ရန်ကုန်တိုင်း ဒေသကြီးအတွင်း၌ အသက်မွေးဝမ်းကျောင်း ပညာရပ်သင် ကျောင်းများ ဖွင့်လှစ်သွားရန် စီစဉ်နေကြောင်း တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။
ဇူလိုင်လ ၆ ရက်က ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှု လက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) ရုံး ၌ ပြုလုပ်သည့် ပုဂ္ဂလိက ဖွံ့ဖြိုး တိုးတက်ရေး ကော်မတီ ဥက္ကဋ္ဌ ဒု သမ္မတ ဦးမြင့်ဆွေနှင့် ပုဂ္ဂလိကကဏ္ဍ ကိုယ်စားလှယ်များ ပုံမှန်တွေ့ဆုံ ဆွေးနွေးပွဲ ၁၈ ကြိမ်မြောက် အခမ်းအနားတွင် ဝန်ကြီးချုပ်က ပြောကြားလိုက်ခြင်း ဖြစ်သည်။
ဝန်ကြီးချုပ်က “ဆယ်တန်းအောင် စာရင်း ထွက်ပြီး နောက်နှစ် တက္ကသိုလ်ဝင်ခွင့် လျှောက်ကြတဲ့ နေရာမှာ အလုပ်အကိုင် အခွင့်အလမ်း များတာတွေပဲ ရွေးပြီးတော့ လျှောက်ကြပါတယ်။ အလုပ်အကိုင် အခွင့်အလမ်းနဲ့ ပညာရေးက ဆက်စပ်ပြီး အခုက စဉ်းစားရမယ့် အခြေအနေ ဖြစ်ပါတယ်။ ဒါကြောင့် ကျနော်တို့ ရန်ကုန်၊ နတ်မောက်လမ်းမှာ ရှိတဲ့ စင်ကာပူနဲ့ တွဲဖွင့် ထားတဲ့ အသက်မွေးဝမ်းကျောင်း ပညာရပ်သင်ကျောင်း ရှိပါတယ်။ ဒီအနီးဝန်းကျင်က သက်မွေးဝမ်းကျောင်းတွေ စုစည်းဖို့ ပြင်ဆင် နေပါတယ်”ဟု ပြောသည်။
ဆက်လက်၍ ၎င်းက “အဲဒီနားမှာ ကျန်းမာရေး ဝန်ကြီးဌာနနဲ့ ပေါင်းပြီး သက်မွေးဝမ်းကျောင်း ပညာသင်ကျောင်း တခုဖွင့်ဖို့ ပြင်ဆင်နေပါတယ်။ ဒီဘက်ခြမ်းမှာလည်း ငါးပြတိုက်ရှိတယ် ဆိုတော့ ငါးနဲ့ ပတ်သက်တဲ့ ကျောင်း၊ စိုက်ပျိုးရေးနဲ့ ပတ်သက် တဲ့ ကျောင်းတွေ လုပ်နိုင်ဖို့ ပြင်ဆင်နေတယ်။ ဒီနေရာလေးက ကျောင်းသားတွေ လာနိုင်ဖို့ ရပ်ဝန်းလေးတခု ဖြစ်လာနိုင်တဲ့ အခြေအနေ တခုဖြစ်အောင် ကြိုးစားနေပါတယ်” ဟု ပြောဆိုသွားသည်။
ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်မှ ယခုနှစ် တက္ကသိုလ် ဝင်တန်း စာမေးပွဲအောင်မြင်ထားသူ မစုစုက” ဒီလို အသက်မွေး ဝမ်း ကျောင်း ပညာရပ်သင်တဲ့ ကျောင်းတွေ အစိုးရက ဖွင့်ပေးရင် ကောင်းတာပေါ့။ အခုက တက္ကသိုလ်တခုခုမှာ ဘွဲ့ရပြီး ကျောင်းပြီး အလုပ်လုပ်ဖို့ သင်တန်းတွေ အများကြီး တက်ရတယ်။ ပိုက်ဆံ ရှိတဲ့သူတွေအတွက် လွယ်ပေမယ့် မရှိတဲ့ သူတွေ ကျတော့ မတတ်နိုင်ဘူး။ အစိုးရကသာ သက်မွေဝမ်းကျောင်း ပညာသင် ကျောင်းတွေ ဖွင့်ပေးမယ်ဆို ကောင်းပါ တယ်။ အခွင့်အလမ်းလည်း ပိုရတယ်။ အခုက ဘွဲ့ရ အလုပ်မဲ့တွေက များတယ်”ဟု ပြောသည်။
