ရှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲမြို့နယ် အတွင်း၌ တတိယအကြိမ် နွားတင်ယာဉ် တစီး ပစ်ခတ်မှု ခံရသဖြင့် ယာဉ် မောင်း သေဆုံးခဲ့ကြောင်း ကျောက်မဲမြို့နယ် ဇီဝိတ လူမှု ကူညီရေး အသင်း ဥက္ကဋ္ဌ ဦးတင်မောင်သိန်း က ပြောသည်။
ဇူလိုင် ၉ ရက်တွင် တရုတ်နိုင်ငံသို့ တင်ပို့ရန် နွားအကောင် ၂၀ ကို တင်ဆောင်လာသော မောင်စံ(ခ) စံထွန်းအောင် မောင်းနှင် လာသည့် 7G/3079 နံပါတ်တပ် ၁၂ ဘီးယာဉ် ကျောက်မဲမြို့နယ် ပင်တိန်ကျေးရွာ အုပ်စု ရင်ခွဲတောင် အနီး၌ အမည် မသိ လက်နက်ကိုင် ၂ ဦး ချောင်းမြောင်း ပစ်ခတ်သွားခြင်းကြောင့် ယာဉ်မောင်း သေဆုံးသွားကြောင်း ဦးတင်မောင်သိန်းက ပြောပြ သည်။
“အခု နွားကားတွေ အပစ်ခံနေရတာ ခပ်စိပ်စိပ် ဖြစ်လာတယ်။ အပစ်ခံရတဲ့ နွားကားတွေကို စောင့်ကြည့်တော့ တရားဝင် အခွန်အခဆောင် ကုမ္ပဏီတွေက သွားခိုင်းတဲ့ ကားတွေဖြစ်နေတယ်။ ဒါက ထူးဆန်းနေတယ်။ တရားမဝင် တင်ပို့တဲ့ နွား တွေ ရှိတယ်။ အဲဒါတွေ အပစ်မခံရဘူး။ တရားဝင် တင်ပို့တဲ့ နွားကားတွေက ဘာလို့ ပစ်ခံနေ ရတာလဲ။ ဒါကရိုးသားမှု မရှိ ဘူး”ဟုလည်း ၎င်းက ပြောသည်။
ယင်း ပစ်ခတ်မှု ဖြစ်စဉ်နှင့် ပတ်သက်ပြီး ကျောက်မဲ မြို့မ ရဲစခန်း တာဝန် ရှိသူ တဦးကလည်း ဟုတ်မှန်ကြောင်း ဧရာဝတီ သို့ အတည်ပြု ပြောကြားသည်။
အဆိုပါ ပစ်ခတ်ခံရခြင်းကြောင့် ယာဉ်မောင်း မောင်စံ(ခံ)စံထွန်းအောင်သည် ဝဲဘက် ရင်ညွန့်စောင်းတွင် ကျည်ဆန် ဖောက်ဝင် ဒဏ်ရာ ၂ ချက်ဖြင့် သေဆုံးသွားရကြောင်း သိရသည်။
တရုတ်နိုင်ငံသို့ တင်ပို့နေသော နွားတင်ယာဉ်များ၌ တရားမဝင် တင်ပို့နေသော နွားကားများထက် တရားဝင် ခွင့်ပြုချက်ဖြင့် တင်ပို့နေသော ယာဉ်များကိုသာ ပစ်ခတ်ခံနေရခြင်း ဖြစ်သည်ဟု ဒေသခံများကလည်း ပြောဆိုသည်။
အခင်းဖြစ်ပွားရာသို့ သွားရောက်ကူညီသည့် ကျောက်မဲမြို့ လူမှုကူညီရေး အသင်း တခုမှ တာဝန်ရှိသူ တဦးက “ဖိုးဇော် ကုမ္ပဏီ (မန္တလေး)ပိုင် နွားတွေ တင်ဆောင်လာတဲ့ ကားလို့ သိရတယ်။ ကားဘီး မူလီတွေ ချောင်နေလို့ မူလီတွေ ကြပ် အပြီး အထွက်မှာ လက်နက်ကိုင် လူငယ် ၂ ဦး သစ်ပင် ၂ ပင်ကြား ခြုံထဲက ထွက်လာပြီး ပစ်ခတ်သွားတာ”ဟု ပြောသည်။
