မူးယစ် ဆေးဝါးများနှင့် အတူ ဖမ်းဆီးရမိခဲ့သည့် သြစတြေးလျ နိုင်ငံသား ရော့စ်ဒန်ကလေ ပါ ၇ ဦးအား မူးယစ် ဥပဒေ ပုဒ်မ ၁၉ (က)၊ ၂၁ တို့ဖြင့် အနောက်ပိုင်း ခရိုင် တရားရုံးတွင် ယနေ့ ညနေပိုင်းက အမှုစွဲတင် လိုက်သည်။
မြန်မာတိုင်းမ် သတင်းစာအား စတင် တည်ထောင်သူ တဦးဖြစ်ခဲ့သည့် ရော့စ်ဒန်ကလေ သည် ဇွန်လ ၆ ရက် ညပိုင်းက ဗဟန်း မြို့နယ်၊ စမ်းရေတွင်းလမ်းရှိ နေအိမ်၌ ဗြိတိန် နိုင်ငံသား Mr.Mckenzie John Gavin အပါ ၈ ဦးနှင့် အတူ ဖမ်းဆီး ခံရခြင်း ဖြစ်သည်။
ဖမ်းဆီးချိန်၌ ရော့စ်ဒန်ကလေတို့နှင့် အတူ နေအိမ်အတွင်း ရှိနေသည့် အိမ်အကူဖြစ်သူ မတင်တင်ဝင်း နှင့် စောမတ်သူး ရှလ(ခ) သူးသူး တို့အား အမှုနှင့် သက်ဆိုင်ခြင်း မရှိဟုဆိုကာ ယနေ့ ရုံးချိန်းတွင် အမှုမှ လွှတ်ပေးခဲ့သည်။
ရဲတပ်ဖွဲ့က ရော့စ် ဒန်ကလေပါ ၇ ဦးအား အမှုစွဲတင်ခဲ့သည့် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဆိုင် ရာ ဥပဒေ ပုဒ်မ ၁၉(က)၊ ၂၁ တို့ဖြင့် ပြစ်မှုထင်ရှားပါက ထောင်ဒဏ် ၁၀ နှစ်မှ တသက်တကျွန်း ပြစ်ဒဏ် အထိ ချမှတ်နိုင် ကြောင်းလည်း တရားရုံးက ရှင်းပြသည်။
ရော့စ် ဒန်ကလေ၏ နေအိမ်အတွင်းမှ အိုက်စ် ၃၁၃ ဂရမ်၊ စိတ်ကြွရူးသွပ် ဆေးပြား ၇၉၇ ပြား၊ ဆေးခြောက် ၁၆ ဒသမ ၅ ဂရမ်၊ အဆင့်နိမ့် ဘိန်း ၁၉ ဂရမ်၊ စိတ်ကြွဆေးမှုန့် ၂ ဂရမ်၊ ဘိန်းဖြူ ၅ ဒသမ ၁ ဂရမ်၊ ဘိန်းဆီခဲ ၆ ဂရမ်၊ ဟောင်ကောင် ဒေါ်လာ ၄၄၀ ၊ အမေရိကန် ဒေါ်လာ ၅ ဒေါ်လာ၊ ယူရိုငွေ ၅ ဒေါ်လာ၊ ထိုင်းငွေ ၃၆၃၀ ဘတ်၊ ဗီယက်နမ်ငွေ ၆၄၀၀၀ ဒေါင်၊ ကမ္ဘောဒီးယားငွေ ၃၀၀၀ ရီရယ်၊ အင်္ဂလန်ငွေ ၆၀ ပေါင်၊ ကနေဒါငွေ ၁၃၅ ဒေါ်လာ နှင့် မြန်မာငွေ ၁၃၉,၀၀၀ ကျပ်၊ လက်ကိုင်ဖုန်း ၁၀ လုံးနှင့် မော်တော်ကား တစီးတို့ကို ဖမ်းဆီးရမိကြောင်းလည်း ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။
အမှုအား ယခင် ရုံးချိန်းများတွင် ဗဟန်းမြို့နယ် တရားရုံး၌ ရုံးထုတ်ခဲ့ခြင်း ဖြစ်သော်လည်း ယနေ့ ဇူလိုင် ၆ ရက်နေ့ ရုံးချိန်း ကို အနောက်ပိုင်း ခရိုင်တရားရုံးသို့ အမှုလွှဲပြောင်းကာ အမှုစွဲတင်ခြင်းလည်း ဖြစ်သည်။
အမှုအား ဗဟန်းမြို့နယ် ရဲစခန်းမှူး ဒုရဲမှူးခင်မောင်ဝင်းက တရားလိုပြုလုပ်ကာ တရားစွဲတင်ခဲ့ခြင်းဖြစ်ပြီး ဆက်လက် စစ်ဆေးရန် ဇူလိုင် ၁၂ ရက်ကို ရုံးချိန်း ချိန်းဆိုထားလိုက်သည်။