လက်ရှိ တည်ဆောက်နေသော ငြိမ်းချမ်းရေးသည် ချောတိုင် တက်ရသကဲ့သို့ ဖြစ်နေသဖြင့် လက်ရှိ အဆင့်မှ အောက်သို့ ပြန်မကျရန် လိုကြောင်း ကရင်အမျိုးသား အစည်းအရုံး (KNU) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး က ပြောသည်။
ဇူလိုင် ၁၁ ရက်မှ ၁၆ ရက်ထိ နေပြည်တော်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း စင်တာ(MI CC-2)၌ ကျင်းပလျက်ရှိ သည့် တတိယ အကြိမ် ၂၁ ရာစု ပင်လုံ ညီလာခံကို အခမ်းအနား ဖွင့်ပွဲ မိန့်ခွန်းပြောရာတွင် ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး က အထက်ပါ အတိုင်း ထည့်သွင်း ပြောဆိုခြင်း ဖြစ်သည်။
KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက “ဒီမှာ ကျနော် ပွင့်ပွင့်လင်းလင်း ပြောချင်တာက ကျနော်တို့ ဒီ ငြိမ်းချမ်းရေးကို တည်ဆောက်တဲ့ နေရာမှာ ချောတိုင် တက်သလို ဖြစ်နေပါတယ်။ ကျနော်တို့ အခု ရောက်ရှိနေတဲ့ အဆင့်ကနေ မကျဆင်း သွားဖို့ လိုပါတယ်။ အခု ရရှိနေရာကနေ ပန်းတိုင်ကို အားလုံး ကျနော်တို့ ညီညီညွတ်ညွတ်နဲ့ ဖော်ဆောင်ရမှာ ဖြစ်ပါတယ်။ ဒီအဆင့်ကနေပြီးတော့ အောက်ကို မကျဖို့ ကြိုးပမ်းရမှာပါ” ဟု ပြောသည်။
ထို့ပြင် ဆယ်စုနှစ်များစွာ နိုင်ငံရေး အမြင် မတူညီမှု၊ အခွင့်အရေး ရရှိမှု မညီမျှခြင်း၊ ခံယူချက် မတူညီမှုများအပေါ် အခြေခံ ၍ နှစ်ရှည်လများ လက်နက်ကိုင် ပဋိပက္ခများ ဖြစ်ပွားခဲ့ကြသည့် အစုအဖွဲ့များကြား ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူမှု စာချုပ် ချုပ်ဆိုနိုင်ခြင်းမှာ တိုးတက်လာသည့် အနေအထား တခုသို့ ရောက်ရှိခြင်း ဖြစ်ပြီး ယင်းကို အသိအမှတ်ပြုရ မည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။
ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး က “ကျန်ရှိနေသေးသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်းများလည်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ ပါဝင်လာနိုင်ဖို့ အတွက် ပိုမို၍ ဆောင်ရွက်ရန် လိုအပ်ပါတယ်” ဟု ပြောသည်။
ယင်းအခမ်းအနား၌ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံရေး ပြဿနာများကို ညှိနှိုင်း ဖြေရှင်း ကြရာတွင် အရေးကြီးဆုံးမှာ အားလုံး ရပ်တန့်မနေဘဲ ရှေ့ကိုဆက်ပြီး လျှောက်လှမ်းနေရန်၊ ခြေတလှမ်းနှင့် တလှမ်းကြား အခက်အခဲ အမျိုးမျိုး၊ စိန်ခေါ်မှု အဖုံဖုံ ကြုံတွေ့စေကာမူ စိတ်မပျက်၊ အားမလျှော့ဘဲ ရုန်းထ ရှင်သန်၍ ရှေ့ကို လျှောက် လှမ်းနေရန် ပြောဆိုသွားသည်။