ထို့ပြင် ဇွန် ၂၉ ရက်တွင်လည်း ကျောက်မဲမြို့နယ် နောင်ပိန်းကျေးရွာ ရင်ခွဲတောင် အနီးတွင် နွား ၂၄ ကောင် တင်ဆောင် လာသော ၆ ဘီးတပ် ယာဉ်တစီးကို အမည်မသိ လက်နက်ကိုင်သူများက ပစ်ခတ်သွားခဲ့ခြင်းကြောင့် ယာဉ်မောင်း ဦးအောင် နိုင်ဦး ဝမ်းဗိုက်ရှေ့မှ နောက်ကြောခါးဖောက် ဒဏ်ရာ တချက်နှင့် ယာဉ်နောက်လိုက်ဖြစ်သူ ဦးမင်းသက် သည်လည်း ညာခြေ ဖနောင့် ကြွေမွ ဒဏ်ရာ တချက် အပါအဝင် ညာလက်ဖျံ ဖောက်ဝင် ဒဏ်ရာ တချက်နှင့် ညာပေါင် ဖောက် ဝင် ဒဏ်ရာ တချက် တို့ အသီးသီး ရရှိခဲ့သည်။
အဆိုပါ ပစ်ခတ်မှုနှင့် ပတ်သက်၍ ဒုတိယအကြိမ် ဇွန် ၂၉ ရက်က ပစ်ခတ်မှု ဖြစ်စဉ်အတွက် ကျောက်မဲမြို့နယ် ရဲစခန်းက လူသတ်မှု ကျူးလွန်ရန် အားထုတ်ခြင်း ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၃၀၇ နှင့် ကျပ် ၅ ထောင်အောက် မနည်း တန်ဖိုးရှိ သော တိရစ္ဆာန်ကို သတ်ဖြတ်ခြင်း၊ အကျိုး ဖျက်ဆီးမှု ဥပဒေ ပုဒ်မ ၄၂၉ တို့ဖြင့် အမှုဖွင့်ထားပြီး ဖြစ်စဉ်ကို စုံစမ်းစစ်ဆေးမှု များ လုပ်နေကြောင်း ယင်းစခန်းမှ တာဝန်ကျသူ တဦးက ပြောသည်။
၂၀၁၈ ခုနှစ် ဇွန် ၁၁ ရက်ကလည်း ကျောက်မဲမြို့နယ် နားအိုက် ကျေးရွာ အရောက် ရင်ခွဲတောင် အနီး နွားများ တင်ဆောင် လာ သော ၁၂ ဘီးယာဉ် ၅ စီးကို အမည်မသိ လက်နက်ကိုင်သူများက ပစ်ခတ် ခံရခြင်းကြောင့် အဖြူရောင် ၁၂ ဘီးတပ် ယာဉ် တစီး မှန်ကွဲကာ၍ ယာဉ်မောင်း ဦးမျိုးမြင့်ဦးနှင့် နွားထိန်း ဦးညီညီဇော်တို့ ခြေသလုံးနှင့် ခြေဖဝါး၌ လက်နက်ငယ် ကျည်ဆန် ရှပ်ထိ ဒဏ်ရာများ ရရှိမှု ဖြစ်ပွားခဲ့သေးသည်။
ယင်းသို့ နွားတင်ယာဉ်များကို ပစ်ခတ်ခြင်းသည် မည်သည့် အဖွဲ့အစည်း၊ မည်သည့် ပုဂ္ဂိုလ်မှန်း မသိရကြောင်း၊ တရားဝင် အစိုးရ ခွင့်ပြုချက်ဖြင့် သွားသော နွားတင်ယာဉ်များသာ ပစ်ခတ်ခံရပြီး မှောင်ခိုလမ်းကြောင်းကနေ ငွေပေး၍ သွားသည့် နွား တင်ပို့သူများ ပစ်ခတ်ခံရခြင်း မရှိကြောင်း ဒေသခံများက ပြောသည်။
ယခင် တပ်မတော် အစိုးရ လက်ထက်တွင် နွားများ တရုတ်နိုင်ငံသို့ တရားမဝင် တင်ပို့နေခြင်းမှ အစိုးရ အပြောင်းအလဲ ဖြစ်ပြီး နောက်ပိုင်း တရားဝင် တင်ပို့ခွင့် ရရှိခဲ့ခြင်း ဖြစ်သည်။
ကျောက်မဲမြို့နယ် အတွင်းတွင် ရှမ်းပြည် တိုးတက်ရေး ပါတီ(SSPP/SSA)၊ ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS/SSA)၊ ပလောင် (တအန်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော်(TNLA) တို့ လှုပ်ရှားလျက် ရှိကြောင်း သိရ သည်။