန့်ခွဲမှုနှင့် ပလတ်စတစ် အန္တရာယ် အ ကြောင်း” စကားဝိုင်းတွင် စည်းကမ်းမဲ့ အမှိုက် စွန့်ပစ်မှုနှင့် ပတ်သက်၍ စည်ပင် ဥပဒေအသစ်ပါ ငွေဒဏ်၊ ထောင်ဒဏ်များ တိုးမြှင့်ခြင်းဖြင့် အမှန်တကယ် ထိရောက်မှုရှိမည်လား ဟူသော မေးခွန်းကို ယင်းသို့ ပြန်လည် ပြောဆိုခြင်း ဖြစ်သည်။
ဒေါ်သန်းမြင့်အောင်က “ဒဏ်ကြေး တိုးမြှင့်မှုအပေါ်မှာ လိုက်နာဆောင်ရွက်ဖို့က ပစ်တဲ့သူလည်း လိုက်နာဖို့ လိုအပ်သလို ဒဏ်သွားကောက်ရမယ့် သူရဲ့ အဂတိ ကင်းမှုလည်း အရေးကြီးတယ်” ဟု ပြောသည်။
ဆက်လက်၍ ၎င်းက ဥပဒေတခု အသက်ဝင်ရန် အကောင်အထည် ဖော်သည့် နေရာတွင် ဝန်ထမ်း၊ ပြည်သူ၊ ရပ်/ကျေး အုပ်ချုပ်ရေးမှူး၊ လွှတ်တော် ကိုယ်စားလှယ်၊ ဒေသခံ ပရဟိတ အဖွဲ့အစည်း စသဖြင့် အားလုံး ဝိုင်းဝန်း ဆောင်ရွက်ကြရ မည်ဟု ဆိုသည်။
ဒေါ်သန်းမြင့်အောင်က “အလွန်တရာ ကြီးမားတဲ့ ဒဏ်ကြေးဆို ဆောင်နိုင်ပါ့မလား။ ၁ သိန်း ဆောင်ရမယ့်နေရာမှာ ဒဏ်ကြေး မဆောင်ပါရစေနဲ့။ ရော့ ၅ သောင်းဆိုပြီး ပေးလိုက်ရင် အဲဒါကို အိတ်ထဲ ထည့်မလာကြဖို့ အရေးကြီးတယ်” ဟုလည်း ပြောသည်။
ဇွန် ၂၇ ရက်တွင် တိုင်းလွှတ်တော်၌ အတည်ပြု ပြဋ္ဌာန်းပြီး ဇွန် ၂၈ တွင် ရန်ကုန်တိုင်း ဝန်ကြီးချုပ်က လက်မှတ်ရေးထိုးခဲ့ သည့် ရန်ကုန် မြို့တော် စည်ပင်သာယာရေး ဥပဒေသစ်တွင် အခန်း ၃၁ ခန်းပါဝင်ပြီး နောက်ဆက်တွဲ ဇယား ပြစ်မှုနှင့် ပြစ်ဒဏ် များပါ ထည့်သွင်း ထားသည်။
ယင်း နောက်ဆက်တွဲပါ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေး ဆိုင်ရာ ပြစ်မှုနှင့် ပြစ်ဒဏ်များ ပုဒ်မ ၃၂၂ တွင် အမှိုက်စွန့်ပစ်ခြင်းနှင့် ပတ်သက်၍ ပုဒ်မခွဲများဖြင့် အသေးစိတ် ဖော်ပြထားပြီး လိုက်နာခြင်းမရှိပါက ငွေဒဏ်အနည်းဆုံး ကျပ် ၁ သိန်းမှ ကျပ် ၁၀ သိန်းအထိ ဖြစ်စေ၊ ထောင်ဒဏ် အနည်းဆုံး ၃ လမှ ၆ လအထိ ဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံး ဖြစ်စေ ပြစ်ဒဏ် ချမှတ်ရမည်ဟု ပြဋ္ဌာန်းထားသည်။
သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ အသိပညာပေး ဆောင်းပါးများကို အထူးပြု ရေးသားနေသည့် စာရေးဆရာ ကိုရင်လှ က “ဒဏ်ငွေ ဘယ်လောက် တိုးတိုး ဖမ်းတဲ့သူနဲ့ အဖမ်းခံရတဲ့သူ ညှိနှိုင်းလာဘ်ထိုးပြီး ပြေလည်သွားရင် ဘယ်လိုလုပ်မလဲ” ဟု မေးခွန်း ထုတ်သည်။
၂၈ လမ်းတွင် နေထိုင်ပြီး ၂၆ လမ်းတွင် ဈေးဝယ်လေ့ရှိသည့် ၎င်းအနေဖြင့် လမ်းဘေးဈေးသည်များကို ဖမ်းဆီးမည့် စည်ပင် အဖွဲ့မလာခင် ရှေ့မှနေ၍ စည်ပင် ဝန်ထမ်းတယောက်က ယင်း လမ်းဘေးဈေးသည်များကို “ဖမ်းမယ့် ကောင် တွေလာပြီ သိမ်းသိမ်း”ဟု ပြောဆိုမှုမျိုး ကြုံတွေ့ရကြောင်း၊ အဆိုပါ ဝန်ထမ်းသည် လမ်းဘေး ဈေးသည်များထံမှ ငွေယူ ထားခြင်းကြောင့်သာ ယခုကဲ့သို့ ပြုလုပ်ခြင်း ဖြစ်ကြောင်း ၎င်း၏ အတွေ့အကြုံကို ပြန်လည် ပြောပြသည်။
