ရေကာတာ တည်ဆောက်ခြင်း စီမံကိန်းများတွင် ပါဝင်နေသော အိမ်နှင့် မြေယာများ ပြောင်းရွှေ့ ပေးရသော်လည်း လျော်ကြေး မရရှိသဖြင့် စားဝတ်နေရေး အခက်အခဲများ ကြုံတွေ့ရကြောင်း ဒေသခံများထံမှ သိရသည်။
ဇူလိုင်လ ၁၀ ရက်က ရန်ကုန်မြို့ Orchid Hotel တွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ၌ ရေကာတာ တည်ဆောက်မှု ကြောင့် နေအိမ်များ၊ မြေယာများ ဆုံးရှုံးခဲ့ရသည့် ဒေသခံများက ၎င်းတို့ ကြုံတွေ့နေရသည့် အခက်အခဲများကို ပြောဆိုခြင်း ဖြစ်သည်။
အကြီးစား ရေအား လျှပ်စစ် စီမံကိန်းများ ပြုလုပ်မည် ဖြစ်သည့် အတွက် ဒေသခံ တိုင်းရင်းသားများ အနေဖြင့် မိမိတို့ ရပ် ရွာ များကို စွန့်လွှတ်ခဲ့ရသည့်အပြင် မြေယာ လျော်ကြေးပေးမည် ဟု ပြောထားသည်များ ရှိသော်လည်း လက်တွေ့ ၌ မရရှိ ခြင်းကြောင့် စားဝတ်နေရေး အတွက် များစွာ အခက်အခဲ ဖြစ်ရကြောင်း ဒေသခံများက ပြောဆိုသည်။
ပသိ ရေကာတာ စီမံကိန်းကြောင့် နေရပ်မှ ပြောင်းရွှေ့ခဲ့ရသည့် နော်မူးလူ က“ဆုံးရှုံးသွားတဲ့ လယ်၊ မြေ၊ ယာ၊ သီးနှံက အစ လျော်ကြေးပေးမယ်။ ရှေ့ဆက်ပြီးတော့ လုပ်ငန်း လုပ်ကိုင်စားသောက်နိုင်ရန် အတွက်ကိုလည်း အစားပြန် ပေးမယ်။ ကျမတို့ ဒီနေ့အထိ ဘာတခုမှ မခံစားရဘူး။ ဘာမှ မရရှိခဲ့ပါဘူး”ဟု ပြောသည်။
ဆက်လက်ပြီး နော်မူးလူက “ဒီနေ့အထိ ဘယ်မှာလဲ မြေအစား ကျမတို့ ဘယ်လိုလုပ် ရှေ့ဆက်လို့ ဘဝကို ရပ်တည်နိုင် မလဲ။ အဲဒီတော့ ကျမတို့ ပြန်လိုချင်တယ် ပြန်ပေးပါ ပေးထားတဲ့ ကတိအတိုင်း ဆောင်ရွက်ပေးပါလို့ တောင်းခံတယ်” ဟု ပြောဆိုသည်။
၂၀၀၈ ခုနှစ်တွင်ဆောက်လုပ်မှု ပြီးစီးခဲ့သော ပသိ ရေအား လျှပ်စစ် စီမံကိန်းကြောင့် ကျေးရွာ ၂ ရွာ ပြောင်းရွှေ့ခဲ့ရပြီး ရေမြုပ် သည့် ဧရိယာ ၃၀၅၀၀ ဧက ရှိခဲ့ကာ အဆိုပါ ဆုံးရှုံးခဲ့သည့် မြေယာများ အတွက် လျော်ကြေး မရရှိသေးကြောင်း ကရင် လူ့ အခွင့်အရေး အဖွဲ့ (KHRG) နှင့် ကရင် မြစ်ချောင်းများ စောင့်ကြည့်ရေး ကွန်ရက် (KRW) တို့မှ ပြုစုခဲ့သည့် ရေကာတာ သည် “ဖွံ့ဖြိုးရေးလော၊ ပျက်စီးခြင်းလော” ရေကာတာ တည်ဆောက်ခြင်းကြောင့် ဒေသခံများအပေါ် ဆိုးကျိုး သက်ရောက် မှုများ ဆိုသည့် ခေါင်းစဉ်ဖြင့် ပြုစုထားသော စာတမ်း၌ ဖော်ပြထားသည်။
