ဦးကိုနီအား လုပ်ကြံရန် ညွှန်ပြစေခိုင်းသူသည် ပစ်ခတ်လုပ်ကြံချိန်တွင် လေဆိပ် ပတ်ဝန်းကျင်၌ ရှိနေခဲ့ကြောင်း ကြည်လင်း က ယနေ့ ရုံးချိန်းတွင် ထွက်ဆိုသည်။
စေခိုင်းသူ မြင့်ဆွေက လေဆိပ်ကားပါကင်တွင် ဓာတ်ပုံများပြသကာ သေနတ်ဖြင့် ဦးခေါင်းအား ပစ်ခတ်ရန် ခြိမ်းခြောက် ခိုင်းစေခဲ့ပြီးနောက် လေဆိပ် အဝင်အဝတွင် စောင့်ဆိုင်းကာ ပစ်ခတ်ရမည့် သူသည် ဦးကိုနီ ဖြစ်သည်ဟု ညွှန်ပြခဲ့ပြီး သေနတ် ထည့်ထားသည့် အိတ်ကို ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း ကြည်လင်းက ပြောသည်။
ကြည်လင်းက “ကျနော်ကတော့ အမှန်အတိုင်းပဲ ထွက်ဆိုခဲ့တာပါ၊ အမှန်တိုင်းပဲ ပြောခဲ့တာပါ”ဟု တရားရုံးမှ အထွက် တွင် ပြောဆိုသည်။
လုပ်ကြံခိုင်းသူ အနေဖြင့် ခြိမ်းခြောက် စေခိုင်းခြင်းမပြုခင် ၎င်း၏စေခိုင်းမှုအား ပြုလုပ်ပေးမည်ဆိုပါက မနစ်နာအောင် ပေးမည်ဟု ပြောဆိုခဲ့ကြောင်းလည်း ကြည်လင်းက တရားခွင်တွင် ပြောဆိုခဲ့သည်။
တရားလို သက်သေများက တရားရုံးသို့ တင်ပြထားသည့် CCTV မှတ်တမ်းများတွင် မြင့်ဆွေ ဆိုသူအား ဖော်ထုတ် ပြသ နိုင်ခြင်း မရှိသော်လည်း ယင်းသို့ လုပ်ကြံချိန်တွင် လေဆိပ်အတွင်း ရှိနေသူမှာ အောင်ဝင်းဇော် ဖြစ်ကြောင်း သက်သေ ထွက်ဆိုထားသည်။
အခြားတရားလို သက်သေ ရဲတပ်ဖွဲ့ဝင် တဦးကလည်း အခင်းမဖြစ်ခင် ကြည်လင်းနှင့် အောင်ဝင်းဇော်တို့ ဖုန်း အပြန် အလှန် ခေါ်ဆို ထားကြောင်း ထွက်ဆိုပြီး ဆက်သွယ်ရေး ဝန်ကြီးဌာန၏ ဖုန်းခေါ်ဆိုမှု မှတ်တမ်းများအား သက်သေခံ အဖြစ် တင်သွင်းထားသည်။
ဖုန်းမှတ်တမ်းများနှင့် ပတ်သက်ပြီး ကြည်လင်းက ငြင်းဆန်ထွက်ဆိုခဲ့ပြီး ၎င်းအနေဖြင့် တွေ့ဆုံရန် ချိန်းထားသည့် ဆူးလေ အနီးရှိ ပန်းခြံတွင် မြင့်ဆွေအား မတွေ့ရသဖြင့် မြင့်ဆွေ ထံသို့သာ ထိုနေ့က ဖုန်းခေါ်ဆိုမှု ရှိခဲ့ကြောင်း ပြော သည်။
တရားလိုဘက်က ရှေ့နေ ဦးခင်မောင်ဌေးက “ခြိမ်းခြောက်တဲ့သူနဲ့ လေဆိပ်မှာ ရှိနေတယ်၊ ဦးကိုနီကို ညွှန်ပြပြီး ပစ်ခါ နီး အထိ သူနဲ့ ရှိနေတယ်လို့ ပြောတယ်၊ သူပြောတဲ့ မြင့်ဆွေ ဆိုတာကို ရှာတော့လည်း မတွေ့ဘူး၊ လေဆိပ် CCTV မှတ်တမ်း တွေမှာလည်း မရှိဘူး၊ ဘယ်သူက လေဆိပ်မှာ အဲ့ဒီ အချိန်ရှိနေလဲဆိုတာ လူတိုင်းသိနေတာပဲလေ၊ အမှုက ပေါ်သလောက် ရှိနေပါပြီ”ဟု ပြောကြားသည်။
