သတင်း

နည်းပြ အပါအဝင် နိုင်ငံမဲ့ တောဝက်အသင်းသား သုံးဦး ထိုင်းနိုင်ငံသား ဖြစ်လာဖွယ်ရှိ

Want create site? Find Free WordPress Themes and plugins.

ရေလွှမ်းနေသော ထမ်လုံဂူအတွင်း နှစ်ပတ်ကျော်ကြာ ပိတ်မိနေပြီးနောက် ကယ်ဆယ်နိုင်ခဲ့သော တောဝက် ဘောလုံးအသင်းမှ နည်းပြ အပါအဝင် နိုင်ငံမဲ့သူ ၃ ဦးတို့ကို နိုင်ငံသားအဆင့် သတ်မှတ်ပေးရန် ထိုင်းနိုင်ငံက စဉ်းစားနေသည်။

ရှမ်းပြည်နယ်စပ် ထိုင်းနိုင်ငံမြောက်ပိုင်းရှိ တောင်ပေါ် တိုင်းရင်းသား မိသားစုများမှ ဆင်းသက်လာကြသည့် ကစားသမားများဖြစ်သော ပွန်ချိုင် ကမ်လုံ၊ အဒူ ဆမ်အွန်နှင့် နည်းပြ အက်ကာပိုလ် ချန်တဝေါင် တို့သည် နိုင်ငံမဲ့များ ဖြစ်ကြပြီး ထိုင်းနိုင်ငံသား မှတ်ပုံတင်များ မရှိကြပေ။

ထိုင်းနိုင်ငံ ဥပဒေအရ နိုင်ငံသားများအဖြစ် သတ်မှတ်ခံရခြင်း မရှိသောကြောင့် တခြားသော အသင်းဝင်များ ခံစားခွင့်ရသည့် နိုင်ငံသား အခွင့်အရေးများကို လက်လွှတ် ဆုံးရှုံးနေသူများ ဖြစ်သည်။

ထိုသို့ နိုင်ငံသားအဆင့် ကင်းမဲ့နေသောကြောင့် ၎င်းတို့သည် လာမည့်ဘောလုံးရာသီတွင် မန်ချက်စတာ ယူနိုက်တက် အသင်းက ဖိတ်ကြားထားသည့်ခရီးကို သွားရောက်နိုင်မည် မဟုတ်သည့် သဘော သက်ရောက် နေသည်။

ကလေး ၃ ဦးတို့တွင် အခြေခံအခွင့်အရေး တချို့ ရရှိစေသည့် တောင်ပေါ်နေ တိုင်းရင်းသားအဆင့် အသိအမှတ်ပြု ထိုင်းမှတ်ပုံတင်များ ရှိသော်လည်း နည်းပြတွင် မည်သည့် တရားဝင် မှတ်ပုံတင်မျှ မရှိဘဲ ပြည်နှင်ဒဏ် ပေးခံရနိုင်သော အန္တရာယ်ရှိနေသောကြောင့် အများပြည်သူဆိုင်ရာ ဝန်ဆောင်မှုများကိုလည်း ရပိုင်ခွင့်မရှိပေ။

ထိုင်းနိုင်ငံပြည်ထဲရေး ဝန်ကြီးဌာန မှတ်ပုံတင် ဗျူရိုသည် ၎င်းတို့ ၄ ဦးကို နိုင်ငံအဆင့် သတ်မှတ်ပေးရန် နည်းလမ်း ရှာဖွေနေကြောင်း ထိုရုံးမှ ညွှန်ကြားရေးမှူး ဗန်းနပ်စ် ဆာဆပ်က အတည်ပြုပြောကြားသည်။

