မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ သဲကုန်းကျေးရွာအုပ်စု၊ မရမ်းချောင်း ချောင်းဝနှင့် ခြောက်မိုင်ခန့် ကွာဝေးသော ပင်လယ်ပြင်တွင် ဇွဲအားမာန် (ရန်ကုန်) စက်လှေပေါ်မှ ပိတောက်ခွဲသား ခန့်မှန်းတန်ချိန် ၆၀ တန်ကို ဇူလိုင် ၇ ရက်နေ့က တပ်မတော် မောရဝတီရေတပ်စခန်းဌာနချုပ်က ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။
တပ်မတော်မှ ဖမ်းဆီးရမိသည့် ပိတောက်သစ်ခွဲသားများကို ဇူလိုင် ၁၀ ရက်နေ့မှစတင်ကာ မော်လမြိုင်မြို့၊ မြိုင်သာယာရပ်ကွက်ရှိ ပျိုးဥယျာဉ်ဝင်းသို့ မွန်ပြည်နယ်သစ်တောဦးစီးဌာနက သယ်ယူပြောင်းရွှေ့နေကြောင်း မွန်ပြည်နယ် သစ်တောဦးစီးဌာနမှ ညွှန်ကြားရေးမှူး မင်းသိန်းမြင့်က ပြောသည်။
“ ခန့်မှန်းခြေက ဒါ ပြည်ပကိုထွက်မယ်သစ်လို့ပဲ ခန့်မှန်းလို့ရပါတယ်၊ ဘာဖြစ်လို့လဲဆိုတော့ ပိတောက်သစ်တွေက မွန်ပြည်နယ်မှာ တော်တော်များများ မသုံးကြပါဘူး၊ အဓိက မလေးရှားပေါ့”ဟု ၎င်းက ဆိုသည်။
အုပ်စု ၁ အဆင့်ရှိသော ပိတောက်သစ်များသည် အရည်အသွေးပေါ် မူတည်၍ သစ် ၁ တန်လျှင် ၁၅ သိန်းမှ သိန်း ၂၀ အထိ ပေါက်ဈေးရှိနေပြီး ယခု ဖမ်းဆီးရမိခဲ့သည့် သစ်ခွဲသားများသည် လွန်ခဲ့သော ၁ နှစ်နှင့် ၁ နှစ်ခွဲ ဝန်းကျင်က ခုတ်ထားသည့် သစ်ခွဲသား အနေအထားဖြစ်ကြောင်း ၎င်းက ဆိုသည်။
“ဒီပိတောက်တွေကျတော့ မြန်မာ့သစ်လုပ်ငန်းကို မဖြစ်မနေ လွှဲပေးရပါတယ်၊ မြန်မာ့သစ်လုပ်ငန်းကနေ တဆင့် သူတို့ တင်ဒါစနစ်နဲ့ ပြန်ရောင်းချပေးမှာ ဖြစ်ပါတယ်”ဟု ၎င်းက ပြောသည်။
လက်ရှိတွင် ပိတောက်ခွဲသားများ တင်ဆောင်လာသည့် စက်လှေပေါ်မှ ရေလုပ်သား စောဝင်းကြိုင်ပါ ၁၁ ဦးတို့ကို ပေါင်မြို့မရဲစခန်းတွင် (ပ)၂၈၂/၂၀၁၈ ပြည်သူပိုင်ပစ္စည်း ကာကွယ်စောင့်ရှောက်ရေးဥပဒေ ပုဒ်မ ၆(၁) အရ အမှုဖွင့် စစ်ဆေးနေကြောင်း ရဲတပ်ဖွဲ့ မှတ်တမ်းများအရ သိရသည်။
မွန်ပြည်နယ်တွင် တရားမဝင်သစ်များ မှောင်ခိုသယ်ဆောင်မှု အဖြစ်၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်က သစ်တန်ချိန် ၃၃၀ တန် ဖမ်းဆီးရမိခဲ့ပြီး ယခုနှစ် ဧပြီလအတွင်းကလည်း ပိတောက်သစ်ခွဲသား တန် ၅၀ ကျော်ကို ဖမ်းဆီးရမိခဲ့သည်။