တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူညီမှုစာချုပ် (NCA) သည် အင်အားစု အားလုံး၏ ပန်းတိုင်ကို လျှောက်နိုင်ရန် အစပြုပေးမည့် မှတ်တိုင်တခု ဖြစ်သည်ဟု နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က ယနေ့ နေပြည်တော်၌ ကျင်းပနေသည့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ – ၂၁ရာစုပင်လုံ (တတိယအစည်းအဝေး) အဖွင့်မိန့်ခွန်းတွင် ပြောသည်။
“စုံစုံညီညီရောက်ရှိနေတဲ့ အစုအဖွဲ့ အသီးသီးကို အလေးနက်ထားပြီး ရှင်းလင်းပြောကြား ချင်ပါတယ်။ NCA ဟာ အင်အားစုအားလုံးကို ဆုံဆည်းနိုင်အောင် ဆောင်ကြဉ်းပေးခဲ့တဲ့ ဆုံမှတ်တခု ဖြစ်သလို ကျမတို့ အားလုံးရဲ့ ပန်းတိုင်ကို ဆက်ပြီး လျှောက်လှမ်းနိုင်အောင် အစပြုပေးတဲ့ စ မှတ်တိုင် တခုလည်း ဖြစ်ပါတယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
ယနေ့ စတင်ကျင်းပနေပြီဖြစ်သည့် ၂၁ ရာစုပင်လုံ တတိယ အစည်းအဝေးတွင် NCA ကို လက်မှတ်ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့၊ NCA ကို လက်မှတ်ထိုးရန် ညှိနှိုင်းနေသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအပါအဝင် တပ်မတော်နှင့် တိုက်ပွဲများ ဖြစ်ပွားနေပြီး အပစ်အခတ်ရပ်စဲရေးအတွက် ဆွေးနွေးနိုင်ခြင်း မရှိသေးသည့် မြောက်ပိုင်းအခြေစိုက် အဖွဲ့များ၏ အကြီးအကဲများလည်း ရောက်ရှိနေသည်။
ဒေါ်အောင်ဆန်းစုကြည်က NCA ထိုးပြီးပါက NCA သဘောတူညီချက်များဖြင့်သာ ရပ်ဆိုင်းနေခြင်း မဟုတ်ပဲ နိုင်ငံရေးဆွေးနွေးပွဲများကို ဆက်လက်ကြိုးပမ်းနေကြောင်း၊ ၂၀၁၇ ခုနှစ်က ကျင်းပခဲ့သည့် ၂၁ရာစုပင်လုံ ဒုတိယအကြိမ် အစည်းအဝေးတွင် ပြည်ထောင်စုသဘောတူ စာချုပ် ပထမအစိတ်အပိုင်းကို ချုပ်ဆိုနိုင်ခဲ့ပြီး ယခုညီလာခံတွင် ဒုတိယအစိတ်အပိုင်းကို ချုပ်ဆိုကြမည် ဖြစ်ကြောင်း ပြောသည်။
“ဒီအခြေအနေမှာ မပါဝင်နိုင်သေးတဲ့ အဖွဲ့အစည်းတွေအနေနဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေမှာ ပါဝင်နိုင်ဖို့ ရှေ့ဆက်ဖြစ်နိုင်ချေနဲ့ ပကတိတည်ရှိနေတဲ့ လက်တွေ့အခြေအနေတွေကနေ စတင်ကြဖို့ ကျမတို့နဲ့ အတူ ပူးပေါင်းပါဝင်လျှောက်လှမ်းကြဖို့ အလေးအနက်ထားပြီး တိုက်တွန်းပြောကြားလိုပါတယ်”ဟု လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
တိုင်းရင်းသားနယ်မြေများတွင် ပြည်သူများမှာ အေးအေးချမ်းချမ်းမနေရပဲ ငြိမ်းချမ်းရေးကို စောင့်ဆိုင်းနေရသည်မှာ နှစ်ပေါင်း ၇၀ ရှိပြီဖြစ်သဖြင့် တိုင်းရင်းသားပြည်သူများ အချိန်အများကြီး ထပ်မစောင့်ဆိုင်းချင်ကြတော့ပါဟုလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
