အမေရိကန်ဒေါ်လာ ၃၄ ဘီလျှံတန်ဖိုးရှိ တရုတ်နိုင်ငံ၏ ထုတ်ကုန်များ အပေါ် ကုန်သွယ်ခွန် ၂၅ရာခိုင် နှုန်း ချမှတ်ကြောင်း အမေရိကန်က ကြေညာပြီး နာရီပိုင်းအတွင်း တရုတ်ကလည်း ထပ်တူညီသည့် အစီအစဉ်ဖြင့် အမေရိကန်သွင်းကုန်များကို အခွန်ချမှတ်လိုက်သည်။
တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ လွီခန်က “အမေရိကန်ပြည်ထောင်စုက အခွန်နှုန်းထား သစ်ကြေညာပြီးနောက် တရုတ်နိုင်ငံရဲ့ လက်တုံ့ပြန်တဲ့ အစီအစဉ်တွေဟာ ချက်ခြင်းအသက်ဝင်ပါ တယ်” ဟုပြောသည်။
သို့သော် တရုတ်နိုင်ငံက အခွန်နှုန်းသစ်သတ်မှတ်သည့် အမေရိကန်ကုန်ပစ္စည်း အမျိုးအစားများကို အသေးစိတ်ပြောကြား ခြင်းမရှိပေ။
စီးပွားရေး သမိုင်းတွင် အကြီးမားဆုံးကုန်သွယ်ရေးစစ်ကို အမေရိကန်နိုင်ငံက ကြေညာပြီးနောက် တရုတ်နိုင်ငံအနေဖြင့် လက်တုန့်ပြန်ရန်မှ အပ အခြားရွေးစရာမရှိတော့ကြောင်း တရုတ်နိုင်ငံကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနက လည်းကြေညာခဲ့သည်။
အမေရိကန်နိုင်ငံသည် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ WTO ၏ စည်းမျဉ်းများကို ချိုးဖေါက်သည်ဟုလည်း တရုတ်နိုင်ငံက စွပ်စွဲသည်။
အမေရိကန်က ၂၅ ရာခိုင်နှုန်း အခွန်တိုးမြှင့်ခြင်းသည် တရုတ်ထုတ်ကုန် ၈၁၈ မျိုးအပေါ် သက်ရောက် ပြီး အမေရိကန် ဒေါ်လာ ၃၄ ဘီလျှံဖိုးရှိသည်။
တရုတ်ကုန်ပစ္စည်း နောက်ထပ် အမေရိကန်ဒေါ်လာ ၁၆ ဘီလျှံဖိုးသည်လည်း လာမည့် နှစ်ပတ်အတွင်း စတင်သက်ရောက် မည်ဟု သမ္မတ ဒေါ်နယ်ထရမ့်က ကြာသာပတေးနေ့က သတင်းထောက်များကို ပြောသည်။
ထို့အပြင် အမေရိကန်အနေဖြင့် နောက်ထပ် အမေရိကန်ဒေါ်လာ ၂၀၀ ဘီလျှံဖိုး အခွန်ကောက်ရန် အသင့်ရှိကြောင်းနှင့် ယင်းအပေါ် တရုတ်နိုင်ငံက လက်စားချေလာပါက နောက်ထပ် အမေရိကန် ဒေါ်လာ ၃၀၀ ဘီလျှံဖိုး ထပ်မံကောက်ခံမည်ဟု လည်း သမ္မတ ထရမ့်ကပြောသည်။
ထိုသို့လုပ်ဆောင်ပါက အမေရိကန်က ပစ်မှတ်ထားသော တရုတ်နိုင်ငံထုတ်ကုန်ပမာဏသည် ဒေါ်လာ ၅၅၀ ဘီလျှံဖိုးရှိ လာမည်ဖြစ်သည်။ ထိုပမာဏသည် ယမန်နှစ်က တရုတ်နိုင်ငံက အမေရိကန်နိုင်ငံ သို့တင်ပို့ခဲ့သည့် အတိုင်းအတာ ထက်ပင် ပိုမိုများပြားနေသည်။
တရုတ်နိုင်ငံက အစောပိုင်းတွင် ဒေါ်လာ ၃၄ ဘီလျှံတန်သော မော်တော်ယာဉ်၊ လယ်ယာထုတ်ကုန် အပါအဝင် ၂၅ ရာခိုင်နှုန်း အခွန်ချမှတ်သော အမေရိကန် သွင်းကုန်များကို ပစ်မှတ်ထားသည့် စာရင်းကို ထုတ်ပြန်ခဲ့သည်။
“တရုတ်နိုင်ငံဖက်က စတင်တိုက်ခိုက်မှာမဟုတ်ဘူးလို့ကတိပြုပါတယ်။ ဒါပေမယ့် အဓိကကျတဲ့ အမျိုးသား အကျိုးစီးပွားနဲ့ ပြည်သူတွေရဲ့အကျိုးစီးပွားကိုကာကွယ်ဖို့အတွက် လိုအပ်သလိုတုံ့ပြန်ဖို့ ကလွဲပြီး အခြားရွေးစရာမရှိပါဘူး” ဟု တရုတ် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ ကြေညာချက် တွင် ဖေါ်ပြထားသည်။
ဒါ့အပြင် တရုတ်နိုင်ငံက ဥရောပသမဂ္ဂအနေဖြင့်လည်း အမရိကန်ကိုယ်ကျိုးစီးပွား ကာကွယ်ရေး မူဝါဒ ကို အတူတကွ ရပ်တည်ခုခံကြရန် တိုက်တွန်းလိုက်သည်။
ဥရောပသမဂ္ဂ အနေဖြင့် ကိုယ်ကျိုးစီးပွား ကာကွယ်ရေးမူဝါဒကို ပြတ်ပြတ် သားသားရပ်တည်ရန် လိုကြောင်း ၊”စည်းမျဉ်းအခြေပြုသော နိုင်ငံပေါင်းစုံ ကုန်သွယ်ရေး စနစ်ကို ပူးတွဲကာကွယ် စောင့်ရှောက်ပြီး ကမ္ဘာ့စီးပွားရေးကို ခိုင်မာတည်တံ့သောလမ်းကြောင် တွင်ဆက်လက်ထိန်းသိမ်းထား ရန်လည်း ဆိုသည်။