တတိယ အကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံ အစည်းအဝေးတွင် ပြောဆိုခဲ့သည့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ အဖွင့်မိန့်ခွန်းကို နိုင်ငံရေး အသိုင်းအဝိုင်းက ဝေဖန်ပြောဆို လျက် ရှိသည်။
တပ်မတော်သည် တိုင်းရင်းသား ပြည်သူလူထုက ပေါက်ဖွားလာသည့် ပြည်သူ့ တပ်မတော်ဖြစ်သည်နှင့်အညီ နိုင်ငံတော်နှင့် ပြည်သူ လူထုကို ကိုယ်စားပြုသည့် အဖွဲ့အစည်းဆိုသည့် ပြောဆိုချက်မှာ ဝေဖန်ခံရဆုံးဖြစ်ပြီး လက်ရှိ အာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် (NLD) ကလည်း ၎င်း၏ ပြောဆိုချက်ကို သဘောမတူကြောင်း သိရသည်။
NLD အတွင်းရေးမှူး အဖွဲ့ဝင် ဦးဉာဏ်ဝင်းက“ကျနော်တို့ နိုင်ငံရေးပါတီတွေက မဲပေးတဲ့ပြည်သူတွေပဲ ထောက်ခံနေတာတို့ သူတို့ အတွက် ပဲ ကိုယ်စားပြုတယ်လို့ ပြောတဲ့စကားကတော့ လုံးဝမှားတယ်။ ကျနော်တို့ လုံးဝ သဘောမတူဘူး”ဟု ဧရာဝတီ သို့ ပြောသည်။
တပ်ချုပ်၏မိန့်ခွန်းအရ တပ်မတော်သည် ပိုမို သဘောထား တင်းမာလာကြောင်း တွေ့ရပြီး တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သ ဘောတူ စာချုပ် (NCA) ရေးထိုးနိုင်ရန် ဆွဲဆောင်သည့် သဘောထက် တင်းတင်းမာမာ တောင်းဆိုသည့် သဘောကို တွေ့ရကြောင်း မဟာဗျူဟာနှင့် သုတေသန လေ့လာရေးအဖွဲ့ အမှုဆောင် ဒါရိုက်တာ ဦးမင်းဇင်က ပြောသည်။
“ငါတို့ အားနည်းလို့ လုပ်တာ မဟုတ်ဘူး။ လက်မှတ်ထိုးတဲ့ နည်းလမ်းက လွဲရင် အခြားနည်းလမ်း မရှိဘူးဆိုတဲ့ သဘောမျိုး ကို သူပြော သွားတယ်။ ကျနော်မြင်တာကတော့ ဆွဲဆောင်တာထက် ရပ်တည်ချက်ကို ပြင်းပြင်းထန်ထန် တောင်းဆိုတဲ့ သဘော ရပ်တည်ချက်ကို အထိုင်ကိုင်ထားတဲ့ သဘောလို့ သုံးသပ်ပါတယ်”ဟု ၎င်းက ပြောဆိုသည်။
ပါတီစုံ ဒီမိုကရေစီ စနစ်တွင် နိုင်ငံရေးနည်းဖြင့် အာဏာလိုချင်သူများသည် လူထုဆီမှ မဲရရန် ဆွဲဆောင်ရခြင်းကို ဗဟုဝါဒဟု ခေါ်ပြီး မဲပို ရ သူသည် ပြည်သူလူထုကို ပို၍ ကိုယ်စားပြုနိုင်ကြောင်း၊ တပ်မတော် အပါအဝင် အခြားအဖွဲ့အစည်းများသည် မူအားဖြင့် ဝန်ထမ်းပင် ဖြစ်ကြောင်းလည်း ဦးမင်းဇင်က ဆိုသည်။
၎င်းကဆက်လက်၍ “တပ်မတော် အပါအဝင် အခြားဝန်ထမ်းများက ကိုယ်စားပြုတယ် ဆိုတာထက်စာရင် ပြည်သူကို ကိုယ် စား ပြုပြီး တက်လာတဲ့ နိုင်ငံရေး သမားများကိုသာ တာဝန်ခံရမယ်။ ဒီထက် ကျယ်ကျယ်ပြန့်ပြန့် ပြောမယ်ဆိုရင် ဒီမိုကရေစီ နည်းကျ၊ ဖက်ဒရယ် နည်းကျ တည်ဆောက်ထားတဲ့ အခြေခံ ဥပဒေကိုသာ တာဝန်ခံမှာ ဖြစ်တယ်”ဟု ပြောဆိုသည်။
တပ်ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ငြိမ်းချမ်းရေး တည်ဆောက်နေသည့် ကာလတွင် နားလည်မှု လွဲမှားစေနိုင်သည့် ကိစ္စမျိုးကို ရှေ့တန်းတင်ခြင်း၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နှင့် မသက်ဆိုင်သည့် ကိစ္စများ ဆွဲသွင်းလာခြင်းတို့ကို မပြုလုပ်ရန် လည်း ဇူလိုင် ၁၁ ရက်က အဖွင့် မိန့်ခွန်းတွင် ထည့်သွင်း ပြောဆိုခဲ့သည်။
တပ်ချုပ်၏ မိန့်ခွန်းနှင့် ပတ်သက်၍ မြန်မာ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) ဒု ဥက္ကဋ္ဌ ရဲဘော် မျိုးဝင်း က “တပ်မတော် အနေနဲ့လည်း တိုင်းရင်းသား လက်နက်ကိုင်တွေရဲ့မတူကွဲပြားတဲ့ အသံတွေကို နားထောင် နိုင်စွမ်း ရှိရမယ်။ သည်းခံ နိုင်စွမ်း ရှိရမယ်။ အဖြေရှာနိုင်စွမ်းရှိရမယ်။ ဒီလိုပဲ ရိုးရိုးလေးပဲ ဆွေးနွေးမယ်။ နိုင်ငံရေး သုံးသပ် ချက်ဆိုတာ တယောက် နဲ့တယောက် တူမှာ မဟုတ်ဘူး”ဟု မီဒီယာများသို့ ပြောသည်။
ထို့ပြင် တပ်ချုပ်၏ တပ်မတော်သည် ပြည်သူလူထုကို ကိုယ်စားပြုကြောင်း ပြောဆိုချက်ကို တုံ့ပြန်သည့် အနေဖြင့် လူမှုကွန် ရက် စာ မျက် နှာများတွင် “တပ်မတော်သည် ကျနော်၊ ကျမ တို့ကို ကိုယ်စားမပြု”ဆိုသော လှုပ်ရှားမှုများ ပြုလုပ်နေသော် လည်း တပ်ချုပ်ကမူ ၎င်း၏ မိန့်ခွန်းစာအုပ်အား အပစ်မရပ်ရသေးသည့်‘ဝ’ဦးဆောင်သော မြောက်ပိုင်း ၇ ဖွဲ့ ကိုယ်စားလှယ် များကို လက်မှတ်ရေးထိုး၍ ထည့်ပေးလိုက်ကြောင်း သတင်းရရှိသည်။
“တပ်ရဲ့ သဘောထားက အခုမှ မဟုတ်ဘူး။ အရင်လည်း ဒီအတိုင်းပဲ။ ဒါကို ပြန်ပြောတာ။ လူတွေက ပိုမျှော်လင့်လို့ပဲ ဖြစ်ချင် ဖြစ်မှာပေါ့။ အဓိပ္ပာယ်တမျိုးနဲ့ ပြောတာလည်း ဖြစ်မယ်။ ကျနော်ကတော့ သိပ်မထူးဆန်းဘူးလို့ ထင်တယ်။ ကျနော်တို့ ဒီလောက်ပဲ မြင်တယ်”ဟု ညီလာခံ သို့ တက်ရောက်လာသူ စာရေးဆရာ ကျော်ဝင်းက ပြောဆိုသည်။
တတိယ အကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံကို ဇူလိုင် ၁၁ ရက်မှ စတင်၍ ၁၆ ရက် အထိ နေပြည်တော် တွင် ကျင်းပနေခြင်း ဖြစ်သည်။