ယနေ့ရုံးချိန်းတွင် ကြည်လင်းအား စွဲချက်တင်ထားသည့် ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂(၁)(ခ)/၃၄ နှင့် ပုဒ်မ ၃၀၂(၂)၊ လက်နက်ဥပဒေ ပုဒ်မ ၁၉ (က)၊ ၁၉ (စ) တို့အတွက် စစ်ဆေးခဲ့ခြင်း ဖြစ်သည်။
အထူးခုံရုံး တရားသူကြီးအဖွဲ့ အနေဖြင့် ကြည်လင်းအား မေးခွန်း ၁၉ ခုခန့် မေးမြန်းခဲ့ရာတွင် သေနတ် ပစ်ခတ်မှုနှင့် ပတ်သက်ပြီး ၎င်းအနေဖြင့် ဦးကိုနီအား ပစ်ခတ်စဉ် တချက်သာ ပစ်ခဲ့ခြင်းဖြစ်ပြီး လေဆိပ် အငှားယာဉ်မောင်း ဦးနေဝင်း မည်ကဲ့သို့ ထိမှန် သေဆုံးသည်ကို မသိရှိကြောင်း၊ ၎င်းအနေဖြင့် ထပ်မံ ပစ်ခတ်ခြင်း မရှိကြောင်းလည်း ထွက်ဆိုခဲ့သည်။
ယနေ့ စစ်ဆေးချက်များတွင် ငွေပေးသတ်သည် ဆိုသည့် အကြောင်းနှင့်ပတ်သက်၍ ရုံးတော်က မေးမြန်းသွားခဲ့ခြင်း မရှိဘဲ ပေါ်ပေါက်ခြင်းလည်း မရှိသည်ကို ရှင်းရှင်းလင်းလင်း သိခဲ့ရကြောင်း တရားခွင် အခြေအနေကို ကြည်လင်း၏ ရှေ့နေ ဦးကျော်ကျော်ထိုက် က ရှင်းပြသည်။
ဦးကျော်ကျော်ထိုက်က “ကိုကြည်လင်းက သူ့ကံကြမ္မာ သူဖန်တီးသွားတယ်၊ ကံကိုစီမံနိုင်တဲ့ လူမျိုးထဲမှာ သူမပါဘူး” လည်း ဟု ပြောသည်။
ယနေ့ရုံးချိန်းတွင် စွပ်စွဲခံထားရသူများဘက်မှ မူလတင်ပြထားသည့် တရားခံပြ သက်သေ ၅၀ အပြင် ၁၆ ဦးကိုလည်း ထပ်တိုး တင်ပြခဲ့ကြောင်း စွပ်စွဲခံထားရသူများ ဘက်က ရှေ့နေတဦးက ပြောသည်။
အမှုအား အနောက်ပိုင်းခရိုင် တရားရုံးက တရားသူကြီး ၃ ဦးပါဝင်သည့် အထူးခုံရုံး အဖွဲ့ဖြင့် စစ်ဆေးနေခြင်း ဖြစ်ပြီး ဇူလိုင် ၁၃ ရက်နေ့တွင် ကြည်လင်းနှင့်အတူ စွဲချက်တင် ခံထားရသည့် အောင်ဝင်းဇော်အား စစ်ဆေးမည်ဖြစ်သည်။
အောင်ဝင်းဇော်သည် လုပ်ကြံမှုနှင့်ပတ်သက်ပြီး ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၃၀၂(၁)(ခ)/၃၄ ဖြင့် စွဲချက်တင် ခံထားရ သူဖြစ်သည်။
တရားလွှတ်တော် ရှေ့နေ ဦးကိုနီသည် ၂၀၁၇ ခုနှစ် ဇန်နဝါရီ ၂၉ ရက်နေ့က ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် ရှေ့ တွင် ကြည်လင်း၏ ပစ်ခတ် လုပ်ကြံခံရခြင်း ဖြစ်သည်။