ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံ တတိယအကြိမ် အစည်းအဝေးတွင် နိုင်ငံရေးကဏ္ဍ၌ ကျား၊ မ တန်းတူညီရေး အကြောင်းအရာတခုကိုသာ ဆွေးနွေးနိုင်မည်ဖြစ်ကြောင်း ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ(UPDJC) ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာဆလိုင်းလျန်မှုန်ဆာခေါင်းက ပြောသည်။
“နောက်ဆုံးလက်ကျန်ကတော့ ကျား၊ မတန်းတူရေးပဲဖြစ်သွားတယ်”ဟု နေပြည်တော်ရှိ MICC-2 ခန်းမတွင် ဇူလိုင်လ ၆ ရက်က ပြုလုပ်သည့် ၂၁ ရာစုပင်လုံအကြို ဆွေးနွေးပွဲများ ခေတ္တရပ်နားစဉ်တွင် ဒေါက်တာဆလိုင်း လျန်မှုန်ဆာခေါင်းက ပြောသည်။
ပထမတကြိမ်ဆွေးနွေးစဉ်က ဖက်ဒရယ်အခြေခံမူတန်းတူရေး၊ အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင် ပြဌာန်းခွင့် စသည့် ကိစ္စများဆွေးနွေးရာတွင် အခက်အခဲရှိသည့်အတွက် ချန်လှပ်ခဲ့ပြီး တိုင်းရင်းသားလူနည်းစုများ၏ အ ခွင့်အရေးကို ကာကွယ်ခြင်း၊ နိုင်ငံသားကိစ္စ၊ အခြေခံအခွင့်အရေးနှင့် ကျားမတန်းတူရေးတို့ကို ဆွေးနွေးရန် စီ စဉ်ခဲ့ကြောင်း၊ သို့ရာတွင် ကျားမကိစ္စမှလွဲ၍ ကျန်ကိစ္စများမှာ ကျယ်ပြန့်သဖြင့် ဆွေးနွေးနိုင်ခြင်းမရှိဘဲ ချန်လှပ်ခဲ့ရကြောင်း သိရသည်။
“ကျနော့်အနေနဲ့ ကျား၊ မ တန်းတူရေး တခုတည်း ဆွေးနွေးတဲ့ဟာက သိမ်ငယ်တယ်လို့ မမြင်ပါဘူး။ အင်မတန် မှ အရေးကြီးတဲ့ကိစ္စ ဖြစ်တယ်”ဟု ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင်းက ပြောသည်။
ဇူလိုင်လ ၄ ရက်မှ ၆ ရက်အထိ နေပြည်တော်ရှိ MICC-2 ခန်းမတွင် အစိုးရအစုအဖွဲ့၊ တပ်မတော်သားအစုအဖွဲ့၊ နိုင်ငံရေးပါတီအစုအဖွဲ့တို့က နိုင်ငံရေးကဏ္ဍ၊ လုံခြုံရေးကဏ္ဍ၊ လူမှုရေးကဏ္ဍ၊ စီးပွားရေးကဏ္ဍ၊ မြေယာနှင့် သဘာဝပတ်ဝန်းကျင်ကဏ္ဍများကို ဆွေးနွေးလျှက်ရှိရာ နိုင်ငံရေးကဏ္ဍတွင် ကျားမ တန်းတူရေးကိစ္စနှင့် ပတ်သက်ပြီး ရရှိသည့််အချက် ၈ ချက်ကို UPDJC သို့ တင်သွားမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။
“နိုင်ငံရေးကဏ္ဍမှာတော့ ကျား၊ မ တန်းတူရေးကိစ္စ တခုတည်းဖြစ်နေတဲ့အပေါ်မှာ ဆွေးနွေးချက်က သိပ်ပြီးတော့ အခက်အခဲမရှိတော့ဘူးလို့ သုံးသပ်ပါတယ်။ အားရကျေနပ်မှု မကျေနပ်မှုဆိုတာ ကျနော်တို့ အရှိတရားကို လက်ခံဖို့လိုတယ်”ဟု ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်းက ပြောသည်။
လူမှုရေးကဏ္ဍအနေဖြင့်မူ ငြင်းခုံဆွေးနွေးစရာ အကြောင်းအရာနည်းပါးသည့်အတွက် ပြေလည်စွာ ဆွေးနွေးနိုင်ခဲ့ပြီး သဘောတူညီချက်များ အတန်အသင့်ရရှိခဲ့ကြောင်း၊ သဘောတူညီချက်အသစ်အနေဖြင့် ကလေးသူငယ် အခွင့်အရေးချိုးဖောက်မှုဆိုင်ရာအချက်ကို ရရှိခဲ့ကြောင်း ဦးဇော်ဌေးက ပြောသည်။
“ပထမ တချက်က ဘာလဲဆိုတော့ ကလေးသူငယ်တွေနဲ့ ပတ်သက်လို့ ချိုးဖောက်မှုတွေပေါ့။ အဲဒါက ဘယ်မှာပါလဲဆိုတော့ ကျနော်တို့အစိုးရနဲ့ EAOs ထိုးထားတဲ့ NCA မှာ ပါပြီးသား။ ကလေးသူငယ်တွေ သတ်ဖြတ်တာတွေ၊ နောက် လိင်အကြမ်းဖက်တာတွေ၊ နောက် ကလေး စစ်သား စုဆောင်းတာတွေ စသည်ဖြင့်ပေါ့နော်” ဟု နိုင်ငံတော်သမ္မတရုံး၊ ညွန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောကြားသည်။
လူမှုရေးကဏ္ဍအနေဖြင့် ပြန်လည်နေရာချထားရေး၊ ပြန်လည်ထူထောင်ရေး၊ လူမှုဖွံ့ဖြိုးရေး၊ မူးယစ်ဆေးဝါး တားဆီးရေး၊ လျှော့ချရေး မသန်စွမ်းအရေး စသည့်ကိစ္စများ အပါအဝင် သဘောတူညီချက် စုစုပေါင်း ၁၀ချက် ရရှိကြောင်း သိရသည်။
မသန်စွမ်းသူများအရေးတွင် ကုလသမဂ္ဂက ပြဌာန်းထားသည့် မသန်စွမ်းသူများ အခွင့်အရေးနှင့် မြန်မာနိုင်ငံ မှပြဌာန်းထားသည့် မသန်စွမ်းသူများ အခွင့်အရေးများဆိုင်ရာ ဥပဒေပါအချက်အလက်တွေကို အပြည့်အဝရရှိစေရေး၊ မသန်စွမ်းသူများအတွက် မူဝါဒများဥပဒေများ ရေးဆွဲသည့်အဆင့်တိုင်းတွင် မသန်စွမ်းသူများကိုယ်တိုင်ပါဝင်ခွင့်ရရှိရေး၊ လူမှုဖွံ့ဖြိုးရေးအပြင် ကဏ္ဍတိုင်းတွင် မသန်စွမ်းသူများအပြည့်အဝပါဝင်ခွင့်ရရေးကို အချက်များကို တင်ပြတောင်းဆိုခဲ့ပြီး သဘောတူညီမှုရရှိခဲ့ကြောင်း သိရသည်။