သတင်း

မြဝတီ-ကော့ကရိတ် အာရှလမ်းသစ်တွင် တောင်ပြိုကျမှုဖြစ်ပွား

Want create site? Find Free WordPress Themes and plugins.

ကရင်ပြည်နယ်ရှိ ဒေါနတောင်တန်း (မြဝတီ-ကော့ကရိတ်) အာရှလမ်းအသစ်တွင် ယနေ့ ဇူလိုင် ၉ ရက်နေ့ နံနက်ပိုင်းက တောင်ပြိုမှုဖြစ်ပွားခဲ့သဖြင့် ယင်းကားလမ်းကို ပိတ်ဆိုင်းထားရကြောင်း မော်လမြိုင်-မြဝတီ ယာဉ်မောင်းဖြစ်သူ ကိုဂျပန်က ပြောသည်။

“ကျနော်တို့ ဒီမနက်ဆင်းတော့ တောင်ပြိုတာနဲ့သွားဆုံတယ်၊ လမ်းက ဘယ်လိုမှ သွားလို့မရဘူး ဖြစ်နေတယ်၊ အဲဒါနဲ့ လမ်းကို ခဏပိတ်ထားတယ်၊ ပြန်လှည့်သွားရတယ်။ အခုလက်ရှိ ယာဉ်တန်းကိုကျတော့ အတက်ယာဉ်တန်း (မြဝတီသို့ သွားမည့်ယာဉ်တန်း) နဲ့ လမ်းဟောင်းကနေ ပေးတက်တယ်၊ ဒီနေ့တက်မယ့် ကောင်တွေကျတော့ တက်လို့ရတယ်၊ အဆင်း (မြဝတီမှ ပြန်မည့်ယာဉ်တန်း) ကျတော့ ဆင်းလို့မရဘူး၊ မနက်ဖြန်အဆင်ရက်ကျမှ ဒီကရှိနေတဲ့ကားတွေက ဆင်းလို့ရမယ်”ဟု ၎င်းက ဆိုသည်။

မိုးသည်းထန်စွာရွာသွန်းခဲ့ခြင်းကြောင့် မြဝတီမြို့နှင့် ကော့ကရိတ်မြို့အကြားရှိ အာရှလမ်းသစ် ၁၅၄ ကီလိုမီတာ နေရာတွင် မြေပြိုကျခြင်းဖြစ်ကြောင်း မြဝတီမြို့နယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်အောင်က ရှင်းပြသည်။

ဒီနေ့မနက် ၆ နာရီလောက်ကတည်းက ကားလမ်းပိတ်ထားတာပေါ့၊ သွားလို့မရတဲ့ အခါကျတော့ ပထမတော့ မီးသတ်တပ်ဖွဲ့တွေနဲ့ က ကျနော်တု့ိ ရှင်းလင်းမှုတွေလုပ်တာပေါ့၊ ရှင်းနေရင်းနဲ့ကို မြေကအိပြီးတော့ ထပ်ပြီး ပြိုကျလာတာပေါ့၊ ၆ နာရီလောက်က ပြိုတဲ့မြေသားထက်ကို လေးဆလောက် ၁၀ နာရီလောက် ပြန်ပြီး ပြိုကျတဲ့အခါကျတော့ လမ်းက လုံးဝသွားလို့မရတော့ဘူး”ဟု ၎င်းက ဆိုသည်။

မြေပြိုကျမှုများဖြစ်ပွားရာတွင် ထိခိုင်ဒဏ်ရာ ရရှိသူများမရှိခဲ့သော်လည်း မြေစာပုံများရှင်းရန် မီးသတ် တပ်ဖွဲ့ဝင်များစီးလာသော မော်တော်ယာဉ်ရပ်ထားသည့် နေရာအနီး၌ နံနက် ၁၀ နာရီက ဒုတိယအကြိမ် မြေစာများကျလာသဖြင့် ယာဉ်အား အနည်းငယ်ပိသွားကြောင်း သိရသည်။

“ထပ်ပြိုဖို့အနေအထားမြင်နေရတယ်၊ ဘာဖြစ်လို့လဲဆိုတော့ အဲဒီနေရာက ကျောက်သဲနည်းနည်းဆန်တာပေါ့နော်၊ အောက်ကမြေစာတွေ ဖယ်ထုတ်လိုက်ရင် နောက်ထပ် ထပ်ပြိုမှုဖြစ်လာအုန်းမလားပေါ့နော်”ဟု ဦးသန့်ဇင်အောင်က ရှင်းပြသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading