ကမ္ဘာက အာရုံစိုက်မှု မြင့်မားခဲ့သည့် ထမ်လုံနမ့်နွန့် လိုဏ်ဂူကို ပြတိုက်တခုအသွင်း ပြောင်းလဲပြသ သွားမည်ဖြစ်ကြောင်း ကယ်ဆယ်ရေး လုပ်ငန်းများ၏ အကြီးအကဲ နာရွန်ဆတ် အိုဆော့တနာခွန်၏ ပြောဆိုချက်ကို ကိုးကား၍ Khaosad သတင်းက ဆိုသည်။
ထိုင်းကလေးငယ် ၁၂ဦးနှင့် နည်းပြတို့ ၁၇ရက်ကြာ ပိတ်မိနေခဲ့ပြီး ခက်ခက်ခဲခဲ ကယ်ထုတ်ခဲ့ရသည် အတွက် ကမ္ဘာက အာရုံစိုက်မှု မြင့်မားခဲ့သည့် ယင်းနေရာကို ပြတိုက်တခုအဖြစ် ပြောင်းလည်မည် ဖြစ်ကြောင်း၊ ယင်းဂူသည် ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပုံကို ပြောပြနေမည်ဖြစ်ကြောင်း၊ ကမ္ဘာ့နိုင်ငံများ၏ အကူအညီကြောင့်သာ အောင်မြင်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း မနေ့ကပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် နာရွန်ဆတ်က ကြေညာခဲ့ခြင်းဖြစ်သည်။
“အရေးကြီးဆုံးအချက်ကတော့ စုစည်းညီညွတ်မှုပါပဲ။ ချင်းရိုင်နဲ့ထိုင်းမှာတင်မက နိုင်ငံရပ်ခြားက လည်း ပါဝင်ခဲ့ပါတယ်။ အခုဆို ကယ်ဆယ်ရေးလုပ်ငန်းများ လွန်မြောက်ခဲ့ပါပြီ။ ဒီကိစ္စမှာ ဘာသာ စကားနဲ့ကိုးကွယ်ယုံကြည်မှုတို့ကို အသာထားပြီး အားလုံးအတွက် ရည်မှန်းချက်ပန်းတိုင်တခု အောင်မြင်ဖို့ အတူလက်တွဲဆောင်ရွက်ခဲ့ရပါတယ်” ဟု ၎င်းက ပြောသည်။
လူငယ်ဘောလုံးသမား ၁၂ ဦးနှင့်၎င်းတို့နည်းပြသည် အင်္ဂ ါနေ့က လိုဏ်ဂူအတွင်းမှ ထွက်လာနိုင်ခဲ့ ကြပြီဖြစ်ပြီး၊ ၎င်းတို့ကို ချင်းရိုင်ရှိ ထိပ်တန်းဆေးရုံတရုံတွင် တင်ပို့ထားပြီး ကျန်းမာရေးအခြေအနေ ကောင်းမွန်နေကြောင်း ဆိုသည်။
ခွန့်နမ့်နန်းနွန်တောင်ခြေတွင် တည်ရှိသည့် ယင်းလိုဏ်ဂူနှင့် ပတ်သက်၍ ရှေ့ဆက်လုပ်မည့် အစီအစဉ် နှင့်ပတ်သက်ပြီး နာရွန်ဆတ်က သတင်းစာရှင်းလင်းပွဲတွင် အသေးစိတ်ပြောကြားခဲ့သည်။
“ဒီလုပ်ငန်းမှာ သုံးမယ့်ကိရိယာတွေအားလုံးကိုလည်း ကျနော် စုစည်းရပါလိမ့်မယ်။ ဒီနေရာကို ဆွဲဆောင်မှု ကောင်းပြီး အသက်ဝင်တဲ့ပြတိုက်တခုအဖြစ် ကျနော်တို့ ဖွင့်သွားမှာပါ။ ၁၇ ရက်တိုင်တိုင် ကယ်ထုတ်ခဲ့ရတဲ့လုပ်ငန်းစဉ် မှတ်တမ်းဓာတ် ပုံတွေကိုလည်း ပြသဖို့ အကြံပြုထားပြီး ဖြစ်ပါတယ်။ အဲဒီမှာ ဒီလုပ်ငန်းပါဝင်ဆောင်ရွက်ကြသူတွေ အသီးသီးဝတ်ဆင်ကြ တဲ့ အဝတ်အစားတွေပါ ပါဝင်ပြသမှာပါ” ဟု သူက ပြောသည်။