ရေကာတာ စီမံကိန်းကဲ့သို့သော ကြီးမားသည့် စီမံကိန်းများကို အကောင်အထည် ဖော်ရာတွင် နိုင်ငံတကာ စံချိန်စံညွှန်းများ နှင့်အညီ ဆောင်ရွက်သင့်ကြောင်းကိုလည်း အဆိုပါ စာတမ်းတွင် တောင်းဆို အကြံပြုထားသည်ဟု KRW က စောသာဘိုး က ပြောသည်။
“ရေကာတာ ဆောက်ဖို့ဆိုရင် လူတွေ ဘယ်လောက် ရွှေ့ပြောင်းရမလဲ၊ လူတွေ ဘယ်လောက် ထိခိုက်မလဲ၊ ဂေဟ စနစ် ဘယ်လောက် ထိခိုက်မလဲ ဆိုတဲ့ International Standard ကိုလိုက်နာရမယ် ဆိုရင် သယံဇာတ အရရော၊ ဂေဟစနစ် ရော၊ လူဦးရေရော ထိခိုက်မှု များတာ ဖြစ်တဲ့အတွက် စီမံကိန်းက လုံးဝကို မဆောက်နိုင်ဘူး။ ဒါကြောင့် ဒီအချက် အလက် တွေကို လိုက်နာပါလို့ တောင်းဆိုခြင်း ဖြစ်တယ်” ဟု ၎င်းက ဆိုသည်။
တိုင်းရင်းသားများ အနေဖြင့် ဖွံ့ဖြိုးရေးကို လိုလားပါသော်လည်း ယင်းဖွံ့ဖြိုးရေးကြောင့် ၎င်းတို့နေရပ်ကို စွန့်ခွာပြီး စားဝတ် နေရေး အတွက် တွေ့ကြုံခံစားရသည့် အခက်အခဲများကို မလိုလားကြောင်း ရွှေကျင် (ကျောက်နဂါး) ရေကာတာကြောင့် ဆုံးရှုံး နစ်နာခဲ့ရသည့် ဒေါ်အေးအေးမြင့် က ပြောသည်။
“ကျမတို့က ဖွံ့ဖြိုးရေးကို တအားလိုချင်ကြတယ်။ အဲဒီဖွံ့ဖြိုးရေးရဲ့ နောက်ကွယ်မှာ ကျမတို့ ဒေသခံတွေရဲ့ စားဝတ်နေရေး လုံးဝပျက်စီးတဲ့ အပိုင်းတွေကို ကြောက်ကြတယ်။ တကယ့် ဥပဒေပိုင်းဆိုင်ရာနဲ့ ကိုယ်ချင်းစာ စိတ်တွေ စေတနာတွေနဲ့ ဖွံ့ဖြိုးရေးကို လုပ်ပေးမယ်ဆိုရင် လက်မခံနိုင်စရာ အကြောင်း မရှိပါဘူး။ အခုတော့ စားဝတ်နေမှု ပျက်စီးပြီးတော့ ဒီဖွံ့ဖြိုး ရေးတွေ ဖြစ်မယ်ဆိုရင်တော့ ကျမတို့တွေအနေနဲ့ မလိုလားဘူး။ အဲဒီဖွံ့ဖြိုးရေးကလည်း လူတစုအတွက်ပဲ ဖြစ်ချင်ဖြစ် သွား မယ်”ဟု ၎င်းက ပြောဆိုသည်။
ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး သဘောတူညီချက်များ မရရှိသေးသည့် ကာလအတွင်း တိုင်းရင်းသား ဒေသများရှိ
အကြီးစား ရေအားလျှပ်စစ် စီမံကိန်းများ အကောင်အထည် ဖော်ခြင်း၊ လျာထားခြင်းများကို ရပ်တန့်ပေးရန်လည်း ဒေသခံ တိုင်းရင်းသားများနှင့် ကရင်လူမှု အဖွဲ့အစည်း တချို့က တောင်းဆိုထားကြောင်း သိရသည်။
