မန္တလေးမြို့၏ ယပ်တောင်ဈေးကွက်အတွင်း ပလတ်စတစ်ယပ်တောင်များ ဝင်ရောက်နေမှု ရှိသော်လည်း မြန်မာ့ရိုးရာ ယပ်တောင်များ ဝယ်လိုအား လျော့ကျသွားခြင်းမရှိကြောင်း သိရသည်။
မြန်မာ့ရိုးရာ ယပ်တောင်များကို တနိုင်တပိုင်လုပ်ငန်းအဖြစ် လုပ်ကိုင်မှုများ ရှိနေသလို၊ ပလတ်စတစ် ယပ်တောင်များ ဈေးကွက်အတွင်း ဝင်ရောက်နေသော်လည်း မြန်မာ့ရိုးရာယပ်တောင်များကို ဝယ်ယူသုံးစွဲမှု ရှိနေခြင်းကြောင့် ဈေးကွက်ယှဉ်ပြိုင်မှုတွင် မြန်မာရိုးရာယပ်တောင်များ အောင်မြင်နေဆဲပင်ဖြစ်ကြောင်း၊ ယခုနှစ်အတွင်း မှာယူမှု များလာ ခြင်းကြောင့် ဝယ်လိုအားမြင့်တက်လျက် ရှိကြောင်း မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် ရေကြည်ကျေးရွာရှိ ယပ်တောင်လုပ်ငန်းများမှ သိရသည်။
‘‘လက်ရှိအချိန်က ဝါဝင်တော့မှာဆိုတော့ ဝါမဝင်ခင် မင်္ဂလာဆောင်သူတွေ များနေတဲ့အတွက် ယပ်တောင် မှာယူမှုလည်း များပါတယ်။ ပလတ်စတစ်ယပ်တောင်တွေ ဝင်လာပေမယ့်လည်း သိပ်မသုံးကြသေးဘူး၊ မြို့ပေါ်က ပိုက်ဆံရှိ အသိုင်းအဝိုင်းနဲ့ နာမည်ကြီး လူတန်းစားတွေပဲ ပလတ်စတစ် ယပ်တောင်နဲ့ တခြား လက်ဆောင်ပစ္စည်းတွေ သုံးကြတာ။
လူလတ်တန်းစားနဲ့ အောက်ခြေလူတန်းစား အလွှာအပါအဝင် ကျေးလက် ဒေသတွေမှာ မြန်မာ့ရိုးရာယပ်တောင်ကိုပဲ အသုံးများ ပါတယ်။ လက်ရှိအနေအထားက ဝါးရှားပါးလာတော့ ယပ်တောင် အရိုးတွေကို သေးပြီး လုပ်နေရတယ်။ နောက်ပြီး ဒီနှစ် ကုန်ကြမ်းရှားပြီး ဈေးတက်တော့ အမြတ်ရရှိမှု နည်းပါတယ်” ဟု ယပ်တောင်လုပ်ငန်း လုပ်ကိုင်သူ ဦးမျိုးကိုကိုက ပြောသည်။
မြန်မာ့ရိုးရာ ယပ်တောင်များကို ဝါတွင်းသုံးလမှလွဲ၍ တခြားအချိန်များတွင် မှာယူမှုများပြီး ရိုးရာ ယပ်တောင် များကို အလှူ၊ မင်္ဂလာဆောင်၊ အိမ်တက် စသည့်ပွဲများတွင် ယနေ့အထိ အသုံးပြုမှုများ ရှိနေသေးကြောင်း၊ ပလတ်စတစ် ယပ်တောင်များကို ကုမ္မဏီဖွင့်ပွဲများ၊ လုပ်ငန်းဖွင့်ပွဲများ၊ ကုန်ပစ္စည်း ကြော်ငြာများတွင် အသုံးပြု မှုများ ရှိသည်ဟု သိရသည်။
ယခုအခါ ရိုးရာယပ်တောင် လုပ်ငန်း၏ အဓိက အသက်သွေးကြော ကုန်ကြမ်းပစ္စည်း ဝါးရှားပါးလာမှုကြောင့် ပစ္စည်းပြတ်မှုများ ရှိလာရာ ယပ်တောင်လုပ်ငန်းများ လုပ်ငန်း ပုံမှန်လည်ပတ်နိုင်ရန်အတွက် ကြိုတင် ဝယ်ယူ စုဆောင်း ထားရှိမှုများ ပြုလုပ်လာကြရကြောင်း ယပ်တောင်လုပ်ငန်းရှင်များက ပြောကြသည်။
