စစ်ကိုင်းတိုင်း ဒေသကြီး မော်လိုက်ခရိုင် ဖောင်းပြင်မြို့နယ် အတွင်း ကျေးရွာ ဒေသခံများထံမှ ခြိမ်းခြောက် ငွေတောင်း သည့် နေပြည်တော်တိုင်း(မ်) မှ မှုခင်းသတင်းထောက် ၄ ဦးအား အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း ပြည်ထဲရေး ဝန်ကြီး ဌာနက ယနေ့ နံနက်၌ သတင်း ထုတ်ပြန်ထားသည်။
“ကျေးရွာက သတင်းပို့တယ်။ သူတို့မသင်္ကာလို့ လူ ၄ ယောက်ကို ထိန်းသိမ်းထားတယ်ဆိုတော့ ကျနော်တို့ဆီက အပိုင် နယ်ထိန်းတွေ လွှတ်ပြီး ခေါ်လာခဲ့တယ်။ စိစစ်လိုက်တဲ့အခါ တရားမဝင်ငွေယူတာ ပေါ်ပေါက်နေတော့ သူတို့ကို ဥပဒေနဲ့ အညီ ဆောင်ရွက်ထားတယ်”ဟု ဖောင်းပြင်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး ခင်မောင်အေးက ဧရာဝတီကို ပြောသည်။
ဆက်လက်၍ ၎င်းက အဆိုပါ သတင်းထောက် ၄ ဦးကို ဖောင်းပြင် မြို့မရဲစခန်း အချုပ်တွင် ဖမ်းဆီးထားပြီး ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၃၈၆/၃၈၄ (ကြောက်အောင်ပြု၍ ခြောက်လှန့်တောင်းယူမှု၊ ခြောက်လှန့်တောင်းယူမှု) တို့ဖြင့် အမှုဖွင့် စစ်ဆေး လျက်ရှိကြောင်း ပြောဆိုသည်။
ပုဒ်မ ၃၈၄ (ခြောက်လှန့် တောင်းယူမှု) ကို ကျူးလွန်လျှင် ထောင်ဒဏ် ၃ နှစ်ထိဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ် ၂ ရပ်စလုံး ဖြစ်စေ ချမှတ်နိုင်ကြောင်း ပြဋ္ဌာန်းထားသည်။
ပုဒ်မ ၃၈၆ အရ တဦးတယောက်ကိုဖြစ်စေ၊ သူတပါးကိုဖြစ်စေ သေစေမည်ဟု (သို့) အပြင်းအထန် နာကျင်စေမည်ဟု ကြောက်အောင်ပြု၍ ခြောက်လှန့်တောင်းယူမှုကို ကျူးလွန်လျှင် ထိုသူကို ၁၀ နှစ်ထိ ထောင်ဒဏ်တမျိုးမျိုး ချမှတ်ရမည့်ပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။
ဇူလိုင် ၉ ရက် နေ့လယ် ၁ နာရီခန့်တွင် ဖောင်းပြင်မြို့နယ် သရက်ကုန်း ကျေးရွာနေ ဦးထွန်းရင်သည် နန်းမော်လိုက် ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး ဦးထိန်လင်း နေအိမ်သို့ သွားခဲ့ရာ အမည်မသိ အမျိုးသား ၄ ဦး တွေ့ရှိရပြီး ၎င်းတို့သည် ထောက်လှမ်းရေး သတင်းထောက်များ ဖြစ်ကြောင်း၊ နေပြည်တော်မှ မော်လိုက်ခရိုင်တွင် တာဝန်ပေးထားသော စစစ၊ ဒ/န၊ SB၊ မီဒီယာ အဖွဲ့ပေါင်းစုံ ဖြစ်ကြောင်း ပြောဆိုသည်ဟု ယနေ့ ပြည်ထဲရေး ဝန်ကြီးဌာနက ထုတ်ပြန်သော ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
ဆက်လက်၍ ၎င်းတို့က ကျေးရွာနေ ဦးခင်မောင်ဝင်း၏ နေအိမ်ခြံဝန်းတွင်း သစ် ၁ တန်ခန့် (အထက ခွဲနှင့် ဝန်ထမ်း အိမ်ရာ ဆောက်ရန်) တွေ့ရှိ၍ ဓာတ်ပုံရိုက်ထားကြောင်း၊ ဥပဒေနှင့် ငြိစွန်းကြောင်း၊ ကျေးရွာအတွင်း သစ်စက် လုပ်ကိုင်သူ အမည် စာရင်း ၁၀ ဦး ရှိကြောင်း ပြောဆိုပြီး ခေါ်ခိုင်း၍ ခေါ်ပေးခဲ့သည်ဟုလည်း ဆိုထားသည်။