ကရင် လူ့အခွင့်အရေး အဖွဲ့ (KHRG) မှ နော်ဂျက်စမင်က “ဒီရေကာတာတွေသာ ဆက်ဆောက်မယ် ဆိုရင် အဲဒီမှာရှိတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေလည်း ရှိတယ်ဆိုတဲ့ အခါကျတော့ ပဋိပက္ခတွေ ဖြစ်ပွားလာနိုင်တဲ့ အခြေအနေရှိတယ်။ ဒီလို ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ တည်ငြိမ်မှု မဖြစ်သေးဘဲနဲ့ ဒီလိုလုပ်ငန်းတွေ လုပ်မယ်ဆိုရင် ပိုပြီးတော့ ပဋိပက္ခတွေ တိုက်ပွဲတွေ ဖြစ်စေနိုင်တယ်လို့ အကြံပြုရခြင်း ဖြစ်ပါတယ်။ ဆောက်လုပ်တာတွေကို ရပ်တန့်စေချင်တယ်” ဟု ဆိုသည်။
အဆိုပါ ရေကာတာ စာတမ်းတွင်လည်း မြန်မာအစိုးရ အတွက် အကြံပြုချက်များ၊ ရေအား လျှပ်စစ် စီမံကိန်းများတွင် ပါဝင် သော ကုမ္ပဏီများ အတွက်နှင့် ပါဝင် လုပ်ဆောင်သူများ အားလုံးအတွက် အကြံပြုချက်များ ပါဝင်သည်။
စီမံကိန်းများတွင် လုံခြုံရေး အတွက် ရောက်ရှိလာသည့် တပ်မတော်နှင့် အဆိုပါ ဒေသရှိ လက်နက်ကိုင်များကြား ဖြစ်ပွား သော ပဋိပက္ခများကြောင့် ဒေသခံများ နေရပ်စွန့်ခွာ ထွက်ပြေးရမှုများ ရှိနေကြောင်း ကရင်လူမှု အဖွဲ့အစည်းများ၏ ထုတ် ပြန် ကြေညာချက်များတွင် ဖော်ပြသည်။
ကရင်၊ ကယား၊ မွန်၊ တနင်္သာရီ စသည့် မြန်မာနိုင်ငံ အရှေ့ တောင်ဘက်ရှိ ပြည်နယ်နှင့် တိုင်းများတွင် ရေကာတာနှင့် ရေအား လျှပ်စစ် စီမံကိန်းပေါင်း ၁၀ ခုခန့်ရှိနေပြီး ရေအားလျှပ်စစ် ဓာတ်အား ပမာဏ ၂၄၇၀ မဂ္ဂါဝပ်ခန့် ထွက်ရှိမည် ဖြစ် ကြောင်း စာတမ်းပါ အချက်အလက်များ အရ သိရသည်။
ပဲခူးတိုင်း ရွှေကျင်မြို့နယ်ရှိ ကျောက်နဂါး စီမံကိန်း၊ တောင်ငူမြို့နယ်ရှိ သောက်ရေခပ် ၂ စီမံကိန်းနှင့် ပသိရေအား လျှပ်စစ် စီမံကိန်း တို့သည် တပ်မတော် အစိုးရ လက်ထက်ကတည်းက တည်ဆောက်ပြီးစီးခဲ့ခြင်း ဖြစ်သည်။
လှိုင်းဘွဲ့မြို့နယ်ရှိ ဟတ်ကြီး ရေကာတာ၊ သံတောင်ရှိ သောက်ရေခပ် ၁ ၊ ကျောက်ကြီးရှိ ဘောကထ၊ ဘီးလင်း ရှိ ဘီးလင်း ရေကာတာ ၊ ကော့ကရိတ် ရှိ ပတ ရေအား လျှပ်စစ် စီမံကိန်း၊ ကြာအင်းဆိပ် ကြီး ရှိ မဲ့ကသာ စီမံကိန်း၊ ထီးခီး ရှိ တနင်္သာရီ စီမံကိန်းတို့မှာ တည်ဆောက်ဆဲနှင့် တည်ဆောက်ရန် စီစဉ်နေသော စီမံကိန်းများ ဖြစ်သည်။
အဆိုပါ စီမံကိန်းများကို တရုတ်၊ ထိုင်း၊ နော်ဝေ၊ ဂျပန် အစရှိသည့် နိုင်ငံများမှ နိုင်ငံတကာ အခြေစိုက် ကုမ္ပဏီများနှင့် နိုင်ငံ သားပိုင် ကုမ္ပဏီ တခုဖြစ်သည့် အေးရှားဝေါလ် ကုမ္ပဏီတို့က အသီးသီး တာဝန်ယူ တည်ဆောက်လျက် ရှိကြောင်း သိရသည်။