ကိုရင်လှက “ဖမ်းတာက တဖွဲ့။ အဲဒီ လမ်းဘေးက ဈေးသည်တွေကို ပိုက်ဆံတောင်းပြီး ရှောင်ခိုင်းတာက တဖွဲ့ ဖြစ်နေရင် တော့ တသက်လုံး မအောင်မြင်ဘူး” ဟု ဆိုသည်။
ဆက်လက်၍ ၎င်းက ဥပဒေကို ပြည်သူများက လိုက်နာရန် လိုအပ်သကဲ့သို့ ဥပဒေကို ကိုင်တွယ် ဆောင်ရွက်ရမည့် သက် ဆိုင်ရာ အဖွဲ့အစည်း အဆင့်ဆင့်မှ ပုဂ္ဂိုလ်များသည်လည်း အဂတိ လိုက်စားမှု မရှိရန်လိုကြောင်း၊ ရရှိလာသည့် ဒဏ်ကြေး များကို သက်ဆိုင်ရာ ကဏ္ဍများတွင် ပြန်လည် အသုံးပြုသည်ကို ပွင့်လင်းမြင်သာစွာ ချပြရန်လိုကြောင်း ဖြည့်စွက် ပြော သည်။
Clean Yangon တည်ထောင်သူများထဲမှ တဦးဖြစ်သည့် မသဉ္ဇာအေးကလည်း “ပြစ်မှုပြစ်ဒဏ်တွေ အရင်ကတည်းက ရှိနေ တာပဲ။ တကယ်တမ်း အသက်မဝင်တာပေါ့။ အမှိုက်မပစ်ရ ပစ်ရင် ဒဏ်ငွေဘယ်လောက်ဆိုတဲ့ ဆိုင်းဘုတ်အောက်မှာတင် အမှိုက်တွေ အများကြီး ပစ်ထားတယ်။ ဒါကို အရေးယူမှု အားနည်းသလို ဘယ်သူပစ်လဲဆိုတဲ့ သက်သေရဖို့ ဘတ်ဂျက်အရ နေရာတိုင်းမှာ CCTV မတတ်နိုင်ဘူး။ ထိထိရောက်ရောက် ကိုင်တွယ်နိုင်မယ် ဆိုရင်တော့ ကောင်းပါတယ်” ဟု သုံးသပ် သည်။
စည်ပင် ဝန်ထမ်းများ အနေနှင့် သတ်မှတ် စည်းမျဉ်းစည်းကမ်းများကို လိုက်နာ ဆောင်ရွက်နိုင်ရေး အတွက် မြို့တော်ဝန် အပါအဝင် ကော်မတီဝင်များ၊ ဌာနမှူးများကပါ ဆောင်ရွက်လျက်ရှိပြီး ပြစ်မှုကျူးလွန်ပါကလည်း ထိုက်တန်သည့် ပြစ်ဒဏ် များကို ပေးနေကြောင်း ကော်မတီဝင် ဒေါ်သန်းမြင့်အောင် က ဆိုသည်။
အသစ်ပြဋ္ဌာန်းလိုက်သည့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေတွင်လည်း စည်ပင် ဝန်ထမ်းများကို ထိန်းကျောင်း နိုင်ရန် ဥပဒေအရ ကော်မတီက ပေးအပ်ထားသော တာဝန်ဝတ္တရားများကို အလွဲသုံးစားပြုလုပ်ပါက နိုင်ငံ့ဝန်ထမ်း ဥပဒေ အရ ဖြစ်စေ၊ တည်ဆဲ ဥပဒေအရ ဖြစ်စေ အရေးယူဆောင်ရွက်နိုင်သည် ဟူသော အပိုဒ်တပိုဒ်ကို ထည့်သွင်း ဖြည့်စွက် ထားသည်။
စည်ပင်ဥပဒေ မူကြမ်း ရေးဆွဲရေး ကော်မတီနှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေ စိစစ်ရေး ကော်မတီတွင် ပါဝင်သည့် ဦးလှဌေးက “တာဝန်တခု ပေးထားတဲ့ အတိုင်း မထမ်းဆောင်ဘူး။ မသမာမှုတွေ လုပ်လာမယ်။ ပေးထားတဲ့ တာဝန်ကို ကျေပွန်အောင် မလုပ်ဘူး။ လျစ်လျူရှုထားတယ် ဆိုတဲ့ အပိုင်းမျိုးတွေ ဖြစ်လာရင် အရေးယူ ဆောင်ရွက်ဖို့ အတွက် ဒီဥပဒေမှာ သိသိသာသာ ထင်ထင်ရှားရှား ထည့်ပြီးဖော်ပြထားတာ ရှိတယ်” ဟု ပြောဆိုသည်။