မယ်ဆိုင်မြို့နယ် ထမ့်လုံနမ့်နွန့်ဂူ အတွင်း ပိတ်မိနေသည့် ကလေးငယ်များကို သက်ရှိထင်ရှားတွေ့မည် ဟု ဟောခဲ့သည့် မိုင်းဖုန်းဆရာတော်အား ထိုင်းဘုရင်က မဟာ ဝိဇယ လောင်ကွန်က သင်္ကန်း ဆက်ကပ်လှူဒါန်း ကြောင်း ထိုင်းသတင်းစာ မာတီချွန်၏ ဖော်ပြချက်အရ သိရသည်။
Tachileik News Agency ၏ ဖော်ပြချက်၌ ပြီးခဲ့သည့် စနေနေ့က ထိုင်းနိုင်ငံ ချင်းဆန်မြို့ ဝိန်းကျောက်ရပ်ကွက်ရှိ ကျောင်း တိုက်တွင် သီတင်းသုံးသည့် ဆရာတော်အား ထိုင်းဘုရင်၏ ကိုယ်စားတာဝန်ရှိသူမှ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်း ဖြစ်ကြောင်းဆိုသည်။
ရှမ်းပြည်နယ်ရှိ တိုင်းရင်းသားများက ကျောက်ဝင်းကျူ့ဟု ခေါ်ဆိုပြီး ထိုင်းလူမျိုးက ခူးဘား ဝင်းဆု့ဟု ခေါ်ဆိုသည့် မိုင်းဖုန်း ဆရာ၏ ဘွဲ့တော်မှာ ဘဒ္ဒန္တ ဉာဏသံဝရ ဖြစ်ပြီး၊ ကလေးများ ဂူအတွင်း ပိတ်မိနေစဉ်ကာလက ရောက်ရှိလာ၍ မေတ္တာပို့ ဆုတောင်းမှုများကို ပြုလုပ်ကာ “သူတို့ တွေ အသက်ရှင်နေသေးတယ်။ တရက် နှစ်ရက် အတွင်းရှာတွေ့မယ်” ဟု ဟောကြားခဲ့သူဖြစ်သည်။
ယခင်ကလည်း မိုင်းဖုန်းဆရာတော်သည် ထိုင်းနိုင်ငံ မြောက်ပိုင်းတခွင် အထူးသဖြင့် ချင်းမိုင်၊ ချင်းရိုင် စသည့် ပြည်နယ်များ တွင် ကျော်ကြားခဲ့ရာ၊ ဂူအတွင်း ကလေးများ ပိတ်မိနေသည့် ကိစ္စနှင့် ပတ်သက် ၍ ဟောကြားချက်ကြောင့် ဆရာတော်၏ ဘွဲ့တော်မှာ ထိုင်းနိုင်ငံ တဝန်း ပိုမိုထင်ရှားလာသည်။
ထိုင်းနိုင်ငံသည်လည်း မြန်မာကဲ့သို့ ဗုဒ္ဓဘာသာနိုင်ငံဖြစ်သည်နှင့် အညီ ဘုရင်မှနေ၍ တော်ဝင် ကထိသင်္ကန်း ကပ်လှူခြင်း သည် အစဉ်အလာဖြစ်သည်။
ထိုင်းထိပ်တန်း ဗိုလ်ချုပ်ကြီးများက မိုင်းဖုန်းဆရာတော်ကို ထမ်လုံဂူသို့ ပင့်ဆောင်ကာ ဘာသာရေး ဆုတောင်းပွဲများ ပြုလုပ်စေရာ ဆရာတော်ကလည်း ၃ကြိမ်တိုင်တိုင် ကြွလာကာ ဆုတောင်းမေတ္တာများ ပို့သပေးခဲ့သည်။
ဒုတိယအကြိမ် ကြွရောက်ပြီနောက် ရက်ပေါင်းများစွာ ရွာသွန်းနေသော မိုးမှာရပ်သွားပြီး နောက်တနေ့ တွင် ပိတ်မိနေသူ များကို ရှာတွေ့သည်။