မြန်မာနိုင်ငံကို တိုင်းရင်းသားများ၏ ပြည်ထောင်စု စိတ်ဓာတ်ဖြင့် အတူတကွ ပူပေါင်း တည်ထောင်ခဲ့ကြရာ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးကို စစ်ရေး အရ ဖိအားပေးခြင်းဖြင့် အတင်းအကျပ် တည်ဆောက်၍ မရကြောင်း၊ တိုင်းရင်းသား လူမျိုးများကြား လွတ်လပ်မှု၊ တန်းတူ ညီမျှမှု၊ တရားမျှတမှု အခြေခံတရားများဖြင့်သာ တည်ဆောက်နိုင်မည် ဟုလည်း ၎င်းက ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်က “ကျမတို့နိုင်ငံ၊ ကျမတို့ ပြည်ထောင်စု အတွက် ရေရှည် တည်တံ့ခိုင်မြဲတဲ့ ပြန်လည် သင့်မြတ် ရေးနဲ့ ငြိမ်းချမ်းရေး အတွက် ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး တခုတည်းနဲ့ မလုံလောက် မပြည့်စုံနိုင်ပါဘူး။ သေနတ် တချက် ဖောက်လိုက်တာနဲ့ ရရှိထားတဲ့ အပစ်ရပ် သဘောတူညီချက်တွေ ပျက်ပြယ်သွားပြီးတော့ လက်နက်ကိုင် ပဋိပက္ခ သံသရာ မှာ ပြန်ပြီး လည်ခဲ့ရတာ အားလုံး အသိပဲဖြစ်ပါတယ်” ဟု ပြောသည်။
လက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းစေရန် အတွက် မတူကွဲပြားသည့် အင်အားစုများကြား အားလုံး သဘောတူ လက်ခံ နိုင်သည့် နိုင်ငံရေး သဘောတူညီများ နိုင်ငံရေး ပဋိဉာဉ်များ ရရှိရန် အထူး အရေးကြီးသည်ဟု ဒေါ်အောင်ဆန်းစုကြည် က ပြောဆိုသွားသည်။
အဆိုပါ အခမ်းအနား ဖွင့်ပွဲ မိန့်ခွန်းတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “ပေါ်ပေါက်ခဲ့တဲ့ လက်နက်ကိုင် အဖွဲ့အစည်းများနဲ့ တပ်မတော်ရဲ့ အကြားမှာ ပြဿနာကြီးငယ် တစုံတရာ မရှိဘဲ သက်ဆိုင်ရာ အစိုးရများနဲ့ လက်နက်ကိုင် အဖွဲ့အစည်းများ ကြားမှာသာ မကျေနပ်ချက်တွေ၊ တောင်းဆိုချက်တွေရှိကြောင်း တွေ့ရှိရမှာ ဖြစ်ပါတယ်” ဟု ပြောကြားသွားသည်။
လက်ရှိ၌ တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်(NCA)ကို KNU၊ ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ(RCSS/SSA)၊ ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော်(DKBA) ၊ ကရင်ငြိမ်း ချမ်းရေးကောင်စီ(KNU/KNLA-PC)၊ ချင်းအမျိုးသား တပ်ဦး(CNF)၊ ပအိုဝ့် အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO)၊ မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသား များ ဒီမိုကရက်တစ် တပ်ဦး(ABSDF)၊ ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ(ALP)၊ မွန်ပြည်သစ်ပါတီ(NMSP)၊ လားဟူ ဒီမို ကရက်တစ် အစည်းအရုံး(LDU)တို့ လက်မှတ် ထိုးထားကြသည်။
“ဝ” ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော်(UWSA)၊ ရှမ်းပြည် တိုးတက်ရေး ပါတီ(SSPP/SSA)၊ ဒီမိုကရေစီ မဟာမိတ် တပ်မတော်(NDAA-မိုင်းလားအဖွဲ့)၊ ကချင် လွတ်လပ်ရေး တပ်မတော်(KIA)၊ ပလောင်(တအန်း) အမျိုးသား လွတ်မြောက် ရေး တပ်မတော်(TNLA)၊ မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော်(MNDAA)၊ ရက္ခိုင့် တပ်မတော်(AA)၊ နာဂ အမျိုးသား ဆိုရှယ်လစ် ကောင်စီ-ကပ်ပလန်(NSCN-K)၊ ကရင်နီ အမျိုးသားတိုးတက်ရေး ပါတီ(KNPP)၊ ရခိုင် အမျိုးသား ကောင်စီ(ANC)တို့ NCA မထိုးနိုင်သေးကြောင်း သိရသည်။