ယခင်က “ဖက်ဒရယ်” ဆိုသည့် ဝေါဟာရကို လုံးဝလက်မခံခဲ့သည့် ရပ်တည်ချက်ရှိသူများ ကလည်း ပြောင်းလဲလာပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးကို ဦးတည်ကြိုးပမ်းဖို့ NCA စာချုပ်မှာ လက်မှတ်ထိုး ကတိကဝတ်ပြုထားကြပြီး ဖြစ်ကြောင်း၊ သို့သော် “ဖက်ဒရယ်” ဆိုင်ရာ သဘောတူညီချက်များမ ရယူနိုင်ကြခြင်းက ငြိမ်းချမ်းရေး ဖြစ်စဉ်အောင်မြင်ရန် နှောင့်နှေးနေစေသည် ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
၂၁ ရာစုပင်လုံ တတိယ အစည်းအဝေးတွင် NCA ထိုးရန်ညှိနှိုင်းဆဲ နှင့် အခြား အပစ်အခတ်ရပ်စဲရေး စာချုပ်ကို ဆွေးနွေးရန် တောင်းဆိုထားကြသည့် ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP)၊ “ဝ”ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) ၊ အမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်မတော် – မိုင်းလားအဖွဲ့ (NDAA) ၊ ရှမ်းပြည် တိုးတတ်ရေး ပါတီ (SSPP) ၊ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ၊ မြန်မာအမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော်- ကိုးကန့်အဖွဲ့ (MNDAA)၊ တအန်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် ရက္ခိုင့်တပ်မတော် (AA) တို့မှ ထိပ်သီးခေါင်းဆောင်များ တက်ရောက်လျက်ရှိပြီး အစိုးရ နှင့် တရုတ်နိုင်ငံဘက်မှ ၎င်းတို့ကို NCA ထိုးရန် တိုက်တွန်းလျက်ရှိသည်။
ထိုထဲမှ UWSA နှင့် NDAA တို့သည် ၁၉၈၉ ခုနှစ်က စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး စာချုပ် ချုပ်ဆိုပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်များကို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရရှိထားပြီး တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခြင်း မရှိသဖြင့် ယခုအခါ အသစ်ထပ်မံ ပြုလုပ်လာသည့် NCA ကို ရေးထိုးရန် အစိုးရနှင့် ညှိနှိုင်းနေဆဲ ဖြစ်သည်။
KIA နှင့် SSPP တို့သည် NCA စာချုပ် ရေးဆွဲစဉ်က ပါဝင်ခဲ့ကြသော်လည်း ၎င်းတို့ ဒေသများတွင် တိုက်ပွဲများ ခြင်း၊ တပ်မတော်မှ ထိုးစစ်ဆင်ခြင်း ၊ ၎င်းတို့နှင့် နယ်မြေချင်း ထိစပ်ပြီး မဟာမိတ်ဖြစ်သည့် အခြားတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို ငြိမ်းချမ်းရေး ဆွေးနွေးရာတွင် ချန်လှပ်ထားခဲ့ခြင်း တို့ကြောင့် NCA ထိုးရန် နောက်ဆုတ်သွားခြင်း ဖြစ်သည်။
MNDAA ၊ TNLA နှင့် AA တို့မှာ ၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလက ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့်ဒေသ တိုက်ပွဲတွင် တပ်မတော်ကို ဝင်ရောက်တိုက်ခိုက်ကာ နိုင်ငံ၏ အချုပ်အခြာအာဏာကို တိုက်ခိုက်သည်ဟု ဆိုပြီး တပ်မတော်က ငြိမ်းချမ်းရေး မဆွေးနွေးနိုင်ဟု ပြောဆိုခံထားရသည့် အဖွဲ့များ ဖြစ်သည်။
ထို ၃ဖွဲ့သည် တပ်မတော်နှင့် စစ်ရေးပဋိပက္ခများ ဖြစ်ပွားနေဆဲ ဖြစ်ပြီး ပြေလည်နိုင်ရန် တရုတ်နိုင်ငံ၊ အာရှရေးရာအထူးသံတမန် မစ္စတာ ဆွန်ကော့ရှန်မှ ကြားဝင် ညှိနှိုင်းပေးမှုဖြင့် တပ်မတော်၊ အစိုးရ တို့နှင့် အလွတ်သဘော ဆွေးနွေးမှု များ ရှိသည်။
