သတင်း

UWSA ခေါင်းဆောင် ၁ ဦး ထပ်မံ မူးလဲ၍ ဆေးကုသမှု ခံယူနေရ

Want create site? Find Free WordPress Themes and plugins.

တတိယ အကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံသို့ အထူးဧည့်သည် အဖြစ် တက်ရောက်လာသည့် “ဝ” ပြည်သွေးစည်း ညီညွှတ်ရေး တပ်မတော် (UWSA) ခေါင်းဆောင် ၁ ဦး ထပ်မံ၍ မူးလဲသဖြင့် နေပြည်တော် ခုတင် ၁၀၀၀ ဆေးရုံ၌ ဆေး ကုသမှု ခံယူနေ ကြောင်း သတင်း ရရှိသည်။

ယနေ့ ကျင်းပသည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံ အစည်းအဝေး တတိယ မြောက်နေ့တွင် မူးလဲသည့် UWSA ခေါင်းဆောင်သည် ပြင်ပ ဆက်ဆံရေး တာဝန်ခံ ဦးကျောက်ကော်အန်း ဆိုသူ ဖြစ်ကြောင်း သိရသည်။

နိုင်ငံတော် အတိုင်ပင်ခံရုံးမှ ညွှန်ကြားရေးမှူး ဦးဇော်ဌေးက “ဦးကျောက်ကော်အန်း ကျတော့ သွေးထဲမှာ သကြားဓာတ် နည်းတဲ့ ရောဂါ ဖြစ်ပြီး ခေါင်းမူးတာပေါ့။ ခေါင်းနည်းနည်း မူးပြီးတော့ လဲတဲ့သဘောပေါ့။ အဲဒီမှာ ဂလူးကို့စ် ၂ လုံး ထိုးလိုက် တယ်။ စိတ်ချရအောင် ဆိုပြီး တော့ ဆေးရုံကို ပို့လိုက်တယ်”ဟု ယနေ့ နေ့လယ်ပိုင်းတွင် သတင်းထောက်များကို ပြောသည်။

၂၁ ပင်လုံ အစည်းအဝေး ဒုတိယ မြောက်နေ့ကလည်း UWSA ဒု ဥက္ကဌ ဖြစ်သူ ပေါက်ယူယိ မူးလဲ သဖြင့် နေပြည်တော် ဆေးရုံတွင် ဆေး ကုသမှု ခံယူလျက်ရှိရာ UWSA ခေါင်းဆောင် ၂ ဦး ဆေးကုသမှု ခံယူနေရခြင်း ဖြစ်သည်။

ဦးဇော်ဌေးက “မနေ့က တက်တဲ့ ဦးပေါက်ယူယိက နှလုံးသွေးကြော နည်းနည်းလေး ပိတ်နေတာပါ။ ပိတ်နေတော့ အပူ အအေး မမျှတော့ ဖြစ်တာပေါ့။ ဖြစ်တော့ မနေ့ကလည်း ဒုဆေးရုံအုပ်ကြီး ကိုယ်တိုင် ဟိုတယ်ကို လာပြီး ခေါ်တယ်” ဟု ပြောသည်။

ဦးပေါက်ယူယိ၏ နှလုံးရောဂါကို ကုသရန် အတွက် စစ်ဘက်ဆိုင်ရာ ဝါရင့် နှလုံး အထူးကု ဆရာဝန်ကြီးများ ကိုယ်တိုင် ခုတင် ၁၀၀၀ ပြည်သူ့ ဆေးရုံသို့ လာရောက်ပြီး အထူးကြပ်မတ် ကုသပေးနေကြောင်းနှင့် ၂ ဦးလုံး၏ ကျန်းမာရေး အခြေ အနေ သည် စိုးရိမ်စရာ မရှိကြောင်း ဦးဇော်ဌေးက ဆိုသည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး၏ Facebook စာမျက်နှာ၌ နေပြည်တော် ခုတင် ၁၀၀၀ ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေ သည့် UWSA ခေါင်းဆောင် ၂ ဦး၏ ကျန်းမာရေးအခြေအနေကို ယနေ့ နေ့လယ်ပိုင်းတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချူပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်က သွားရောက်၍ ရောဂါဖြစ်ပွားမှု အခြေအနေများနှင့် ဆေးကုသမှုများအား နှလုံး အထူးကု ပါရဂူကြီးများကို မေးမြန်းခဲ့ကြောင်း၊ ထို့နောက် ဆေးကုသမှု ခံယူနေသည့် ခေါင်းဆောင် ၂ ဦးကို အားပေး စကား ပြောကြားပြီး အားဖြည့် ငှက်သိုက်ရည် များနှင့် စားသောက်ဖွယ်ရာများကို ပေးအပ်ခဲ့ကြောင်း ဖော်ပြထားသည်။

တတိယ အကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံကို ဇူလိုင် ၁၁ ရက်မှ စတင်၍ ၁၆ ရက် အထိ နေပြည်တော် တွင် ကျင်းပနေခြင်း ဖြစ်သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading