သတင်း

ဗိုလ်ချုပ်ရုပ်တု စိုက်ထူရန် ကြိုးပမ်းမှု နာဂ အဖွဲ့အစည်းများ ကန့်ကွက်

Want create site? Find Free WordPress Themes and plugins.

စစ်ကိုင်းတိုင်း ဒေသကြီး ဇင်္ဂလိန်း-ခန္တီးမြို့တွင် ဗိုလ်ချုပ် အောင်ဆန်းကြေး ရုပ်တု စိုက်ထူရန် ကြိုးပမ်းစီစဉ်နေမှုအား ပြင်း ထန်စွာ ကန့်ကွက်ကြောင်းနှင့် အမြန်ဆုံး ရပ်တန့်ပေးရန် နာဂ အရပ်ဘက် အဖွဲ့အစည်းများက ယနေ့ တောင်းဆိုလိုက်သည်။

“ဇင်္ဂလိန်း-ခန္တီးမှာ ဗိုလ်ချုပ်ရုပ်တု စိုက်ထူမယ်ဆိုရင် သက်ဆိုင်ရာ ဒေသခံတွေရဲ့ သဘောထားက အရေးကြီးပါတယ်။ ဒီနေရာမှာလည်း နာဂ တယောက် နှစ်ယောက်ကို ခေါ်ပြီးမှ ဒါမှမဟုတ် NLD မှာရှိနေတဲ့ နာဂ ၁ ယောက် ၂ ယောက်ကို ခေါ်ပြီး ဒါက နာဂ ပြည်သူလူထုရဲ့ သဘောထားပါလို့ ပြောလို့မရပါဘူး” ဟု နာဂ ကျောင်းသားနှင့် လူငယ်များ အဖွဲ့ချုပ် (မြန်မာ)၏ အလုပ်အမှုဆောင် တော့ရိန် က ဧရာဝတီကို ပြောသည်။

နာဂ အမျိုးသားရေးရာ ကောင်စီ၊ ဌာနေ တိုင်းရင်းသား ဆိုင်ရာ သဘာဝ သယံဇာတ ကာကွယ်ရေး အဖွဲ့၊ အရှေ့နာဂ ဖွံ့ဖြိုး တိုးတက်ရေးအဖွဲ့အစည်း၊ နာဂကျောင်းသားလူငယ်များအဖွဲ့ချုပ်(မြန်မာ)၊ နာဂ ကျောင်းသား လူငယ်များ အဖွဲ့ချုပ် (ရန်ကုန်)၊ မကူရီ နာဂ လူငယ်များအဖွဲ့ချုပ်၊ တန်ရှန်းနာဂကျောင်းသားများအဖွဲ့၊ ရှားနားအဖွဲ့၊ အရှေ့နာဂ ကျောင်းသားများ အဖွဲ့၊ ကိုကာ့နာဂ ကျောင်းသား လူငယ်အဖွဲ့အစည်း ၁၀ ဖွဲ့က ပူးတွဲ ကြေညာချက် ထုတ်ပြန်ကာ တောင်းဆိုလိုက်ခြင်း ဖြစ်သည်။

ဆက်လက်၍ တော့ရိန် က မည်သည့် ဒေသတွင်မဆို သက်ဆိုင်ရာ လူထုကို ကိုယ်စားပြုထားသည့် အင်အားစု အဖွဲ့ အစည်းများ ရှိကြောင်း၊ ယင်းအဖွဲ့အစည်းများနှင့် တရားဝင် ထိတွေ့ပြီး အစည်းအဝေး ဆုံးဖြတ်ချက်နှင့် အညီ ဆောင်ရွက် မှသာ သက်ဆိုင်ရာ လူထုလူမျိုးကို ကိုယ်စားပြုသည်ဟု ပြော၍ ရမည်ဖြစ်ကြောင်း၊ နာဂ အနည်းငယ် ပါခြင်းက နာဂများကို ကိုယ်စားပြုသည်ဆိုပါက အသုံးချခြင်းသာ ဖြစ်သည်ဟု မြင်ကြောင်း ပြောဆိုသည်။

နိုင်ငံအနှံ့ ဗိုလ်ချုပ်ရုပ်တုများ စိုက်ထူရန် ကြိုးပမ်းနေမှုသည် အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးကို ပိုမိုထိခိုက်စေမည့် အနေအထားသို့ ဦးတည်နေပြီး တိုင်းရင်းသားတို့၏ သမိုင်း၊ ယဉ်ကျေးမှု၊ ဝိသေသ လက္ခ ဏာ များကိုလည်း လွှမ်းမိုး မှေးမှိန်စေသည့် သဘော သက်ရောက်နေသဖြင့် ယင်းသို့ ကြိုးပမ်းလှုပ်ရှားမှုများကို နာဂ အရပ် ဘက် အဖွဲ့အစည်းများက လုံးဝ လက်မခံနိုင်ကြောင်း ကြေညာချက်တွင် ထည့်သွင်း ပြောဆိုထားသည်။

ယနေ့ ထုတ်ပြန်သည့် ပူးတွဲကြေညာချက်ကို ဗိုလ်ချုပ်ကြေးရုပ် ဖြစ်မြောက်ရေး ကော်မတီ၊ တိုင်းအစိုးရ အဖွဲ့နှင့် ခန္တီး စီမံ ခန့်ခွဲရေး ကော်မတီများထံ ပေးပို့သွားမည် ဖြစ်ကြောင်း၊ နောက်ပိုင်းဖြစ်ပေါ်လာမည့် ဆွေးနွေးမှုအခြေအနေများပေါ် မူတည်ကာ လိုအပ်သည့် လှုပ်ရှားမှုများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တော့ရိန်က ပြောသည်။

