မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့ အနီးတွင် ဂျပန် စစ်ကျန်ပစ္စည်းနှင့် ရတနာသိုက် ရှာဖွေရန် ကုမ္ပဏီ တခုအား ခွင့်ပြုထားခြင်းကို ပြန်လည် ရုပ်သိမ်း လိုက်ကြောင်း မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ အေးဇံ က ပြောသည်။
မွန်ပြည်နယ်အစိုးရအဖွဲ့၏ ဒုတိယ ၁ နှစ်တာ ကာလအတွင်း ဆောင်ရွက်ခဲ့မှုများနှင့် ပတ်သက်၍ ဇူလိုင်လ ၁၀ ရက်က ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ၌ ဝန်ကြီးချုပ်က ယင်းသို့ ပြောဆိုခြင်း ဖြစ်သည်။
သံဖြူ ဇရပ်မြို့ ဝယ်ကဝါ ကျေးရွာအုပ်စုရှိ မိန်ဗလာ တောင်ခြေတွင် ဒုတိယ ကမ္ဘာစစ် အတွင်း စစ်ကျန်ပစ္စည်းများ ရှာဖွေ တူးဖော်မှု အတွက် အထောက်အထား ခိုင်လုံစွာ တင်ပြခဲ့သည့် Royal Eagle Myanmar Development Group ကုမ္ပဏီကို ပြည်နယ် အစိုးရအဖွဲ့က ယခုနှစ် ဧပြီ ၂၃ ရက်က ခွင့်ပြုပေးပြီး စမ်းသပ် တူးဖော်မှုကို ၃ လ အချိန်ပေးခဲ့ကြောင်း သိရသည်။
ယင်းသို့ ပြည်နယ် အစိုးရ၏ ခွင့်ပြုချက်ကို ပြည်ထောင်စု အစိုးရထံ တင်ပြရာ ဂျပန်ခေတ် စစ်ကျန် ပစ္စည်းများသည် ရှေးဟောင်း ပစ္စည်းများ မဟုတ်သဖြင့် သစ်တောနှင့် သယံဇာတ ဝန်ကြီးဌာနက တိုက်ရိုက် ကိုင်တွယ်ရမည့် ကိစ္စဖြစ်ကြောင်း ပြန်လည် အကြောင်းကြားခဲ့ကြောင်း ဒေါက်တာ အေးဇံက ဆိုသည်။
ဒေါက်တာ အေးဇံက “နှစ်ပေါင်း ၁၀၀ ကျော်ရင်တော့ ရှေးဟောင်း ပစ္စည်းဖြစ်တယ်။ ရှေးဟောင်း ပစ္စည်း မဟုတ်တဲ့ အတွက် ဒီဟာကို ပြည်ထောင်စု အစိုးရ အနေနဲ့ သစ်တောနဲ့ သယံဇာတ ဝန်ကြီးဌာနက တိုက်ရိုက် ကိုင်တွယ်ပါမယ် ဆိုပြီးတော့ အကြောင်း ပြန်ပါတယ်” ဟု ပြောသည်။
ထို့ကြောင့် ယခင် ပြည်နယ် အစိုးရ ခွင့်ပြုချက်ကိုလည်း ဇွန်လ နောက်ဆုံးပတ်က ပြန်လည် ရုပ်သိမ်းခဲ့ခြင်း ဖြစ်သည်ဟု ၎င်းက ရှင်းပြသည်။
အဆိုပါ ကုမ္ပဏီမှ မေ ၁၉ ရက်တွင် မိန်ဗလာတောင်၌ လိုဏ်ခေါင်းတူးဖော်မှုကို စတင်ခဲ့ပြီး ယင်းစီမံကိန်း ဧရိယာ အရှေ့ တွင် “ဒုတိယ ကမ္ဘာစစ် အတွင်း ဂျပန်စစ်ဌာနချုပ် အဆောက်အဦ နေရာများအား စစ်သမိုင်း ပြတိုက် ဖော်ဆောင်မည့် ရှေ့ပြေး စီမံကိန်း” ဟု ဆိုင်းဘုတ်ထောင် ကြေညာပြီးနောက် မေ ၂၂ ရက်တွင်မူ “မွန်ပြည်နယ် အစိုးရ အဖွဲ့ ခွင့်ပြုချက်ဖြင့် ဒုတိယ ကမ္ဘာစစ် လက်ကျန် ပစ္စည်း ပဏာမ စူးစမ်း လေ့လာရေး အဖွဲ့” ဟု ဆိုင်းဘုတ် ပြောင်းလဲခဲ့ကြောင်း သံဖြူဇရပ် မြို့ နေ ဒေသခံများထံမှ သိရသည်။
