ပဲခူးတိုင်းအနောက်ခြမ်း ပြည်ခရိုင် သဲကုန်းမြို့ ကျောင်းကြီး ဘုန်းတော်ကြီးကျောင်းတိုက်၏ ပဓာန နာယက ဆရာတော်နှင့် ဒကာ ၁ဦး၊ ဒကာမ ၁ဦးတိုကို ဇူလိုင်လ ၆ရက်နေ့ ညနေပိုင်းက တခြားသော သံဃာ ၄ပါးမှ ရိုက်နှက်သဖြင့် အရေးပေါ် ဆေးရုံတင် ကုသထားရကြောင်း သိရသည်။
ဖြစ်စဉ်မှာ ကျောင်းထိုင်ဆရာတော်ကြီး ပျံလွန်တော်မူပြီးနောက် ဆရာတော် ဦးဝိသုဒ္ဓကို ပဓာန နာယ က ဆရာတော်အဖြစ် ဆက်လက်ဆောင်ရွက်ရန် မြို့နယ်သံဃာနာယကအဖွဲ့မှ တာဝန် ပေးအပ်ရာ၊ ကျောင်းတိုက်အပ်နှံပွဲနှင့် သြဝါဒခံယူပွဲတို့ ကျင်းပရန် ပြင်ဆင်နေစဉ်၊ အတူ သီတင်းသုံးသည့် သံဃာ ၂ပါးနှင့် ကိုရင်တပါး အပါ အဝင် တခြားသော ရိပ်သာ ကျောင်းတိုက်မှ သံဃာ ၁ပါး တို့က ကျောင်း ပေါ်တက်ကာ ဆရာတော် ဦးဝိသုဒ္ဓနှင့် ဒကာ၊ ဒကာမများကို တုတ်များဖြင့် ရိုက်နှက်ခြင်းဖြစ်သည်။
ထို့အတွက် ဦးဝိသုဒ္ဓနှင့် ဒကာ၊ ဒကာမများမှာ ဦးခေါင်း(ပြင်းထန်)၊ လက်နှင့် ခြေထောက်တို့တွင် ဒဏ်ရာများ ရရှိကာ သဲကုန်းမြို့ ပြည်သူ့ဆေးရုံတွင် အရေးပေါ်ဆေးကုသနေရကြောင်းသိရသည်။
ကျောင်းကိုစောင့်ရှောက်နေသူ ဦးစောဝင်းက “ဦးဇင်း ၂ ပါးကျောင်းပေါ် ကြွလာတယ်၊ ဘာလျှောက် ချင်လို့လဲ မေးတဲ့အခါ ပြန်ဆင်းသွားပြီး လှေကားရင်းမှာထိုင်နေတယ်။ အရိုက်ခံရတဲ့ ဦးတင်ဝင်းက လှေကားရင်းမှာ မတော်ပါဘူး ကျောင်းပေါ်ကြွပါ ခေါ်တော့ တက်လာပြီး၊ ဦးဇင်းဦးဝိသုဒ္ဓက မေးတော့ မင်းက ဘာလူပါးဝတာလဲဆိုပြီး တခါတည်း ဝင်ရိုက်တာ။ အရင်ဆုံး ရိုက်တာ ရိပ်သာကျောင်းတိုက်က ဦးဇင်းမျိုးကြီး၊ ကျောင်းအောက်ထက်မှာနေတဲ့ သံဃာ ၂ ပါးနဲ့ ကိုရင် ၁ ပါးလည်း ပါတယ်။ သက်ဆိုင် ရာကတော့ ဥပဒေအတိုင်း ဆောင်ရွက်ပေးမယ်လို့တော့ ပြောသွားတယ်” ဟု ဧရာဝတီကိုပြောသည်။
အဆိုပါ ရိုက်နှက်သည့် သံဃာအုပ်စုမှာ တုတ်ဓားများ ကိုင်ဆောင်၍ ကျောင်းတံခါးများ ပိတ်ထားခြင်း ကြောင့်၊ ရပ်ကွက်နေ လူများကလည်း ကျောင်းကို ဝိုင်းထားရာ မြို့နယ်သံဃာနယကအဖွဲ့ဝင်များ၊ တိုင်းသာသနာဦးစီးမှူး၊ ခရိုင်းရဲတပ်ဖွဲ့ဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ သက်ဆိုင်ရာ အာဏာ ပိုင်များမှ လူအုပ်ကြီးကို ဖျောင်းဖျကာ၊ ကျောင်းပေါ်ရှိ သံဃာများကို အသာတကြည် ဆင်းလာရန် ပြောဆိုပြီး တခြားဘုန်းကြီးကျောင်းတွင် ခေတ္တထိန်းသိမ်းထားကြောင်း သိရသည်။
ရိုက်နှက်သည့် သံဃာတော်များ ပြောဆိုချက်အရ ဤသို့ ပြုလုပ်ရခြင်းမှာ ၎င်းတို့အပေါ် အကြိမ်ကြိမ် ဖိနှိပ်သည့်အတွက် ဖြစ်ကြောင်း ဖြေကြားပြီး ၎င်းတို့ကို ယမန်နေ့ကအထိ ဆက်လက်ထိန်းသိမ်းထား ကြောင်း၊ ဒေသခံများအနေဖြင့် အမှုဖွင့် တိုင်ကြားသော်လည်း တစုံတရာ ဆောင်ရွက်ပေးခြင်းမရှိသည့် အတွက် မကျေမနပ်ဖြစ်နေကြောင်း ဆိုသည်။
အမှုဖွင့်တိုင်ကြားထားသည့်အပေါ် သဲကုန်းမြို့နယ် ရဲတပ်ဖွဲ့မှူးအား ဧရာဝတီသတင်းဋ္ဌာနမှ သွား ရောက်မေးမြန်းရာ ခရိုင်ရဲတပ်ဖွဲ့မှူးမှ ညွှန်ကြားချက်မရှိပဲ သတင်းဋ္ဌာနများအား မဖြေကြားရန် မှာထားသည့်အတွက် မဖြေကြားနိုင်ကြောင်း ပြောသည်။
အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအေးချိုက ဒေသခံများ၏ မကျေနပ်မှုကို သိရှိနားလည် ကြောင်း ရဲတပ်ဖွဲ့မှ ဥပဒေအတိုင်း အရေးယူဆောင်ရွက်သွားမှာဖြစ်ကြောင်း ဧရာဝတီကိုပြောသည်။
“အာဏာစက်နဲ့ကတော့ ဒီရဲတပ်ဖွဲ့ကဆက်လုပ်သွားမှာလေ သူဥပဒေအတိုင်းဆက်လုပ်သွားဖို့ ဒီဟာက အကြမ်းဖက်မှု ကြီးဖြစ်နေတာကို အဲဒါကို ရဲတပ်ဖွဲ့မှူးက ဥပဒေအတိုင်းဆက်လုပ်သွားဖို့ ဒါတွေဖြေ တယ်” ဟု ဦးအေးချိုကပြောသည်။