ယင်းကန့်ကွက်စာသည် ခန္တီးမြို့ ဗိုလ်ချုပ်ရုပ်တု ဖြစ်မြောက်ရေး ကော်မတီသို့ တရားဝင်ရောက်ရှိလာခြင်း မရှိသေးကြောင်း၊ လက်ရှိ တွင် ဖောင်ဒေးရှင်း မပြီးသေးဖြင့် ရုပ်တု မစိုက်ထူရသေးသော်လည်း လာမည့် ဇူလိုင် ၂၁ ရက်တွင် ဖွင့်လှစ်ရန် စီစဉ်ထား သည်ဟု ခန္တီးမြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဦးမောင်တေးက ဧရာဝတီကို ပြောသည်။

“ကျနော်တို့ စတင်ပြီး ကော်မတီတွေ ဖွဲ့စည်းတဲ့ အခါမှာ ဘာမှလည်းမပြောဘူး။ အခု ဖွင့်ပွဲလုပ်ခါနီးမှ လုပ်တယ်ဆိုတာ ကျ နော့် အနေနဲ့ သုံးသပ်မယ်ဆို ဒါလည်း မရိုးသားဘူးလို့ ထင်တယ်။ ကျနော့် အနေနဲ့ကတော့ ကော်မတီရဲ့ ဆုံးဖြတ်ချက် အတိုင်းပဲ သွားမယ်။ ကော်မတီကနေ ဒါကို မဖြစ်မနေ ဆက်လုပ်သွားမယ် ဆိုလည်း ကော်မတီရဲ့ဆုံးဖြတ်ချက်ပဲ” ဟု ၎င်းက ဆိုသည်။

ဆက်လက်၍ ၎င်းက ဗိုလ်ချုပ်ရုပ်တု ဖြစ်မြောက်ရေး ကော်မတီကို ခန္တီးလူငယ်ကွန်ရက်၊ မြို့နယ် နာဂရိုးရာယဉ်ကျေးမှု ဗဟို ကော်မတီ၊ ရှမ်းရေးရာအဖွဲ့၊ မြို့မိမြို့ဖများက ဦးဆောင်ထားပြီး ခန္တီးပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်နှင့် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်များက နာယက အဖြစ် ပါဝင်ကြောင်း၊ ကော်မတီ အသီးသီးဖွဲ့ပြီး လုပ်ဆောင်နေသည်မှာ ၁ နှစ် ခန့် ရှိပြီဖြစ်ကြောင်း ရှင်းပြသည်။

အဆိုပါ ဗိုလ်ချုပ်ရုပ်တုကို ခန္တီးမြို့မှ လဟယ်မြို့အထွက်ရှိ မကြာသေးခင်က ဖွင့်လှစ်ထားသော ချင်းတွင်း တံတားသစ်ထိပ် အနီး ခန္တီးဘက်အခြမ်းလမ်းဆုံ တြိဂံမြေနေရာ၌ စိုက်ထူမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိ အခြေအနေတွင် တိုင်းနှင့်ပြည်နယ်များ၌ ဗိုလ်ချုပ်အောင်ဆန်းပုံတူရုပ်တု စိုက်ထူခြင်း၊ စိုက်ထူရန်စီစဉ်ခြင်းများ ရှိနေ သကဲ့သို့ ဝေဖန်ကန့်ကွက်မှုများ၊ ဆန္ဒပြမှုများလည်း ရှိနေသည်။

ပြီးခဲ့သည့် ဇူလိုင် ၃ ရက်ကလည်း ကယားပြည်နယ်၊ လွိုင်ကော်မြို့၌ ပြည်နယ်အစိုးရက ဗိုလ်ချုပ်အောင်ဆန်းပုံတူကြေး ရုပ်တုကို ထားရှိမည့်အပေါ် ဒေသခံ ၁ ထောင်ဝန်းကျင်က ကန့်ကွက် ဆန္ဒပြခဲ့ရာ လုံခြုံရေး ရဲတပ်ဖွဲ့ဝင်များနှင့် လူထု အကြား ရုန်းရင်းဆန်ခတ်မှုများ ဖြစ်ပွားခဲ့သည်။

ယင်းဖြစ်စဉ်အပြီးတွင် ကရင်နီ သမိုင်းကြောင်း လက်ကမ်းစာစောင်များ ဖြန့်ဝေသည်ဟုဆိုကာ ကရင်နီလူငယ် ၁၀ ဦးကို နိုင်ငံတော် အကြည်ညို ပျက်စေမှု ပုဒ်မ ၅၀၅(ခ)၊ (ဂ) တို့ဖြင့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနက တရားလို ပြုလုပ်ကာ တရားစွဲဆိုထားကြောင်း သိရသည်။

ဗိုလ်ချုပ် ရုပ်တု စိုက်ထူရေးနှင့် ပတ်သက်၍ စိုက်ထူရမည်ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က ညွှန်ကြားချက် မရှိကြောင်း၊ သို့သော် အဖွဲ့ချုပ်နှင့် အဖွဲ့ဝင်များ အနေဖြင့် ဗိုလ်ချုပ် စိတ်ဓာတ်၊ ဗိုလ်ချုပ် လုပ်ရပ်ကို အမှတ်ရနေစေရန် ဒေသခံ ပြည်သူများနှင့် ပူးပေါင်း ကူညီမှုများ ရှိကြောင်း NLD ၏ ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင် ဒေါက်တာ မျိုးညွှန့်က ဧရာဝတီ အား ပြောကြားထား သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading