ရန်ကုန် ပြည်သူ့ဆေးရုံကြီးဝင်း အတွင်း စည်းကမ်းမဲ့နေထိုင်မှုများနှင့် ဈေးရောင်းချမှုများကို ဥပဒေနှင့် အညီ အရေးယူပေးရန် တိုင်းလွှတ်တော်ဥက္ကဋ္ဌမှ တဆင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရကို အစီရင်ခံစာပေးပို့ တိုက်တွန်းထားကြောင်း ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် လူမှုရေးနှင့် စီမံခန့်ခွဲရေး ကော်မတီမှ သိရသည်။
အဆိုပါကော်မတီမှ ဥက္ကဋ္ဌ ဦးသာအောင်က “စာကတော့ လွှတ်တော်ဥက္ကဋ္ဌ လက်ထဲရောက်သွားပြီ။ သူကနေပြီး အစိုးရအဖွဲ့ကို ပို့ဖို့ကတော့ သူ့တာဝန်ဖြစ် သွားတာပေါ့။ စာထဲမှာတော့ ရန်ကုန်ဆေးရုံကြီးမှာ စည်းမဲ့ကမ်းမဲ့ ဈေးရောင်းသူတွေ၊ နေထိုင်သူတွေနဲ့ ကားသမားတွေကြောင့် ဆရာဝန်၊ ဆရာမတွေ အနှောက်အယှက်ဖြစ်နေတယ်။ ဒါကို သက်ဆိုင်ရာ အစိုးရတွေက အမြန်ဆုံး ဟန့်တားဆောင်ရွက်သင့်တယ်လို့ တိုက်တွန်းထားတယ်”ဟု ဧရာဝတီသို့ ပြောသည်။
ယင်းတိုက်တွန်းစာကို ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် လူမှုရေးနှင့် စီမံခန့်ခွဲရေး ကော်မတီမှ ဇူလိုင်လ ၁၀ ရက်နေ့တွင် တိုင်းလွှတ်တော်ဥက္ကဋ္ဌထံသို့ ပေးပို့ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ရန်ကုန်မြို့ ပြည်သူ့ဆေးရုံကြီးအတွင်းရှိ ဈေးသည်များသည် ဆိုင်ခန်းများအားတိုးချဲ့ပြီး စည်းကမ်းမဲ့ ဈေးရောင်းချခြင်း၊ တားမြစ်ထားသည့် ဆေးလိပ် ကွမ်းယာများ ရောင်းချခြင်း၊ ကြော်လှော်ချက်ပြုတ် နေထိုင်ခြင်း၊ စည်းကမ်းမဲ့ အမှိုက်ပစ်ခြင်း၊ ဆူညံသံ များ ပြုလုပ်ခြင်း၊ ဆေးရုံမှ ရေမီး၊ အိမ်သာများ သုံးစွဲခြင်း၊ အရက်ဝိုင်းဖွဲ့သောက်ခြင်းနှင့် ခိုက်ရန်ဖြစ်ပွားခြင်းများ ဖြစ်နေကြောင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ တာဝန်ရှိသူ များက ပြောသည်။
အဆိုပါဖြစ်ရပ်များကြောင့် ဆေးရုံကြီးတွင် တာဝန်ထမ်းဆောင်နေသည့် ဆရာဝန်များနှင့် ဝန်ထမ်းများ လုပ်ငန်းခွင်အတွင်း အနှောင့်အယှက်များစွာ ဖြစ်နေကြောင်း ရန်ကုန် ပြည်သူ့ဆေးရုံကြီး အစာအိမ် အူလမ်းကြောင်း ဆေးကုဌာန ပါမောက္ခဌာနမှူး ဒေါက်တာ သိန်းမြင့်က ပြောသည်။
“ဆေးရုံအရေးပေါ် အောက်ဆီဂျင်ကားတွေ လာရင်တောင် သူတို့ဖယ်မပေးကြတော့ဘူး။ လူနာတင်ယာဉ် Ambulance လာ လည်း မဖယ်ပေးတော့ဘူး။ အရေးပေါ်လူနာတင်တယ်ဆိုလည်း ဖယ်မပေးတော့ဘူး ဆိုတော့ တော်တော့်ကို အခြေ အနေဆိုး လာတာပေါ့နော်” ဟု ၎င်းက ပြောသည်။
ရန်ကုန်ဆေးရုံကြီး စည်းကမ်းမဲ့ဈေးသည်များပြဿနာ ရှင်းလင်းဆောင်ရွက်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် လူမှုရေးနှင့်စီမံခန့်ခွဲရေးကော်မတီအနေဖြင့် ဒေသခံလွှတ်တော်ကိုယ်စားလှယ်များ ဆေးရုံအုပ်ကြီး နှင့် ဆရာဝန်ကြီးများ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်စည်ပင်သာယာ ဦးစီးမှူးများအပါအဝင် သက်ဆိုင်ရာတာဝန်ရှိသူများသည် ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ဇူလိုင်လ ၅ ရက်နေ့က တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
ဇူလိုင်လ ၅ ရက်နေ့တွင် ရန်ကုန်ဆေးရုံကြီး နှလုံးကုသဆောင် အောက်၌ ပျံကျဈေးသည်များ လောင်းကစားပြုလုပ်ရာမှတဆင့် ခိုက်ရန်ဖြစ်ပွားခဲ့သည့် ရုပ်သံများလည်း လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ပျံ့နှံ့ခဲ့သည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီသည် လမ်းဘေးဈေးသည်များနှင့်ပတ်သက်၍ စီမံချက်များ လုပ်ဆောင်မှုများလည်း ရှိပြီး အရေးယူခြင်း၊ နေရာသတ်မှတ်ရောင်းချစေခြင်း၊ စည်းကမ်းချက်များ ထုတ်ခြင်းတို့ကို ဆောင်ရွက်လေ့ရှိကြောင်း သိရသည်။