မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်အတွင်း အသက် ၁၃ နှစ်အရွယ် သမီးအရင်းဖြစ်သူကို ဖခင်က အဓမ္မပြု ကျင့်ခဲ့ကြောင်း တိုင်တန်းလာသဖြင့် ဆတ်သွားနယ်မြေရဲစခန်းမှ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
“မုဒိမ်းကျင့်ခံရတယ်ဆိုပြီး သမီးဖြစ်သူက လာတိုင်လို့ ပုဒ်မ ၃၇၆ နဲ့ ဖွင့်ထားတယ်။ ၉ ရက်နေ့မှာ လာတိုင်တာ။ တိုင်တန်းတဲ့နေ့ပဲ ဖမ်းလိုက်တာ တရားခံက အချုပ်ထဲမှာ” ဟု ဆတ်သွားနယ်မြေရဲစခန်း စခန်းမှူး ထွန်းအောင်ကျော်က ဧရာဝတီကို အတည်ပြု ပြောသည်။
လူမှုကွန်ရက်စာမျက်နှာတွင် ပျံ့နေသည့် တရားခံဆိုသူ၏ ဓာတ်ပုံသည်လည်း အမှန်အကန်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
ဖြစ်စဉ်မှာ ဇူလိုင် ၈ ရက် နံနက် ၇ နာရီခန့်တွင် အသက် ၁၃ နှစ်အရွယ် သမီးဖြစ်သူနှင့် ဖခင်ဖြစ်သူ ထွန်းမြင့်နိုင်(ခ)ကံတင် (၃၃ နှစ်)တို့သည် ရွာ၏တောင်ဘက် ၁ မိုင်ခန့်အကွာရှိ ချောင်းထဲသို့ ပိတ်စွယ်ဖူးချိုးရန် သွားရောက်ခဲ့ကြောင်း၊ ၁၁ နာရီ ခန့်အချိန်တွင် ဖခင်ဖြစ်သူမှ ဘာမှပြောဆိုခြင်းမရှိဘဲ သမီးဖြစ်သူကို တွန်းလှဲကာ အကြိမ်ကြိမ် အဓမ္မပြုကျင့်ခဲ့ကြောင်း၊ ဇူလိုင် ၇ ရက်နေ့ကလည်း အလားတူအဓမ္မပြုကျင့်မှုမျိုး ၂ ကြိမ် ကျူးလွန်ခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။
ပြည်ထဲရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်များအရ ၂၀၁၇ တွင် ဖြစ်ပွားခဲ့သော မုဒိမ်းမှုပေါင်း ၇၅၃ မှုအနက် အသက် ၁၁ နှစ်မှ ၁၃ နှစ်အတွင်းဖြစ်ပွားသည့် မုဒိမ်းမှုပေါင်း ၂၂၁ မှု ရှိကြောင်း၊ မကွေးတိုင်းဒေသကြီးသည် သက်ငယ်မုဒိမ်းဖြစ်ပွားမှုနှုန်း တတိယအများဆုံးဖြစ်ကြောင်း သိရသည်။