“အခု လောလောဆယ်တော့ မယ်ဆိုင် ခရိုင်ရုံးက အရာရှိတွေက သူတို့မွေးဖွားတဲ့ အထောက်အထားတွေကို လေ့လာနေတယ်။ သူတို့ကို ထိုင်းနိုင်ငံမှာ မွေးလား၊ ဒါမှမဟုတ် သူတို့မှာ ထိုင်းမိဘ တဦးဦး ရှိလားဆိုတာ သိဖို့လိုတယ်” ဟု သူက ရှင်းပြသည်။

အချိန်မည်မျှ ကြာနိုင်သည်ကို မေးမြန်းသောအခါ “ကျနော် သေသေချာချာတော့ မပြောနိုင်ဘူး။ စာရွက်စာတမ်း ရှာတဲ့အပေါ် မူတည်တယ်” ဟု သူပြောသည်။

သို့သော် Nation သတင်းစာကမူ အဆင်ပြေ ချောမွေ့လျင် ၎င်းတို့သည် ၆ လအတွင်း ထိုင်းနိုင်ငံသားအဆင့် ရရှိနိုင်သည်ဟု ဖော်ပြသည်။

နိုင်ငံသားအဆင့် မရှိသောကြောင့် ၎င်းတို့သည် အခွင့်အရေးများကို အကန့်အသတ်ဖြင့်သာ ရရှိသည့် သဘောဖြစ်ကြောင်း Fortify Rights အဖွဲ့မှ ထိုင်းလူ့အခွင့်အရေး ကျွမ်းကျင်သူ ပတ်တာနီး ကန်းကန်က ပြောသည်။

ထိုင်းနိုင်ငံ ဥပဒေအရ နိုင်ငံမဲ့သူများသည် ပညာသင်ကြားခွင့်နှင့် ကျန်းမာရေး စောင့်ရှောက်မှု စသည့် အခွင့်အရေးများ ရရှိနိုင်ဆဲဖြစ်သည်။ ထို့ကြောင့်လည်း နိုင်ငံမဲ့သူကလေး တချို့သည် ကျောင်းတက်ခွင့် ရနေခြင်းဖြစ်သည်။

“ဒါပေမယ့် တခြားအခွင့်အရေးတွေကျတော့ အကန့်အသတ်တွေရှိလာပြီ။ အဓိကအားဖြင့် အလုပ်လုပ်ခွင့်တို့၊ လွတ်လပ်စွာ သွားလာခွင့်တို့ မရဘူး။ သူတို့နေတဲ့ ပြည်နယ်ပြင်ပကို သွားမယ်ဆိုရင် ခွင့်ပြုချက်တောင်းရမယ်။ နိုင်ငံကူး လက်မှတ်လုပ်တဲ့ နေရာမှာလည်း အခက်အခဲရှိမယ်” ဟု ပတ်တာနီး ကန်းကန်က ရှင်းပြသည်။

ပြည်ထဲရေး ဝန်ကြီးဌာန၏ စုံစမ်းစစ်ဆေးမှုသည် လွန်ခဲ့သော နှစ်ပတ်အတွင်း မယ်ဆိုင်ခရိုင်တွင် လူငယ် ၄ ဦး၏ အဆင့်နှင့် ပတ်သက်သော အရှုပ်အထွေးကို ပြေလည်သွားစေနိုင်သည်။

ဇူလိုင်လ ၁၁ ရက်နေ့က ပြည်နယ် အုပ်ချုပ်ရေးမှူးနှင့် ကယ်ဆယ်ရေးလုပ်ငန်း အကြီးအကဲ နာရောင်ဆက် အော့စတန်နာကွန် က ကယ်ဆယ်ရေး အောင်မြင်ကြောင်း အများပြည်သူသို့ ကြေညာပြောကြားသောအခါ ထိုရှုပ်ထွေးမှုသည် ပိုမိုနက်ရှိုင်းလာခဲ့သည်။

