ဂျပန်နိုင်ငံ တောင်ပိုင်း၌ မိုးသည်းထန်စွာ ရွာသွန်းခဲ့သဖြင့် ထိခိုက်ပျက်စီးမှုများပြားခဲ့ပြီး သေဆုံး၊ ပျောက်ဆုံးသူများကို ရှာဖွေနေမှုအား တနင်္ဂနွေညအထိ တတိယရက်အဖြစ် ဆက်လက်ရှာဖွေရာ သေဆုံးသူ ၇၆ ဦးအထိ ရှိကြောင်း အစိုးရ သတင်းက ထုတ်ပြန်သည်။
အစိုးရ ပြောခွင့်ရ ယိုရှီဟိုက်ဆူဂါ၏ အဆိုအရ လတ်တလော ပျောက်ဆုံးနေသူ ၉၂ ဦးမှာ မည်သည့် နေရာတွင် ရောက်နေ မှန်း မသိသေးသော်လည်း ဟီရိုရှီးမားမြို့တောင်ပိုင်းတွင်မူ စိတ်ချရပြီဟု ဆိုနိုင် ကြောင်း၊ မော်တော်ယာဉ်များ ရေထဲမျော သွားရခြင်းကဲ့သို့ ထိခိုက်ပျက်စီးမှု အစီရင်ခံချက်များ ၁၀၀ ကျော် ရထားကြောင်း၊ လက်ရှိတွင် ရဟတ်ယာဉ် အစီး ၄၀ဖြင့် ကယ်ဆယ်ရေးများ ဆက်လက်ဆောင် ရွက်လျှက်ရှိကြောင်း ဆိုသည်။
ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက “ကယ်ဆယ်ရေးကြိုးပမ်းမှုတွေကို အချိန်နဲ့အမျှ တိုက်ပွဲဝင်နေ ရတယ်။ ကယ်ဆယ်ရေး အဖွဲ့တွေလည်း အတတ်နိုင်ဆုံး လုပ်နေကိုင်နေပါတယ်” ဟု သတင်းထောက် များကို ပြောသည်။
မိုးလေဝသဌာနကလည်း ကိုချီခရိုင်တွင် ၃နာရီကြာ ရွာသွန်းခဲ့သည့် မိုးက ၂၆.၃ စင်တီမီတာ(၁၀.၄ လက်မ) အထိ ရှိရာ ၁၉၇၆ ခုနှစ်က တင်ထားသည့် မိုးရေချိန် စံချိန်ထက် မြင့်တက်ခဲ့ကြောင်း ဆိုသည်။
မိုးသည်းထန်ခြင်း၊ ရေကြီးခြင်း၊ မြေပြိုခြင်းများမှာ နေရာအနှံ့အပြားဖြစ်နေသဖြင့် အပျက်အစီးမှာ ရှင်းလင်းရေးမှာ အခက် တွေ့နေသည်။ မိုးသည်းထန်မှုမှာ ဆယ်စုနှစ်များစွာအတွင်း ကပ်ဆိုးတခု အသွင် အဆိုးဝါးဆုံးဖြစ်ခဲ့သဖြင့် မြေပြိုမှုများ ဆက်တိုက်ရှိနိုင်ကြောင်း ဂျပန်အာဏာပိုင်များက သတိပေးထားသည်။
ဟီရိုရှီးမားခရိုင်တွင် လူနေဧရိယာများကို ဖြတ်သန်းလျက် ရေစီးကြောင်းများဖြစ်ပေါ်နေပြီး တယ်လီ ဖုန်းတိုင်များလဲကာ သစ်ပင်များအမြစ်မှ ကျွတ်ထွက်ခြင်း၊ ရွှံနွံဖုံးလွှမ်းခြင်းများ ရှိရာ လူနေအိမ်အချို့ ပြိုကျပျက်စီးခဲ့သည်။
ပျောက်ဆုံးနေကြောင်း သတင်းရထားသည့် အမျိုးသမီးတဦးမှာ သူမ၏မော်တော်ယာဉ်ထဲတွင် ပိတ်မိ နေလျက် သေဆုံးနေ ပြီဖြစ်ကြောင်း ကျိုဒိုသတင်းဌာနက ဖော်ပြသည်။ ဟိုရိုရှီးမားရှိ အခြားတနေရာတွင် လူနေအိမ်ရာဒေသအတွင်း မြေပြိုမှု များရှိခဲ့၍ လူ ၁၂ ဦးပျောက်ဆုံးနေပြီး အလောင်းတလောင်းလည်း ရှာတွေ့ခဲ့သည်။
ရှီကိုးကူးကျွန်းပေါ်ရှိ ကိုချီခရိုင်တွင် ကျွန်းနေရာအားလုံးနီးပါးတွင် မြေပြိုမှုမှ တိမ်းရှောင်ရေး သတိ ပေးချက်များ ထုတ်ထားရ သည်။ NHK သတင်းဌာနမှ ထုတ်လွှင့်အချက်တွင် လမ်းမများပေါ်ရှိ မော်တော်ယာဉ်များမှာ ရွှံနွံများ ဖုံးလွှမ်းနေသည်။ ရေ ကြီးလာသဖြင့် နီးစပ်ရာ အိမ်ခေါင်မိုးတခုပေါ်၌ တက်နေရသူ ကုန်စုံစတိုးဆိုင်လုပ်သားတဦးက ပိုမိုမြင့်လာသည့် ရေထုမှာ မိမိဦးခေါင်းထက်ပင် ကျော်လွန်သွားကြောင်း ပြောပြသည်။
ငလျင်ကြီးများကဲ့သို့ သဘာဝဘေးများအတွက် စီမံထားသည့် အရေးပေါ်ကယ်ဆယ်ရေးရုံးကို ဂျပန် အစိုးရက အထိုင် ချ ဖွင့်လှစ်ထားပြီး၊ လက်ဖြင့်လှော်ရသည့်စစ်သုံးလှေများကို လူအများအတွက် ခြောက်သွေ့ရာကုန်းမြေပို့ဆောင်ပေးရေး အတွက် အသုံးပြုနေရသည်။
အိုကာယာမ ခရိုင်တွင် လူ ၄ ဦး သေဆုံးပြီး အခြားသူ ၈ ဦးမှာ ပျောက်ဆုံးနေဆဲဖြစ်ကြောင်း၊ ၁၁ ဦး ဒဏ်ရာရပြီး တဦးမှာ စိုးရိမ်ရကြောင်း ကြေညာချက်ထွက်ပေါ်လာသည်။ နေအိမ် ၇ လုံးမှာ ပြိုကျ သွားခဲ့ပြီး အိမ်ခြေဆယ်ဂဏန်းမှာ ပျက်စီးခဲ့ရာ လူ ၅၇၀ ထက်မနည်း ရေကြီးမှုဘေးကျ ရောက်နေသည်။
ဟီရိုရှီးမားတွင် မြေပြိုမှုအများအပြားရှိခဲ့ပြီး ရှေးဟောင်းမြို့ကျိုဒိုရှိ ပြိုကျပျက်စီးနေသော နေအိမ်များ ထဲမှ အလောင်းများထပ် တွေ့ရကြောင်း ကျိုဒိုသတင်းဌာနက ထုတ်ပြန်သည်။ယင်းနေရာနှစ်ခုလုံးတွင် လွန်ခဲ့သောနှစ်ရက်က မိုးသည်းထန်စွာ ရွာသွန်းခဲ့သည်။
သဘာဝဘေးဒဏ် ပြင်းထန်စွာ ခံစားခဲ့ရသော နေရာအနှံ့အပြားတွင် မြစ်ရေကြီးမှုများ ရှိခဲ့ပြီး ရပ်ထား သော မော်တော်ယာဉ် များ ရေပေါ် မျောနေခဲသလို ဂျပန်အစိုးရက လုံခြုံရေးတပ်များ၊ မီးသတ် သမားများ၊ ရဲများ၊ အခြားသဘာ၀ ဘေး ထူထောင်ရေးဝန်ထမ်းများကို စေလွှတ်ထားသည်။ ဂျပန်ပြည်သူများကလည်း အင်တာနက်လူမှုကွန်ရက်ပေါ်မှ အကူအညီ များ တောင်းခံလျက်ရှိသည်။