ယင်း လူ ၁၀ ဦး၏ မှတ်ပုံတင်များကို ဓာတ်ပုံရိုက်ပြီး တဦးလျှင် ကျပ် ၁ သိန်းခွဲနှုန်းဖြင့် ငွေကျပ် ၁၅ သိန်းပေးရမည် ဖြစ်ပြီး မပေးပါက ဖမ်းဆီး ရိုက်ပုတ်နှိပ်စက်မည် ဖြစ်ကြောင်း ခြိမ်းခြောက်ပြောဆိုခဲ့၍ အုပ်ချုပ်ရေးမှူး ဦးထိန်လင်းက ကျေးရွာ တာ ဝန် ရှိသူများနှင့် တိုင်ပင်၍ ကျေးရွာ စာသင်ကျောင်း အုတ်တံတိုင်းခတ်ရန် စုဆောင်းထားသည့် ငွေ ၁၀ သိန်းကို ပေးခဲ့ရ သည် ဟုလည်း ဖော်ပြသည်။
ထိုကိစ္စနှင့် ပတ်သက်၍ အရေးယူပေးရန် ဦးထွန်းရင် က တိုင်တန်းသဖြင့် ဖောင်းပြင်မြို့မ ရဲစခန်းမှ စုံစမ်းဖော်ထုတ်ခဲ့ရာ ခြိမ်းခြောက် ငွေတောင်းယူသူများသည် နေပြည်တော်တိုင်း(မ်) မှုခင်း သတင်းထောက် (မော်လိုက်ခရိုင် တာဝန်ခံ) များ ဖြစ်ကြပြီး ကျား ၄ ဦး ပါဝင်ကြောင်း၊ ၎င်းတို့ ၄ ဦးကို ဇူလိုင် ၉ ရက် ညပိုင်းတွင် ဖမ်းဆီးရမိခဲ့ကြောင်း သတင်းထုတ်ပြန် မှုတွင် ပါရှိသည်။
ထို ၄ ဦးထံမှ အခင်းဖြစ်စဉ်က အသုံးပြုခဲ့သော လက်ကိုင်ဖုန်း ၄ လုံး၊ နေပြည်တော်တိုင်း(မ်) မီဒီယာ အဖွဲ့၊ မှုခင်းနှင့် သတင်း စုံ အသင်းအဖွဲ့ကတ် ၄ ခု၊ နေပြည်တော်တိုင်း(မ်) တံဆိပ်ပါ ရင်ထိုး ၃ ခု၊ စတစ်ကော်လာ အဖြူလက်ရှည် ၃ ထည်၊ ဘောင်းဘီ ရှည် နက်/ပြာရောင် ၃ ထည်၊ နေပြည်တော်တိုင်း(မ်) မှုခင်းနှင့် သတင်းစုံ အသင်းအဖွဲ့ချုပ် စာတမ်းပါ ပြောက်ကျား အကျႌလက်တို ၁ ထည်တို့အား သိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။
အဆိုပါ သတင်းထောက် ၄ ဦးသည် ဇူလိုင် ၁ ရက် ညနေ ၃ နာရီ အချိန်ခန့်ကလည်း ဖောင်းပြင်မြို့နယ် ဟဲလှော် ကျေးရွာ နေ ဒေါ်မြင့်အုန်း၏ နေအိမ်ဈေးဆိုင်သို့ အရက်ရောင်းသည် ဟုဆိုကာ ဖမ်းဆီးမည်ဟု ခြိမ်းခြောက်ပြီး ငွေ ကျပ် ၂ သောင်း တောင်းယူခဲ့ကြောင်း စစ်ဆေးတွေ့ရှိရသည်ဟု သတင်းထုတ်ပြန်မှုတွင် ဖော်ပြထားသည်။
ယခု ဖြစ်စဉ်မတိုင်ခင် ပြီးခဲ့သည့် ဇွန် ၂၂ ရက်ကလည်း စစ်ကိုင်းတိုင်း ဒေသကြီး ဗန်းမောက်မြို့နယ်တွင် ငွေတောင်းသည့် မှုခင်း သတင်းထောက် ၄ ဦးအား မတရား ချုပ်နှောင်ကာ ခြိမ်းခြောက် ငွေတောင်းမှု၊ ပူးပေါင်း ကြံစည်မှုတို့ဖြင့် အရေးယူ ဆောင်ရွက်လျက် ရှိသည်။
ပြည်ထဲရေး ဝန်ကြီး ဌာန အနေဖြင့် ၂၀၁၈ ဇန်နဝါရီ ၁၇ ရက်ထုတ် နိုင်ငံပိုင် သတင်းစာများတွင် “နိုင်ငံတော် လုံခြုံရေး အဖွဲ့ အစည်းများ၏ အသွင်သဏ္ဌာန်ဖြင့် ယူနီဖောင်းများ ဖန်တီး ဝတ်စားဆင်ယင်ခြင်း မပြုရန်၊ ဝတ်ဆင်ကြောင်း တွေ့ရှိပါက တရား ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း” ထုတ်ပြန် ကြေညာထားသည်။
၂၀၁၈ ဇွန် ၁၆ ရက်ထုတ် နိုင်ငံပိုင် သတင်းစာများတွင်လည်း မှုခင်း သတင်းထောက်များ အပါအဝင် သတင်းထောက် အသင်း ဝင်များ အနေဖြင့် နိုင်ငံတော် လုံခြုံရေး အဖွဲ့အစည်းများနှင့် အသွင်သဏ္ဌာန်တူသော ဝတ်စုံများဝတ်ခြင်း၊ ဥပဒေမဲ့ ငွေကြေး တောင်းခံခြင်း၊ ဥပဒေမဲ့ လုပ်ရပ်များ လုပ်ကိုင်ခြင်းတို့ အပေါ် စိစစ်တွေ့ရှိပါက တည်ဆဲဥပဒေနှင့် အညီ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ထပ်မံ ကြေညာခဲ့သည်။
ဆက်စပ် ဖတ်ရှုရန် – ခြိမ်းခြောက်ငွေတောင်းသည့် မှုခင်းသတင်းထောက် ၄ ဦးအား ဖမ်းဆီး