ဂျပန်နိုင်ငံတွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီးနောက် သဘာဝဘေး ခံရသော နေရာအများအပြား၌ ရေကြီးမှု၊ မြေပြိုမှုများ ကြောင့် အင်္ဂါနေ့နံနက်အထိ သေဆုံးသူ ၁၂၂ ဦးရှိလာကြောင်း၊ အသက်ရှင်ကျန်ရစ်သူများ ရှာဖွေရေးမှာ မျှော်လင့်ချက် မှေးမှိန်နေကြောင်း AFP သတင်းအရ သိရသည်။
ကုမာနိုဒေသတနေရာတွင် နေအိမ်တလုံး၏ အပေါ်ဆုံးထပ်တွင် အဖြူရောင်မော်တော်ယာဉ်တစီး၏ ခေါင်းပိုင်းထွက်နေ သည်ကို တွေ့ရပြီး ယင်းနေရာသည် ပျက်စီးသွားသော အဆောက်အဦ၏ လက် ကျန်နေရာဖြစ်ပြီး တောင်ကုန်းတခု ဘေးသို့ ရေဖြင့်မျောပါလာခြင်းဖြစ်သည်။
လူပေါင်းဆယ်ဂဏန်းမျှမှာ ပျောက်ဆုံးနေဆဲဖြစ်ပြီး တနင်္လာနေ့တွင် နောက်ဆုံးရွာသွန်းခဲ့သော မိုးမှာ စဲသွားပြီးနောက် ကယ်ဆယ်ရေးလုပ်သားများ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်နေသော နေရာ များသို့ အရောက်သွားနိုင်ခဲ့ပြီး ယင်း နေရာများတွင် အာဏာပိုင်များက အပျက်အစီးအောက်တွင် လူသေအလောင်းများထပ်တွေ့မည်ကို စိုးရိမ်လျက်ရှိသည်။
သေဆုံး၊ပျောက်ဆုံးမှုနှုန်းမြင့်တက်လာသဖြင့် ဝန်ကြီးချုပ်ရှင်ဇိုအာဘေးသည် ၎င်း၏နိုင်ငံခြားခရီးစဉ် ၄ ခုကို ဖျက်သိမ်းခဲ့ပြီး ယခုရက်သတ္တပတ်အကုန်ပိုင်းတွင် သဘာဝဘေးထိခိုက်ခဲ့သောနေရာများသို့ သွားရောက်ကြည့်ရှုနိုင်မည်ဟု မျှော်မှန်းထား သည်။
ရေလွှမ်းနေသောနေရာများနှင့် မြေပြိုပြီးနောက် မြေမျက်နှာသွင်ပြင်ပြောင်းလဲသွားသော ဂျပန်နိုင်ငံ အနောက်ပိုင်းနှင့် အလယ်ပိုင်းမှ နေရာများတွင် ပိုက်စိတ်တိုက်ရှာဖွေရန် အရေးပေါ်ကယ်ဆယ် ရေးလုပ်သား ၇၀၀၀၀ ကျော်ကို ဖြန့်ချထားသည်။
ပြီးခဲ့သည့်ရက်သတ္တပတ်အကုန်ပိုင်းက မြစ်များမှာ စိုးရိမ်ရေမှတ်ထက် ကျော်လွန်ကာ ၁ မီတာ(၃ ပေ) တက်လျက် မြစ် ကမ်းပါး၌ မိုးရေများ လျှံတက်လာခဲ့ရာ ကျေးရွာများအားလုံး ရေကြီး၍ လူအများ အိမ်ခေါင်မိုးထက်မှနေ၍ ကယ်ဆယ် ရေးရဟတ်ယာဉ်များကို စောင့်မျှော်နေခဲ့ရသည်။