မြောက်ပိုင်းမဟာမိတ်အဖွဲ့ ၄ ဖွဲ့ ၏ ခေါင်းဆောင်များက နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နှင့် သီးသန့်တွေ့ဆုံရာတွင် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးရေးကော်မတီ (FPNCC) ၏ စာတမ်းကို လက်ခံဆွေးနွေးရန် အဓိကပြောဆိုခဲ့သည်ဟု ကချင်လွတ်မြောက်ရေး ကောင်စီ (KIC) ဒုဥက္ကဋ္ဌ ဗိုလ်ချုပ်ဂွန်မော်က ပြောသည်။
ဇူလိုင်လ ၁၂ ရက် နေ့လည်ပိုင်းတွင် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က မြောက်ပိုင်း မဟာမိတ်များ ဖြစ်သည့် “ဝ”ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) ၊ အမျိုးသား ဒီမိုကရေစီမဟာမိတ်တပ်မတော် -မိုင်းလားအဖွဲ့ (NDAA) ၊ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)၊ ရှမ်းပြည်တိုးတတ်ရေးပါတီ/ရှမ်းပြည် မြောက်ပိုင်းတပ်မတော် (SSPP/SSA) တို့မှ ကိုယ်စားလှယ် ထိပ်သီးခေါင်းဆောင်များကို တွေ့ဆုံရာတွင် ဗိုလ်ချုပ်ဂွန်မော်က ပြောဆိုခြင်း ဖြစ်သည်။
ဗိုလ်ချုပ်ဂွန်မော်က “အဓိက ကတော့ FPNCC ဘက်ကနေ ကျနော်တို့ အရင်တင်ထားတဲ့ စာတမ်းပေါ်မှာ အဓိကဆက်ပြီး ဆွေးနွေးချင်တဲ့ အကြောင်းကို ပြောပါတယ်။ နောက် အဖွဲ့ခေါင်းဆောင် ဦးကျောက်ကော်အန်း က ဦးစီးပြီးတော့ သူက NCA အပေါ်မှာထားရှိတဲ့ တချို့သဘောထားတွေကို တင်ပြတာ ဖြစ်ပါတယ်”ဟု ပြောသည်။
မြောက်ပိုင်းခေါင်းဆောင်များဘက်မှ ဆွေးနွေးသည့် အပေါ် နိုင်ငံတော်အတိုင်ပင်ခံကလည်း အစိုးရဘက် သဘောထားများကို ပြန်ရှင်းပြကြောင်း ၊ ဆွေးနွေးပွဲတွင် ထိုအကြောင်းအရာများသာ ပြောဖြစ်ပြီး အခြားကိစ္စများ ပြောဆိုခြင်း မရှိခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ဗိုလ်ချုပ်ဂွန်မော်က “FPNCC ကို လက်ခံတယ် လက်မခံဘူးဆိုတဲ့ သဘောမဟုတ်ပဲနဲ့ ကျနော်တို့ ရောက်လာတဲ့ အဖွဲ့တွေကို တွေ့တဲ့ သဘောပဲ ဖြစ်ပါတယ် ။ FPNCCကို လက်ခံလား လက်မခံဘူးလားဆိုတဲ့ ခေါင်းစဉ်နဲ့ ကျနော်တို့ ဆွေးနွေးတာ မဟုတ်ဘူး”ဟု ပြောသည်။
UWSA၊ NDAA ၊ KIA ၊ SSPP ၊ မြန်မာအမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော်-ကိုးကန့်အဖွဲ့ (MNDAA) ၊ တအန်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် ရက္ခိုင့်တပ်မတော် (AA) တို့သည် ၂၀၁၇ ခုနှစ်က စုပေါင်းကာ မဟာမိတ်အဖြစ် တရားဝင် ကြေငြာပြီး အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး၊ နိုင်ငံရေး ဆွေးနွေးမှုများပြုလုပ်ရာတွင် FPNCC အနေဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောဆိုထားသည်။
နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က MNDAA ၊ TNLA နှင့် AA တို့ကိုလည်း သီးသန့် တွေ့ဆုံ ခဲ့သည်။
နိုင်ငံတော်အတိုင်ပင်ခံရုံး၏ သတင်းထုတ်ပြန်ချက်တွင် မြောက်ပိုင်းမဟာမိတ်အဖွဲ့ခေါင်းဆောင်များနှင့် တွေ့ဆုံရာတွင် ပဋိပက္ခများ လျော့ချနိုင်ရေး၊ NCA လက်မှတ်ရေးထိုးနိုင်ရေးနှင့် နိုင်ငံရေးဆွေးနွေးပွဲ များတွင် မြောက်ပိုင်းမဟာမိတ်အဖွဲ့များ ပါဝင်လာရေးတို့ကို ဆွေးနွေးကြောင်း ရေးသားထားသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့သည့်အပေါ်တွင် TNLA ဒုဥက္ကဌ ဗိုလ်မှူးချုပ် တာခူးလန်းက “ကောင်းပါတယ်။ မျှော်လင့်ချက် ၅၀ ရာခိုင်နှုန်း ရှိပါတယ်”ဟု ပြောသည်။
ဇူလိုင်လ ၁၁ ရက်နေ့လည်ပိုင်းကလည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က UWSA ၊ NDAA ၊ KIA နှင့် SSPP တို့ကိုသီးသန့် ခေါ်ယူတွေ့ဆုံခဲ့ပြီး MNDAA ၊ TNLA နှင့် AA တို့ကို ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းက တွေ့ဆုံကာ အပြန်အလှန် ယုံကြည်မှု တည်ဆောက်ရေး၊ အပစ်အခတ်ရပ်စဲရေးနှင့် NCA စာချုပ် အကြောင်းများကို ဆွေးနွေးခဲ့ကြသည်။
FPNCC သည် အစိုးရပြုလုပ်နေသည့် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူညီမှု စာချုပ် (NCA) ကို ငြင်းဆိုထားပြီး NCAကို ပြင်ဆင်ထားသည့် အပစ်အခတ်ရပ်စဲရေး စာချုပ်သစ်တခုကို အစိုးရနှင့် ချုပ်ဆိုကာ ၎င်းတို့ ပြင်ဆင်ထားသည့် စာတမ်းကို ဆွေးနွေးပေးရန် ၂၀၁၇ ခုနှစ်၊ မေလက ကျင်းပခဲ့သည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ရာစုပင်လုံဒုတိယအစည်းအဝေး ကတည်းက တောင်းဆို ထားသည်။
FPNCC ၏ စာတမ်းအမည်မှာ နိုင်ငံရေးဆွေးနွေးမှုအပေါ် “ဝ”ပြည်နယ်၏ အထွေထွေ မူဝါဒနှင့် အသေးစိတ်တောင်းဆိုချက်များဟူ၍ ဖြစ်ပြီး စာတမ်းထဲတွင် ပင်လုံစိတ်ဓာတ်နှင့် ပတ်သက်၍ အဓိပ္ပါယ် ဖွင့်ဆိုချက်၊ မဟာလူမျိုးကြီးဝါဒ အတွေးအခေါ်မရှိပဲ လူမျိုးစုများကိုလည်း တန်းတူညီမျှရေး ပေးရန် ၊ တိုင်းရင်းသားလူမျိုးစုအားလုံး မိမိတို့ ဒေကို မိမိတို့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် ဆုံးဖြတ်ခွင့် အပြည့်အဝ ရရှိရန်၊ အားလုံပါဝင်ပြီး ပြည်ထောင်စု တည်ဆောက်ရန်၊ ပြည်ပနှင့် မဟာမိတ်မဖွဲ့ဘဲ ပြည်ထောင်စုမှ တိုင်းရင်းသား ပေါင်းစံ့ု တညီတညွတ်တည်း ရှိရန်တို့ကို ရေးသားထားသည်။