‘‘ယပ်တောင်လုပ်ငန်းတွေရဲ့ လိုအပ်ချက်ကြောင့် ဝါးခုတ်ပေးရာမှာ ရေတံခွန် တောင်ကြော ပေါ်ကို သွားရောက် ခုတ်ယူကြရ ပါတယ်။ အခုအချိန်မှာ ဝါးရှားပါးလာတော့ ပြင်ဦးလွင် တောင်ကြောဘက်အထိ သွားရောက် ခုတ်ယူနေရတယ်။ ဝါးသွားခုတ် တိုင်းလည်း တောပိုင်တွေကို ဝါးခုတ်ခ ပေးရပါတယ်။ ခုတ်ပြီးသား ဝါးတွေထဲက ယပ်တောင် တထောင်စည်း တစည်းကို ငါးထောင်၊ ခြောက်ထောင်လောက်နဲ့ ပြန်ရောင်းရတယ်။ ဝါးရှား လာရခြင်းက အမြဲခုတ်နေတာကြောင့်ပါ။ သစ်တောဌာနကနေ အရင်က ဝါးမပြုန်းအောင် မခုတ်ရဘူးလို့ ပြောထားပေမယ့် အခုတော့ အတိုင်းအတာ တခုအထိ ခွင့်ပြုပေးလို့ အဆင်ပြေပါတယ်’’ ဟု ပုသိမ်ကြီးမြို့နယ်၊ ရေကြည်ညောင်ပင်ကျေးရွာမှ ဝါးခုတ်သူ ဦးကျော်အောင်က ရှင်းပြသည်။
ရေကြည်ကျေးရွာတွင် ယပ်တောင်ကို အဓိက လုပ်ကိုင်ကြပြီး ဖိတ်စာ လုပ်ငန်းကိုပါ တွဲဖက် လုပ်ကိုင်သူ ၅ ဦးခန့်သာ ရှိသော်လည်း ဝါးယပ်တောင်လုပ်ငန်းကိုသာ အများဆုံး လုပ်ကိုင် ကြကြောင်း သိရသည်။
“ယပ်တောင်လုပ်ငန်းကလည်း တနိုင်တပိုင် အိမ်တွင်းမှုလုပ်ငန်း ပုံစံမျိုးသာ လုပ်ကြတာများတယ်၊ ယပ်တောင် လုပ်တဲ့သူ တွေက သိုလှောင် မထားနိုင်တော့ ငွေအောင်းထားနိုင်တဲ့ သူတွေဆီ သွားရောင်းရတာရှိတယ်။ အဲဒီလူတွေကနေ တစ်ဆင့် မြို့ပေါ်က ဖိတ်စာ၊ယပ်တောင်လုပ်ငန်းရှင်တွေဆီကို ပွဲစားသဘောမျိုး ပြန်ရောင်းကြတာပါ။ တဆင့်ခံ ပြန်ရောင်းပေးတယ် ဆိုပေမယ့် နှစ်ဦးနှစ်ဖက် သင့်တင့်မျှတတဲ့ ဈေးနှုန်း ဖြစ်နေတော့ အလုပ်ဖြစ်နေကြပါတယ်” ဟု တဆင့်ပြန်လည် ရောင်းချနိုင်ရန် လုပ်ဆောင်ပေးသည့် ရေကြည် ကျေးရွာမှ ပွဲစားတဦးက ပြောသည်။
မြန်မာ့ရိုးရာ ယပ်တောင်ကို ယခင်က အရိုးတံ အပေါက်ဖောက်ရာတွင် စက်ဘီးပုံစံ ဆုံကို အသုံးပြုခဲ့ရာမှ ယခုအခါ လျှပ်စစ်မော်တာများဖြင့် အစားထိုး အသုံးပြုလာခြင်းများကြောင့် အပေါက်ဖောက်ရာတွင် ယခင်ထက် ပိုမိုမြန်ဆန် မှုများ ရှိလာပြီး အဆိုပါအဆင့်ကိုသာ စက်ဖြင့်ပြုလုပ်ကာ ယပ်တောင်လုပ်ငန်း၏ ကျန်သည့် လုပ်ဆောင်ချက်များကို လက်ဖြင့်သာ ပြုလုပ်နေလျက်ပင် ရှိသေးကြောင်း သိရသည်။