အိမ်အကူ မကရင်မ အသတ်ခံရမှုနှင့် ပတ်သက်ပြီး တပ်မတော်အရာရှိကတော်ကို တရားစွဲဆိုထားသည့် အမှုတွင် တရားလိုပြုလုပ် တိုင်တန်းခဲ့သည့် အုပ္ဖိုလ်ကျေးရွာ ရာအိမ်မှူး ဦးအေးသောင်းကို ရန်ကုန်တောင်ပိုင်းခရိုင် တရားရုံး တွင် ယနေ့ ဇူလိုင် ၁၁ ရက် တွင် စတင်စစ်ဆေးခဲ့သည်။
ယနေ့တရားခွင်တွင် တရားလို ဦးအေးသောင်းကို မကရင်မသေဆုံးခဲ့စဉ်က အခြေအနေများ၊ တရားစွဲဆိုခဲ့သည့် အခြေ အနေ များ၊ ဖြစ်စဉ်များနှင့် ပတ်သက်ပြီး ဥပဒေ အရာရှိနှင့် တရားခံရှေ့နေတို့က စစ်ဆေးခဲ့ကြခြင်းဖြစ်သည်။
မကရင်မသေဆုံးမှုတွင် တရားခံဟုယူဆရသူ တပ်မတော်အရာရှိကတော် ဒေါ်သိင်္ဂီစုကို လူသတ်မှု ပုဒ်မ ၃၀၂ ဖြင့် တရားစွဲဆို ဖမ်းဆီးထားခြင်း ဖြစ်သည်။
ယနေ့တရားခွင် စစ်ဆေးခဲ့မှုနှင့် ပတ်သက်ပြီးတရားလိုရှေ့နေ ဒေါ်စန်းစန်းမြင့်က “တရားလိုကလည်း ရာအိမ်မှူးဖြစ်သော်လည်းပဲ အရပ်သားတယောက် ဆိုတော့ တချို့ ဥပဒေ လှည့်ကွက်တွေနဲ့ မေးသွားတဲ့မေးခွန်းတွေ ဖြေသွားတာတော့ နည်းနည်းလေး အားနည်းတယ်။ သို့သော် ဥပဒေအရာရှိက စစ်ဆေးသွားတာတွေရော တရားရုံးက ကြပ်မတ်သွားတာတွေရော အဲဒီအပေါ်မှာတော့ ကျေနပ်ပါတယ်” ဟု ပြောသည်။
မကရင်မ၏ အဖြစ်အပျက်နှင့် ပတ်သက်ပြီး မတရားကြောင်း ခံစားရသောကြောင့် တရားလိုအဖြစ် ဆောင်ရွက်ခြင်း ဖြစ်ကာ တရားခွင်တွင် မိမိ၏ ထွက်ဆိုချက်များကို အားရကျေနပ်မှု ရှိကြောင်း တရားလိုအဖြစ် လိုက်ပါ ဆောင်ရွက်သူ အုပ္ဖိုလ်ကျေးရွာ ရာအိမ်မှူး ဦးအေးသောင်းက ပြောသည်။
ဦးအေးသောင်းက “အိမ်ဖော်အဖြစ် မရှိလို့ သွားလုပ်ကိုင်စားနေတဲ့ အချိန် ကာလ အတွင်းမှာ ကရင်မ ဒီလိုဖြစ်ပျက်လာပြီးတော့ ခံစားရတဲ့ ခံစားချက်ကို ကျနော်တို့ ရွာသူရွာသား တွေကရော ကျနော်ကပါ မခံနိုင်လို့ သူတို့အတွက်ကို ရင်ထဲကအလုံးလိုက် အခဲလိုက်လည်း ခံစားရတယ်။ အဲဒီ အတွက် မခံနိုင်လို့ ဒေါ်ကရင်မဘက်က နေ ဒီပြဿနာကို လိုက်ပြီးတော့ ကိုယ်တိုင်ကိုယ်ကျ ဖြေရှင်း နေတာ”ဟု ပြောသည်။
အဆိုပါအမှုတွင် တရားလိုပြ သက်သေအဖြစ် ဦးအေးသောင်းအပါအဝင် ၂၉ ဦး တင်သွင်းထားပြီး လာမည့် ရုံးချိန်းကို ဇူလိုင်လ ၁၈ ရက်နေ့တွင် ပြန်လည် ချိန်းဆိုထားသည်။
ဖြစ်စဉ်မှာ လှည်းကူးမြို့နယ် အင်းတိုင် သံချပ်ကာတပ်ရင်း အရာရှိရိပ်သာရှိ တပ်မတော် အရာရှိတဦး နေအိမ် တွင် အိမ်အကူ လုပ်ကိုင်နေရာမှ နှိပ်စက်ခံရမှုကြောင့် ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့သဖြင့် သံသယ တရားခံ အဖြစ် အရာရှိကတော် ဒေါ်သိင်္ဂီစုကို ဖမ်းဆီးခဲ့ပြီးနောက် တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။