ဒေါက်တာအေးဇံက “ကုမ္ပဏီကိုလည်း တူးဖော်တဲ့ နေရာတွေမှာ နဂို အခြေအနေရအောင် ပြန်လုပ်ဖို့ရယ်၊ ထပ်မံပြီး တူးဖော် ရှာဖွေမှုတွေကို မပြုလုပ်ကြဖို့ အကြောင်းကြားပြီး ဖြစ်ပါတယ်။ အဲဒီ ပတ်ဝန်းကျင်မှာ ရှိနေတဲ့ တဲအိမ်တွေ၊ ခြံစည်းရိုးတွေ အကုန်လုံးကို ချက်ချင်း ဖျက်သိမ်းပေးဖို့ အကြောင်းကြားပြီး ဖြစ်ပါတယ်” ဟု ပြောဆိုသည်။
၎င်းက ဆက်လက်၍ “စစ်တွင်းစစ်ကျန် စစ်လက်နက် ပစ္စည်း အပါဝင် ရတနာတွေ ရှိပါတယ်လို့ လာရောက် တင်ပြတဲ့ ပုဂ္ဂိုလ်တွေ တော်တော် များပါတယ်။ ဒါပေမယ့် အားလုံး လိုလိုက မိမိတို့ စိတ်ထင်ယူဆချက်နဲ့ လာပြီးတင်ပြတာ တွေ့ရှိရပါတယ်” ဟု ဆိုသည်။
မိန်ဗလာတောင်တွင် Royal Eagle Myanmar Development Group ကုမ္ပဏီက လာရောက်တူးဖော်မှု မပြုလုပ်ခင် ရန်ကုန် အခြေစိုက် ဂိုးလ်ဒင်း ဂျီအီးအို မြန်မာ ကုမ္ပဏီလည်း ဖေဖော်ဝါရီလ အတွင်းက လျှို့ဝှက် တူးဖော်မှုများ ပြုလုပ်ခဲ့ကြောင်း ဒေသခံများထံက သိရသည်။
မိန်ဗလာတောင်ရှိ စစ်ကျန် ပစ္စည်းများ တူးဖော်မှုကို ပြည်ထောင်စု ခွင့်ပြုချက်ဖြင့် ထပ်မံ တူးဖော်မှုများ ပြုလုပ်လာမည် ဆို ပါက ဒေသခံ ပြည်သူ လူထုအား ပွင့်လင်းမြင်သာစွာ ချပြလုပ်ရန် လိုအပ်ကြောင်း သံဖြူဇရပ်မြို့ဒေသခံ ကိုလင်းလင်းခိုင် က ဧရာဝတီ သို့ ပြောသည်။
“ပွင့်ပွင့်လင်းလင်း မလုပ်ဘဲနဲ့ အရင်လိုပဲ လျှို့ဝှက်ထားမယ် ဆိုရင်တော့ ဒေသခံတွေ အနေနဲ့ကတော့ ကန့်ကွက်သင့်ရင် ကန့်ကွက်ရမှာပေါ့၊ သူတို့အနေနဲ့ ပွင့်လင်း မြင်သာမှု ရှိစွာနဲ့ ပြည်သူတွေ ကိုလည်း ပွင့်ပွင့်လင်းလင်း ချပြမယ်။ ခြံရှင်တွေနဲ့ လည်း တွေ့ပြီး ခြံရှင်တွေရဲ့ လိုအပ်ချက် ပြီးလို့ရှိရင် သူတို့ရဲ့လုပ်ဆောင်ချက်တွေ အားနည်းချက်တွေ ကျနော်တို့ ထောက် ပြခွင့် ရှိတယ် ဆိုရင် ဘာမှ ပြောစရာ မရှိပါဘူး” ဟု ၎င်းက ဆိုသည်။
ဂျပန် စစ်ရှုံး၍ ထွက်ပြေးကြသည့် ၁၉၄၅ ခုနှစ် ဝန်းကျင် ကာလ၌ မိန်ဗလာတောင် (ဂျပန်တောင်)တွင် စစ်လက်နက်များ နှင့် ရတနာ ပစ္စည်းများ မြှုပ်နှံထားခဲ့သည်ဟု ရှေးလူကြီးများ ပြောကြားချက်များက တဆင့် သိကြရကြောင်း ဒေသခံများက ပြောဆိုသည်။