သတင်း

ငြိမ်းချမ်းရေး ညီလာခံမ စတင်မီ တပ်မတော်နှင့် RCSS တိုက်ပွဲဖြစ်

Want create site? Find Free WordPress Themes and plugins.

ရှမ်းပြည်နယ် မိုင်းကိုင်မြို့နယ်ရှိ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ/ ရှမ်းပြည်တပ်မတော် – တောင်ပိုင်း (RCSS/SSA-South) ၏ စခန်းတခုကို တနင်္လာနေ့က မြန်မာ့တပ်မတော်က တိုက်ခိုက်ခဲ့ပြီး ၎င်းတို့၏ စခန်းဟောင်းသို့ ပြန်လည် ဆုတ်ခွာရန် သတိပေးခဲ့သည်။

မွန်းတည့်ချိန်တွင် တပ်မတော် ခြေလျှင်တပ်ရင်း ၅၆၉ သည် မြို့ပြင်သစ်တောအတွင်း တည်ရှိသော ထို RCSS စခန်းကို တနာရီခန့် တိုက်ခိုက်ခဲ့သည်။

“သူတို့က ကျနော်တို့ စခန်းကို လာတိုက်တာ” ဟု RCSS ပြောခွင့်ရသူ ဒု ဗိုလ်မှူးကြီး စိုင်းဦးက ပြောသည်။ ထို တိုက်ခိုက်မှုနှင့် ပတ်သက်သော ထိခိုက်ဒဏ်ရာရရှိမှု အသေးစိတ်ကို သူ၏ တပ်ဖွဲ့များထံမှ သတင်းမရ သေးကြောင်း သူက ဆက်ပြောသည်။

တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) တွင် အကျုံးမဝင်ဟု တပ်မတော်က ပြောသော ရှမ်းပြည်တောင်ပိုင်း နေရာသစ်မှ ၎င်းတို့၏ နေရာဟောင်းသို့ ပြန်လည်ဆုတ်ခွာရန် တပ်မတော်က RCSS ကို သတိပေးသည်။

RCSS ဒေသများတွင် မြန်မာ့တပ်မတော်က တပ်ဖွဲ့များကို မကြာသေးမီက ပိုမိုချထားလာပြီး အင်အားအလုံးအရင်းဖြင့် လှုပ်ရှားလာကြောင်း RCSS ၏ အဆိုအရ သိရသည်။ တပ်မတော်၏ တနင်္လာနေ့က တိုက်ခိုက်မှုသည် ယခင်အပတ်က သတိပေးချက်နှင့် ပတ်သက်နေသည်ဟု RCSS ပြောခွင့်ရသူက ဆိုသည်။

RCSS သည် နိုင်ငံတွင် ငြိမ်းချမ်းရေး ထူထောင်နိုင်ရန် အစိုးရနှင့် ပူးပေါင်း လုပ်ကိုင်ရန်အားထုတ်သည့် NCA လက်မှတ် ရေးထိုးထားသော လူမျိုးစု လက်နက်ကိုင်အဖွဲ့အစည်း ၁၀ ခုတွင်ပါဝင်သည်။ သို့သော် မြန်မာ့တပ်မတော်နှင့် RCSS အကြား တင်းမာမှုများသည် မှန်မှန်မြင့်မားလာနေသည်။

ရှေ့ဆက် ဖြစ်ပေါ်လာမည့် ဖြစ်ရပ်များသည် တပ်မတော်အပေါ်တွင်သာ မူတည်နေသည်ဟု ဒုဗိုလ်မှူးကြီး စိုင်းဦး က ပြောသည်။

လက်ရှိ အကောင်အထည် ဖော်နေသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၏ အစိတ်အပိုင်းအဖြစ် RCSS သည် လက်နက်ကိုင် ပဋိပက္ခကို နိုင်ငံရေးနည်းဖြင့်သာ ဖြေရှင်းရန် အကောင်းဆုံး ကြိုးစားမည်ဟုလည်း သူက ဆက်ပြောသည်။

“တခါတလေတော့လည်း ရှောင်လို့မရရင် သူတို့ကို ပြန်တိုက်ရတယ်။ ကျနော်တို့ဘက်ကတော့ နိုင်ငံရေး ပြဿနာကို ငြိမ်းချမ်းစွာ ဖြေရှင်းဖို့ အကောင်းဆုံး ကြိုးစားမယ်” ဟု ဒုဗိုလ်မှူးကြီး စိုင်းဦးက ဆိုသည်။

