တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်(NCA) ရေးထိုးထားခြင်း မရှိသေးသည့် UWSA ‘ဝ’ အဖွဲ့ ဦးဆောင်သည့် မြောက်ပိုင်း ၇ ဖွဲ့မှ ထပ်သီး ခေါင်းဆောင်များနှင့် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နှင့် နေပြည်တော်တွင် တွေ့ဆုံရန် ရှိကြောင်း သတင်းရရှိသည်။
လက်ရှိ ငြိမ်းချမ်းရေး ဖြစ်စဉ်တွင် အစိုးရနှင့် ပိုမို နီးစပ်မှု ရှိလာအောင် တွေ့ဆုံခြင်းဖြစ်၍ မြောက်ပိုင်း ၇ ဖွဲ့မှ အဆုံးအဖြတ်ပေးနိုင်သည့် ခေါင်းဆောင်များ တက်ရောက်ရန် လိုအပ်ပြီး ထိုသို့ တက်ရောက်လာနိုင်ရန် ညှိနှိုင်းမှုများ ဆောင်ရွက်နေကြောင်း သမ္မတရုံး ပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးက မနေ့က နေပြည်တော်တွင် သတင်းထောက်များကို ပြောသည်။
“ဘာလို့လည်းဆိုတော့ လူကြီးတွေနဲ့ ညှိနှိုင်း၊ ဆွေးနွေး၊ တွေ့ဆုံဖို့ကျတော့ တကယ့် ဆုံးဖြတ်ချက်ပေးနိုင်တဲ့ ခေါင်းဆောင်တွေ ကျနော် တို့က လိုချင်တယ်။ သူတို့နဲ့ တွေ့ဖို့ဆိုတာက သူတို့ဘက်ကလည်း Decisions Making Persons တွေ ပါဖို့လိုတယ်။ အဲဒါလေးကို ကျနော်တို့က ပြန်ပြောထားတယ်”ဟု ဦးဇော်ဌေးက ပြောသည်။
မြောက်ပိုင်း ၇ ဖွဲ့တွင် UWSA ‘ဝ’ အဖွဲ့မှ ဒုတိယ ဥက္ကဌ ၂ ဦးဖြစ်သည့် ပေါက်ယိုရီ၊ ကျောက်ကော်အန်း၊ ရှမ်းပြည် တပ်မတော် (SSPP/ SSA) မှ ဗိုလ်ချုပ်ဆေးထင်၊ ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီမှ ခူးဦးရယ်၊ ကချင် လွတ်မြောက်ရေး အဖွဲ့ (KIO) မှ ဗိုလ်ချုပ် ဂွန်မော်နှင့် ပလောင်(တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)၊ မြန်မာ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် – ကိုးကန့်တပ်ဖွဲ့ (MNDAA)နှင့် ရက္ခိုင့် တပ်မတော် (AA) တို့မှ ခေါင်းဆောင်များ တက်ရောက်ကြမည်ဟု သိရသည်။
တရုတ်နိုင်ငံ၏ ညှိနှိုင်းမှုဖြင် လာရောက်မည့် ယင်းအဖွဲ့မှ အဖွဲ့ဝင် အများစုကို တရုတ် အစိုးရမှ လေယာဉ် စီစဉ်ပေးထားပြီး ဇူလိုင်လ ၁၀ ရက်နေ့ ညနေပိုင်းတွင် နေပြည်တော်သို့ ရောက်ရှိလာမည် ဖြစ်ကြောင်း၊ ၎င်းတို့ ၇ ဖွဲ့ ပူးပေါင်းထားသည့် ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေး ကော်မတီ/FPNCC)က ကြေညာချက်တစောင် ထုတ်ပြန်ရန် ရှိကြောင်းလည်း ယင်းမြောက်ပိုင်း အဖွဲ့များနှင့် နီးစပ်သူများထံမှ သိရသည်။
“မြောက်ပိုင်းအဖွဲ့မှာ အဓိက ခေါင်းဆောင်တွေ ပါလာပါလိမ့်မယ်။ အတိအကျကတော့ ညနေပိုင်းမှ ပြောနိုင်မယ်။ ထုတ်ပြန်ချက်တွေလည်း ထုတ်ပြန်ဖို့ ရှိပါမယ်”ဟု ယင်းအဖွဲ့များနှင့် နီးသပ်သူ ဦးမောင်မောင်စိုးက ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်က မြောက်ပိုင်း ၇ ဖွဲ့နှင့် တွေ့ဆုံရာတွင် UWSA ၊ KIO ၊ SSPP၊ NDAA တို့နှင့် တကြိမ်၊ ကျန် ၃ ဖွဲ့ ဖြစ်သော MNDAA ၊ AA နှင့် TNLA တို့နှင့် တကြိမ် သီးခြားစီ တွေ့ဆုံဖွယ် ရှိကြောင်း၊ တပ်ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း UWSA ၊ NDAA ၊ SSPP တို့နှင့် တကြိမ်၊ KIO နှင့် တကြိမ်၊ ကျန် ၃ ဖွဲ့နှင့် တကြိမ် သီးခြားစီ တွေ့ဆုံရန် ရှိကြောင်း အစိုးရနှင့် နီးစပ်သူများက ပြောသည်။
“ဆွေးနွေးချင်လို့ တကယ် အဆုံးအဖြတ်ပေးနိုင်မယ့် ပုဂ္ဂိုလ်တွေကို ကျနော်တို့က လာခဲ့ပါ၊ တက်ပေးပါလို့ တောင်းဆိုထားတယ်။ သို့သော် မသိရသေးဘူး။ အဲဒီအပေါ် မူတည်ပြီးတော့ အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့တွေ့တာတို့၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ တွေ့တာတို့ ဒါတွေကတော့ ဖြစ်လာလိမ့်မယ်။ ဒါပေမယ့် ဟိုဘက်က တက်လာမယ့် ပုဂ္ဂိုလ်တွေရဲ့ အနေအထားပေါ်လည်း မူတည်တယ်”ဟု သမ္မတရုံး ညွှန်ချုပ် ဦးဇော်ဌေးက ပြောသည်။
ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်၊ မေလအတွင်းကလည်း မြောက်ပိုင်း ၇ ဖွဲ့နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ကြား တွေ့ဆုံ ဆွေးနွေးမှုများ ရှိခဲ့ဖူးပြီး ငြိမ်းချမ်းရေးဆိုင်ရာ အသေးစိတ် ဆွေးနွေးမှုများထက် ဆက်ဆံရေး ကောင်းရန် တည်ဆောက်နိုင်ရေးအဆင့်သာ ထိတွေ့ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။
တတိယအကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံကို ဇူလိုင်လ ၁၁ ရက်မှ ၁၆ ရက်နေ့အထိ နေပြည်တော်ရှိ MICC – 2 တွင် ကျင်းပမည် ဖြစ်ရာ ယင်းဆွေးနွေးပွဲတွင် နိုင်ငံရေးအရ အာမခံချက် ရှိသည့် ကိုယ်ပိုင်ပြဌာန်းခွင့်၊ တန်းတူရေးဆိုင်ရာ ကိစ္စရပ်များ ပါဝင်ဆွေးနွေးနိုင်မည် မဟုတ်သဖြင့် ငြိမ်းချမ်းရေးအရ အနှစ်သာရ ရှိသည့် ညီလာခံ ဖြစ်လာမှုအပေါ် မေးခွန်းထုတ်မှုများ ရှိနေသည်။