“ဒီနေရာဟာ ထိုင်းနိုင်ငံရဲ့ မီးမောင်းထိုးပြစရာတနေရာဖြစ်လာနေပါတယ်။ ကမ္ဘာလှည့်ခရီးသည် အများအပြားအတွက် ဆွဲဆောင်မှုကောင်းလိမ့်မယ်လို့ ကျနော် ယုံကြည်ပါတယ်။ ကမ္ဘာတလွှားက ကလေးငယ်တွေနဲ့ရေငုပ်သမားအတွက် သင်ကြားရေးဌာနတခုလည်း ဖြစ်လာမှာပါ” ဟု သူက ဖြည့်စွက်ပြောသည်။
ထို့အပြင် “ကျနော်တို့ ကယ်ဆယ်ရေးအဖွဲ့ အားလုံးရဲ့ ၂၅ ရာခိုင်နှုန်းဟာ နိုင်ငံခြားသားရေငုပ်သမား တွေ ဖြစ်ပါတယ်။ သူတို့နဲ့ပတ်သက်ပြီး မည်သူမည်ဝါ၊ ဘာတွေဘယ်လိုလုပ်တယ်၊ သူတို့ ဘယ်နိုင်ငံက လာသလဲ စတဲ့ အချက်အလက်တွေ ကိုလည်း မှတ်တမ်းတင်သွားမှာပါ။ နောက်နောင်မှာလည်း ဒီလိုအလားတူကိစ္စဖြစ်ခဲ့ရင် ဒီလောကရဲ့တန်ဖိုးရှိတဲ့ ရင်းမြစ် တွေကို ကျနော်တို့ တိတိကျကျ သိနိုင်အောင်ပါ” ဟု သူက ပြောသည်။
လိုဏ်ဂူနှင့် အမျိုးသားဥယျာဉ်ဝန်းကျင်ကို ပြန်လည်မွမ်းမံမှာဖြစ်ကြောင်း၊ ပိတ်မိနေခဲ့သောလူငယ်များ လိုဏ်ဂူအတွင်းသို့ စွန့်စားဝင်ရောက်မိခြင်းအတွက် အများပြည်သူအနေဖြင့် ပြစ်တင်ကဲ့ရဲ့ခြင်း မပြုသင့်ကြောင်း တာဝန်ရှိသူက ဆက်လက် ပြောကြားသည်။
“ကျနော်တို့က ဒီကလေးတွေကို သူရဲကောင်း ဒါမှမဟုတ် ဗီလိန်အဖြစ် မမြင်ကြပါဘူး။ အကာအကွယ် မယူဘဲ မတော်တဆဖြစ်ပွားတဲ့ကိစ္စပါ။ သူတို့ဝင်သွားတုန်းက အပျော်သဘောပါပဲ။ နောက် ရေတွေဝင် လာတော့ သူတို့ပြန်ထွက်မရ ဘူးဖြစ်သွားတယ်” ဟု နာရွန်ဆတ်က ပြောသည်။
“သူတို့အရွယ်ရောက်လာတယ်ဆိုရင် သန်းပေါင်းများစွာလူထုက သူတို့ကို စောင့်ကြည့်နေခဲ့တာကို သိလာမှာပါ။ သူတို့ လေးတွေဟာ ထိုင်းလူ့အဖွဲ့အစည်း အတွက် တန်ဖိုးရှိတဲ့ နိုင်ငံသားတွေ ဖြစ်လာ မယ်လို့ ကျနော်ယုံကြည်ပါတယ်။ ဘာဖြစ် လို့လဲဆိုတော့ လူတိုင်းက သူတို့ကို သိနေပြီလေ။ ဒီကနေ့ ကျနော်တို့က သူတို့ကို အထူးတလည် ပံ့ပိုးကယ်ထုတ် ခဲ့သလို သူတို့တွေကလည်း တဖန်ပြန်ပြီး လူ့အဖွဲ့အစည်းကို အကျိုးပြုကြလိမ့်မယ်လို့ ကျနော် ယုံမိပါတယ်” ဟု သူက ဆက်ပြော သည်။
နောက်ဆုံးနေ့ရက်များတွင် ကယ်ဆယ်ရေးလုပ်ငန်းကို ဦးဆောင်ခဲ့ကြသူများမှာ နိုင်ငံခြားသားနှင့် ထိုင်းရေငုပ်သမားများ ဖြစ်ကြပြီး ၎င်းတို့ထဲတွင် သြစတြေးလျနိုင်ငံသား ဆရာဝန်နှင့် လိုဏ်ဂူရေငုပ် သမားဖြစ်သူ ရစ်ချတ်ဟာရစ်လည်း ပါဝင်ခဲ့သည်။
ဟာရစ်သည် ထိုင်းနိုင်ငံလိုဏ်ဂူထဲတွင် နာရီပေါင်းများစွာ လူငယ်များကယ်ဆယ်ရေးကို အရေးပေါ် ဆောင်ရွက်နေစဉ် ဟာရစ်၏ဖခင်မှာ ယမန်နေ့ညက ကွယ်လွန်သွားခဲ့သည်။
ယနေ့သတင်းစာရှင်းလင်းပွဲ ဟာရစ်၏ ဖခင်ကွယ်လွန်သွားခြင်းအတွက် အထူးဝမ်းနည်းကြေကွဲ ကြောင်း နာရွန်ဆတ်က တလေးတစားထည့်သွင်းပြောကြားခဲ့သည်။