မိုးရပ်သွားသည်မှာ ဆရာတော်ကြီး၏ ကြားဝင်ဆောင်ရွက်မှုဖြစ်သည်ဟု ထိုင်းအများအပြား ကယုံကြည်ကြသည်။
ရှမ်းပြည်အရှေ့ပိုင်းမှ မိုင်းဖုန်းကျေးရွာတွင် ၁၆နှစ်သားက စတင်တရားအားထုတ်သည့် ဆရာတော် သည် တသက်တာ သက်သတ်လွတ် စားသုံးပြီး၊ ထိုင်း၊ လာအို၊ ဘူတန်နှင့် ရှမ်းပြည်နယ်ရှိ ဂူများတွင် ကာလ ရှည်ကြာ တရားကျင့်ကြံ သောကြောင့် ကျော်ကြားသည်။
ကိုယ်ကျင့်တရား မြင့်မားလှသောကြောင့် ကြည်ညိုလေးစား ခံရသော ဆရာတော်ကို မြန်မာ၊ ထိုင်းနှင့် လာအိုနိုင်ငံတို့မှ လူအများအပြားက ကိုးကွယ်ကြပြီး၊ ဆရာတော်သည် သစ်သီးနှင့် မုန့်များကိုသာ ဘုန်းပေးပြီး မည်သည့် ရာသီဥတု တွင်မျှဖိနပ်စီးခြင်းမရှိပေ။
ဆရာတော်၏ ဒကာရင်းများတွင် မြန်မာနိုင်ငံမှ ဗိုလ်ချုပ်ကြီးများနှင့် လက်ရှိအစိုးရ၏ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ပါဝင်သည်။
ကျန်းမာရေး ယို့ယွင်းနေသည့် တပ်မတော်ခေါင်းဆောင်ဟောင်း ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေး၏ ပြင်ဦးလွင်နေအိမ်သို့ ကြွလေ့ရှိပြီး၊ မကြာသေးမီကပင် မိုင်းဖုန်းဆရာတော်မှ ဒုဗိုလ်ချုပ်ကြီး မောင်အေးအား တရားချီးမြှင့်နေသည့် ဓာတ်ပုံများ လူမှုကွန်ရက်တွင် ထွက်ပေါ်ခဲ့သည်။
သို့သော် စစ်အစိုးရလက်ထက်တွင် တာချီလိတ်ရှိ ဆရာတော်၏ ကျောင်းမှာ ချိပ်ပိတ်ခံခဲ့ရပြီးနောက် ထိုင်းနိုင်ငံတွင် ၁၀နှစ်ကျော်ခန့် သွားရောက် သီတင်းသုံးနေရာ ၂၀၁၃ ခုနှစ်တွင် ပြန်လည်ဖွင့် လှစ်ပေးခဲ့သည့်အတွက် ထိုနှစ်နိုဝင်ဘာလ ၁၅ရက်နေ့တွင် မြန်မာနိုင်ငံသို့ ပြန်လည် ကြွခဲ့သည်။
ဆရာတော်သည် ဝစီပိတ် တပါးတည်းကာလကြာမြင့်စွာ တရားကျင့်ကြံတတ်သော ဆရာတော်သည် ရက်ရောသူဟုလည်း ကျော်ကြားပြီး ဆရာတော် ထံလှူဒါန်းသမျှကို ပြန်လည်စွန့်ကြဲသည်။
၂၀၁၇ ခုနှစ် နိုဝင်ဘာလတွင် ရန်ကုန်မြို့သို့ ကြွရောက်ကာ ရွှေတိဂုံစေတီကို ဖူးမြော်ခဲ့သည်။
ရှမ်းပြည်နယ်နှင့် ထိုင်းနိုင်ငံတို့တွင် ဆရာတော်၏ ကျောင်းများရှိရာ နှစ်စဉ်လာရောက်ဖူးမျှော်သူ များပြားပြီး ယခုနှစ်တွင် ပိုမိုများပြားမည်ဟု မျှော်လင့်ရသည်။