စခန်းဟောင်းသို့ ပြန်သွားရန် တပ်မတော်၏ သတိပေးမှုနှင့် ပတ်သက်ပြီး ဒု ဗိုလ်မှူးကြီး စိုင်းဦးက ၎င်းတို့ တပ်ဖွဲ့များသည် ရှမ်းပြည်နယ် အတွင်းတွင်သာ အခြေစိုက်ထားကြောင်း ပြောသည်။

“ကျနော်တို့တပ်တွေက တည်မြဲ နေရာတွေမှာပဲရှိနေတာ။ ရှမ်းပြည်နယ်ထဲမှာပဲ ရှိနေတာ။ ကျနော်တို့က တခြား လူမျိုးစုတွေရဲ့ နယ်မြေထဲကို ရောက်နေတာ မဟုတ်ဘူး” ဟု သူက ပြောသည်။

ထိန်းချုပ်ဒေသများ၏ အသိအမှတ်ပြု နယ်နိမိတ်အတွက် တပ်မတော်နှင့် RCSS တို့သည် နှစ်ဖက် သဘောတူ စာချုပ် လက်မှတ်ရေးထိုး ထားသော်လည်း NCA လက်မှတ်ရေးထိုးချိန်က စတင်ပြီး နယ်နိမိတ်သတ်မှတ်ရန် လုပ်ဆောင်မှု မရှိခဲ့ပေ။

“RCSS က ထိန်းချုပ်ဒေသတွေကို နယ်နိမိတ် မသတ်မှတ်ရသေးဘူး။ ဒါပေမယ့် သူတို့က ကျနော်တို့တွေ အားလုံး ဌာနချုပ်ကို ပြန်သွားတာကို မြင်စေချင်နေတာ ဖြစ်မယ်” ဟု သူက ပြောသည်။

အစိုးရသည် ၂၁ ရာစုပင်လုံညီလာခံကို နေပြည်တော်တွင် ဗုဒ္ဓဟူးနေ့က စတင်ကျင်းပသည်။ အစိုးရက NCA လက်မှတ် ရေးထိုးထားသော လူမျိုးစု လက်နက်ကိုင် အဖွဲ့အစည်းများ အားလုံးနှင့် လက်မှတ် မရေးထိုးရ သေးသည့် အဖွဲ့အချို့နှင့်အတူ ညီလာခံသို့ ဖိတ်ခဲ့သည်။

သို့သော် လူမျိုးစု လက်နက်ကိုင်အဖွဲ့အစည်းများနှင့် နိုင်ငံရေးပါတီများသည် ညီလာခံတွင် အချို့သော နိုင်ငံရေး ပြဿနာများကို ဆွေးနွေးခွင့် ရမည်မဟုတ်ပေ။ ညီလာခံတွင် ဆွေးနွေးမည့် ခေါင်းစဉ်များတွင် ကျား၊ မ တန်းတူ ညီမျှရေး ပါဝင်ပြီး နိုင်ငံရေးတွင် အမျိုးသမီ ၃၀ ရာခိုင်နှုန်း ပါဝင်စေရန် မည်သို့ လုပ်ဆောင်ကြမည်ကို ဆွေးနွေးမည် ဖြစ်သည်။

ပြည်ထောင်စုမှ ခွဲထွက်ခွင့်နှင့် ပတ်သက်ပြီး လူမျိုးစု လက်နက်ကိုင်အဖွဲ့အစည်းများနှင့် တပ်မတော်တို့အကြား သဘောထား ကွဲလွဲမှု ဖြစ်ပေါ်နေသည်။ လူမျိုးစု လက်နက်ကိုင် အဖွဲ့အစည်းများ မည်သည့်အခါတွင်မျှ မခွဲထွက်ဟု ကတိပေးသည်ကို တပ်မတော်က လိုလားနေသည်။

သို့သော် ထိုအချက်ကို လိုက်လျောလိုက်ပါက တပ်မတော်၏ အခွင့်အရေး ချိုးဖောက်မှုများကို ခံရနိုင် သောကြောင့် လူမျိုးစု လက်နက်ကိုင် အဖွဲ့အစည်းများက သဘောမတူပေ။ လူမျိုးစု လက်နက်ကိုင် အဖွဲ့အစည်းများ ထိုကတိကို မပေးလျှင် ညီလာခံတွင် ကိုယ်ပိုင် ပြဌာန်းခွင့်ကို ဖက်ဒရယ် ပြဿနာအဖြစ် ဆွေးနွေးခြင်းကို တပ်မတော်က လက်မခံပေ။

(အင်္ဂလိပ်ဘာသာဖြင့် Tatmadaw Attacks RCSS Location in Mong Kung on Eve of Peace Conference တွင် ဖတ်ရှုနိုင်သည်။)

Did you find apk for android? You can find new Free Android Games and apps.
Loading