NDAA မှ အထွေထွေအတွင်းရေးမှူး ဦးကြည်မြင့်က ၎င်းတို့သည် စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး စာချုပ်ကို ၁၉၈၉ ခုနှစ် စချုပ်ပြီးနောက် ဒေသဖွံ့ဖြိုးတိုးတက်လာပြီး ပြည်သူများကလည်း သေနတ်သံ ပြန်မကြားလိုသဖြင့် ရှေ့ကိုသာ ဆက်သွားမည်ဟု ပြောသည်။
NCA ထိုးရန် ကိစ္စနှင့် ပတ်သက်၍လည်း အစိုးရနှင့် ညှိနှိုင်းနေဆဲ ဖြစ်ပြီး ရှေ့ကို သွားမည်ဆိုပါက ထိုလမ်းက ရှောင်လွဲ၍ မရနိုင်ပါဟုလည်း ဦးကြည်မြင့်က ဆိုသည်။
၂၁ရာစုပင်လုံ တတိယအစည်းအဝေးသို့ ရောက်ရှိနေသည့် KIA ကိုယ်စားလှယ် အကြီးအကဲ ဗိုလ်ချုပ် ဂွန်မော်က “ မျှော်လင့်ချက်တွေနဲ့လာတာပါလို့ သတင်းစကားပေးချင်ပါတယ်”ဟု ပြောသည်။
ကချင်ပြည်နယ်တွင် ၂၀၁၆ ခုနှစ်၊ ဇွန်လမှ စ၍ ၂၀၁၈ ခုနှစ် ၊ မေလ ထိ တိုက်ပွဲများ ကြီးကြီးမားမား ဖြစ်ပွားထားကာ စစ်ဘေးရှောင်ဒုက္ခသည် ၆၀၀ ခန့် တိုးလာခဲ့သည်။
ဗိုလ်ချုပ်ဂွန်မော်က ယခုအခါ စစ်ရေးအခြေအနေငြိမ်သက်နေသည်မှာ တလခန့်ရှိပြီဖြစ်သော်လည်း ရှေ့တန်းတွင် အသင့်အနေအထားနှင့်သာ ရှိနေဆဲပါဟု ပြောသည်။
AA ဒုစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်က “ကျနော်တို့ကတော့ အစည်းအဝေး ဖိတ်စာအရ လာတက်ပါတယ်။ ဖိတ်ကြားချက်အတိုင်းပါပဲ ။ ကျနော်တို့က FPNCC ရဲ့ ရပ်တည်ချက်မူအတိုင်းပဲ လာခဲ့တာပါ။ ဒီမှာဘာပဲဖြစ်ဖြစ် ကျနော်တို့ FPNCCရဲ့ ရပ်တည်ချက်အတိုင်းပဲ ဆက်လက်ရှိနေမှာပါ” ဟု ပြောသည်။
TNLA မှ ကိုယ်စားလှယ်တဦးအဖြစ်တက်ရောက်လာသည့် ဒုဥက္ကဌ ဗိုလ်မှူးချုပ် တာခူလာန်းကလည်း “တအန်း ပြည်သူတွေ မြန်မြန်ငြိမ်းချမ်းပါစေလို့ပဲ ကျနော် ဆုတောင်းပါတယ်”ဟု ပြောသည်။
UWSA ၊ NDAA ၊ KIA ၊ SSPP ၊ MNDAA ၊ TNLA နှင့် AA တို့သည် မဟာမိတ် ဖွဲ့ပြီး ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးရေး ကော်မတီ (FPNCC) အောက်တွင် အစိုးရနှင့် NCA မဟုတ်သည့် အပစ်အခတ်ရပ်စဲရေးစာချုပ်သစ် တခုချုပ်ဆိုကာ နိုင်ငံရေး အတူတကွ ဆွေးနွေးရန် ကြေငြာ ထားသည်။
သို့သော် အစိုးရက FPNCC ကို အသိအမှတ်ပြုထားခြင်း မရှိသေးပဲ ၂၁ရာစုပင်လုံ ညီလာခံ တတိယအစည်းအဝေးကိုလည်း တဖွဲ့ချင်းစီအနေဖြင့်သာ ဖိတ်ကြား ထားသည်။
KIA ၊ SSPP ၊ MNDAA ၊ TNLA နှင့် AA တို့ အစိုးရ၊ တပ်မတော်တို့နှင့် ပြေလည်နိုင်ရေးအတွက် တရုတ် နိုင်ငံဘက်မှ ကြားဝင်ညှိနှိုင်းပေးမှုများ ရှိပြီး ၂၁ရာစု ပင်လုံ တတိယအစည်းအဝေးကို တတ်ရောက်နိုင်ရန်လည်း တရုတ်နိုင်ငံမှ လုံခြုံရေးတာဝန်ယူပြီး နေပြည်တော်သို့ ပို့ဆောင် ပေးထားသည်။
ဇူလိုင်လ ၁၂ရက်တွင် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နှင့် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်တို့က သီးသန့် UWSA ၊ NDAA နှင့် SSPP တို့ကို တဖွဲ့၊ KIA ကို တဖွဲ့ တွေ့ဆုံရန် ရှိပြီး MNDAA ၊ TNLA နှင့် AA တို့လည်း တွေ့ဆုံရန် ရှိသည်ဟု သိရသည်။