ထို့ပြင် အနာဂတ်မြန်မာနိုင်ငံ ပြည်ထောင်စုအသစ် နိုင်ငံတော်ဖွဲ့စည်းပုံတွင် တိုင်းရင်းသားတို့၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရမည့် ဒေသများ၏ အချုပ်အခြာအာဏာတို့ကို ဗမာလူမျိုးနှင့် တန်းတူညီမျှစွာ နိုင်ငံတော် အာဏာထဲသို့ ပါဝင်ခွင့်ပေးသည့် မူဝါဒချမှတ်ရန်၊တိုင်းရင်းသားပေါင်းစုံ အကြီးအငယ်နှင့် အင်အားတောင့်တင်းခြင်း အားနည်းခြင်းကို မခွဲခြားပဲ တန်းတူရည်တူရှိစေရေးကိုလည်း ထည့်သွင်း ပေးရန် စာတမ်းတွင် ပါရှိသည်။
တိုင်းရင်းသားလူနည်းစုတို့၏ ရပိုင်ခွင့်နှင့် လူမျိုးစုငယ်များကို ထိန်းသိမ်းစောင့်ရှောက် အလေးပေးရေး အတွက် စနစ်များကိုလည်း ရေးသားထားပြီး လက်ရှိကျင့်သုံးနေသေည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြင်ဆင် ခြင်း သို့မဟုတ် အသစ်ရေးဆွဲရာတွင် ထည့်သွင်းရန် အချက်များဟူ၍လည်း ကဏ္ဍ ၁၅ ခုကို အသေးစိတ် ရေးသား ထားသည်။
ထိုကဏ္ဍ ၁၅ ခုမှာ နိုင်ငံတော်ဖွဲ့စည်းပုံဆိုင်ရာ ကိစ္စ၊ သမ္မတ အရည်အချင်း သတ်မှတ်ခြင်း ပုဒ်မ ၊ လွှတ်တော်အမတ်နေရာခွဲဝေမှု ၊ ပြည်ထောင်စု တပ်မတော်ကို ပြည်ထောင်စုအစိုးရ အုပ်ချုပ်မှုအောက် ထားရှိရေး၊ တိုင်းရင်းသားတန်းတူ ညီမျှရေး မူဝါဒ၊ တိုင်းရင်းသားပြည်သူများ၏ ဥပဒေပြဌာန်းခွင့်၊ တိုင်းရင်းသားပြည်နယ်များ၏ တရားစီရင် ပိုင်ခွင့်၊ တိုင်းရင်းသားပြည်နယ်များ၏ စီးပွားရေး ဖွံ့ဖြိုးမှုဖော်ဆောင်ခွင့်၊ ဘဏ္ဍာအခွန်နှင့် ငွေကြေးရေးရာ၊ တိုင်းရင်းသား ပြည်နယ် သယံဇာတ ပိုင်ဆိုင်ခွင့်နှင့် တူးဖော်အသုံးချခွင့်၊ အိမ်နီးချင်းနိုင်ငံနှင့် နယ်မြေဆက်နေသည့် တိုင်းရင်းသား ပြည်နယ်၏ ပြည်ပ ဆက်ဆံခွင့် ၊ တိုင်းရင်းသားပြည်နယ်၏ နယ်စပ်ရေးရာ လုံခြုံရေး၊ ပြည်ပနှင့် ဆက်စပ်သည့် တိုင်းရင်းသားပြည်နယ်၏ အခွန်နှင့် ကူးစက်ရောဂါစစ်ဆေးကာကွယ် ထိန်းချုပ်ခြင်း၊ လူနည်းစု တိုင်းရင်းသားတပ်မတော်အရေးနှင့် လူမှုရေးဆိုင်ရာ ကဏ္ဍများ ဖြစ်ပြီး စာတမ်းတွင် အကျယ်တဝင့်ရေးသားထားသည်။