အဆိုပါ အသက်မွေးဝမ်းကျောင်း ပညာရပ်သင် ကျောင်းများကို ရန်ကုန်တိုင်း အစိုးရ အဖွဲ့နှင့် သက်ဆိုင်ရာ ဌာနများ၊ စီးပွားရေး လုပ်ငန်းရှင်များ ပူးပေါင်း ဖွင့်လှစ်သွားမည် ဖြစ်ကြောင်းလည်း တိုင်းအစိုးရ အဖွဲ့က ပြောသည်။
ထို့ပြင် ရှိပြီးသား ဖြစ်သော ရန်ကုန်တိုင်း အတွင်းရှိ အင်းစိန် GTI ကျောင်း၊ အောင်ဆန်း စက်မှုလက်မှု ကျောင်းများ ကို လည်း ပြင်ဆင် ဆောင်ရွက်နေပြီး ယင်းကျောင်းများသည် အသက်မွေးဝမ်းကျောင်း ပညာ ဘာသာရပ်သင် ပညာရေး အတွက် အထောက်အကူ ဖြစ်နိုင်ကြောင်း ဝန်ကြီးချုပ်က ပြောကြားသည်။
ဦးဖြိုးမင်းသိန်းက “လုပ်ငန်းခွင်မှာ ရှိတဲ့ လုပ်ငန်းရှင် တော်တော်များများဟာ ကိုယ့်လုပ်ငန်းခွင်ထဲမှာပဲ သက်မွေးပညာ ပုံစံ မျိုးနဲ့ သင်ကြားပေး နေရတဲ့ ကုမ္ပဏီကြီးတွေ များစွာ ရှိပါတယ်။ သင်တန်းကျောင်းတွေ ဖွင့်ပြီး သင်တန်းဆရာ ခေါ်ပြီး ကိုယ့်လုပ်ငန်းတွေကို သင်တန်းပေးနေကြရတဲ့ အခြေအနေမျိုး ဖြစ်ပါတယ်။ ဒါကြောင့် အစိုးရဘက်က ပညာရေးနဲ့ ချိတ်ပြီး သက်မွေးဝမ်း ပညာသင်ကျောင်းတွေ ကြိုးပမ်း ဆောင်ရွက်သွားဖို့ ရှိပါတယ်”ဟု ဆိုသည်။
ထို့ကြောင့် အဆင့်မြင့် ပညာရပ်များ အပြင် သက်မွေးပညာရပ်များကိုလည်း သင်ကြားနိုင်မည့် အခြေအနေတခု စီစဉ် ဆောင်ရွက်နေသည်ဟု ၎င်းကပြောသည်။
ဆက်လက်၍ ဝန်ကြီးချုပ်က“ပညာရေး ကဏ္ဍနယ်ပယ်မှာက သက်မွေးပညာ ပုံစံမျိုးကို အလှမ်းဝေးကွာ သွားတာက လုပ်ငန်း ရှင် တွေနဲ့ မချိတ်ဆက်မိတာမျိုး ကြောင့် ဖြစ်ပါတယ်။ ကျောင်းတွေက ထွက်လာတဲ့ သူတွေကို လုပ်ငန်းရှင်တွေက ခေါ်ယူမယ်။ ဥပမာ – ရေပေါ်စက် ရှိရင် သစ်လိုပါတယ်။ လက်သမား အတတ်ပညာကို ဒါမှ သင်ပေးလို့ရမှာပါ။ ဒီအတွက် လုပ်ငန်းရှင်က အလုပ်ကို အပ်မယ်။ လက်ခ မယူဘဲနဲ့ ရေပေါ်ထိုးလို့ရတဲ့ အခြေအနေနဲ့ ဆောင်ရွက်မယ်ဆိုမှ သက်မွေး ဝမ်းကျောင်း ပညာရပ်တွေက ရပ်တည်နိုင်မှာ ဖြစ်ပါတယ်”ဟု ရှင်းပြသည်။
လက်ရှိ အချိန်တွင် ရန်ကုန်၌ ရှိနေသည့် အင်းစိန် GTI ကျောင်းကဲ့သို့ စက်မှု၊ လက်မှု သင်တန်းကျောင်းများမှ ကျောင်းအုပ် ကြီးများ အနေနှင့် ပုဂ္ဂလိက ကဏ္ဍနယ်ပယ်နှင့် ချိတ်ဆက် ဆောင်ရွက်နိုင်ရန် စီစဉ်လျက် ရှိနေသည်ဟုလည်း သိရသည်။