“သူတို့တတွေဟာ ကြီးမြတ်တဲ့ ထိုင်းနိုင်ငံသားကြီးတွေ ဖြစ်လာမယ်လို့ ကျနော်ယုံကြည်တယ်” ဟု သူပြောကြားခဲ့သဖြင့် ကလေးများနှင့် နည်းပြတို့ကို ထိုင်းနိုင်ငံသား အဆင့်သတ်မှတ်မည့် သဘောမျိုး ဖြစ်လာခဲ့သည်။

ပြည်နယ်အုပ်ချုပ်ရေးမှူးသည် ကလေးများ၏ နိုင်ငံမဲ့ အဆင့်ကို မသိသောကြောင့် ထိုသို့ပြောခြင်း ဖြစ်နိုင်ပါသလားဟု မေးသောအခါ “အရာရာကို ဥပဒေအတိုင်း ဆက်လက်လုပ်ဆောင်ရမယ်။ နိုင်ငံသား အက်ဥပဒေရှိတယ်။ ဥပဒေကြောင်းအရ သူတို့မှာ ဒီအခွင့်အရေးရပိုင်ခွင့်ရှိရင် ရရမယ်။ သူတို့မှာ ဒီအခွင့်အရေး ရခွင့်ရှိမရှိပေါ်မှာ မူတည်တယ်” ဟု သူက ပြန်ဖြေသည်။

နိုင်ငံတကာမီဒီယာများက တောဝက်အသင်းသား တချို့၏ နိုင်ငံမဲ့အဆင့်ကို အာရုံစိုက်နေသော်လည်း ထိုင်းမီဒီယာများကမူ ဇူလိုင်လ ၁၂ ရက်နေ့ကျမှသာ ထိုကိစ္စကို စတင် ဖော်ပြလာခဲ့သည်။

“ထိုင်းမီဒီယာတွေက ဒီကိစ္စကို သိပ်မတင်ပြဘူး။ ဖော်ပြရင်လည်း သူတို့က ဒီကိစ္စကို သိပ်နားမလည်ကြဘူး” ဟု ထိုင်းနိုင်ငံမြောက်ပိုင်းမှ နိုင်ငံမဲ့သူများ၏ အခွင့်အရေးများအတွက် တက်ကြွလှုပ်ရှားသူ ပင်းမ် ကပြောသည်။

နိုင်ငံသားဖြစ်ခွင့်ရှိသော နိုင်ငံမဲ့အများအပြားမှာ ဥပဒေ ဗဟုသုတ ကင်းမဲ့ခြင်းနှင့် အကျင့်ပျက်ခြစား၊ ခွဲခြားဆက်ဆံသော စနစ်ကြောင့် နိုင်ငံသားအဆင့်အတန်း မရရှိကြောင်းလည်း သူက ရှင်းပြသည်။

“နည်းပြမှာ ထိုင်းမှတ်ပုံတင်မရှိတာနဲ့ သူက မြန်မာပဲလို့ တချို့လူတွေပြောတာကို ကျမ ဖတ်ရတယ်” ဟုလည်း သူက ဆိုသည်။

ထိုင်းနိုင်ငံတွင် အရေအတွက် ၅ သိန်းခန့်ရှိနေသော နိုင်ငံမဲ့များအနေဖြင့် ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့ များတွင် နိုင်ငံသားလျှောက်ထားနိုင်ပြီး ထိုင်းနိုင်ငံတွင် မွေးဖွားကြောင်းနှင့် ထိုင်းနိုင်ငံသား မိဘတဦးဦးက ဆင်းသက်လာပါက အထောက်အထား တင်ပြရန် လိုသည်။ ထို့အပြင် ဘွဲ့လက်မှတ် သို့မဟုတ် ဒီပလိုမာလက်မှတ်များကိုတင်ပြပြီး ထိုင်းအာဏာပိုင်များထံမှ အထူးခွင့်ပြုချက်ဖြင့်လည်း နိုင်ငံသားအဆင့် ရရှိနိုင်သည်။

ကိုးကား ။ ။ The Nation, The Guardian

Did you find apk for android? You can find new Free Android Games and apps.
Loading