ကြားဖြတ်ရွေးကောက်ပွဲ၌ ရသေ့တောင်မြို့နယ်မှ ၄ဦး ဝင်ပြိုင်ရန် အမည်စာရင်းသွင်း
ကြားဖြတ်ရွေးကောက်ပွဲတွင် လစ်လပ်နေသော ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် မဲဆန္ဒယ်နယ် အမှတ် (၂) ၌ နိုင်ငံရေးပါတီ ၃ ခုမှ ကိုယ်စားလှယ်လောင်း ၃ ဦးနှင့် တသီးပုဂ္ဂလ ကိုယ်စားလှယ် လောင်း ၁ ဦး စုစုပေါင်း ၄ ဦးဝင်ရောက် ယှဉ်ပြိုင် ရန် အမည်စာရင်း တင်သွင်း ထားကြောင်း သတင်းရရှိသည်။
စစ်တွေ ခရိုင်ရွေးကောက်ပွဲအရာရှိ ဦးခင်မောင်ဦးက“ကျနော်တို့ဆီကို ရသေ့တောင်မဲဆန္ဒယ်နယ် အမှတ်(၂)အတွက် ကိုယ်စားလှယ်လောင်း အဖြစ် အမည်စာရင်း တင်ပြထားသူကတော့ နိုင်ငံရေး ပါတီ ၃ခုက ကိုယ်စားလှယ်လောင်း ၃ ဦးနဲ့ တသီးပုဂ္ဂလ ၁ ဦး ရှိပါတယ် ဟု ဧရာဝတီသို့ ပြောသည်။
အဆိုပါ ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများမှာ ရခိုင်အမျိုးသားပါတီ (ANP ) ပါတီမှ ဦးလှမြင့်၊ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (ALD) ပါတီမှ ဦးသိန်းမောင်၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ်ပါတီမှ (NLD) ပါတီမှ ဦးခင်သန်းမောင်၊ တသီးပုဂ္ဂလ ကိုယ်စားလှယ်အဖြစ် ဒေါက်တာအေးမောင် ၏ သား ဦးတင်မောင်ဝင်းတို့ ဝင်ရောက် ယှဉ်ပြိုင်ရန် အမည်စာရင်း တင်သွင်းထားကြောင်း စစ်တွေခရိုင်ရွေးကောက်ပွဲ ကော်မရှင်ထံမှ သိရသည်။
ရခိုင်အမျိုးသားပါတီ (ANP )မှ ပါတီကိုယ်စားလှယ်လောင်း အဖြစ်တင်သွင်းထားသော ဦးလှမြင့် သည် ဇူလိုင်လ ၇ ရက်က ရွေးကောက်ပွဲ ကော်မရှင်ထံ အမည်စာရင်း တင်သွင်းထားပြီး ရွေးကောက်ပွဲ အနိုင်ရရှိမည်ဆိုပါက အနောက် တံခါးကာကွယ်ရေး ကိစ္စရပ်များကို လွှတ်တော်ထဲတွင် အဓိက ကြိုးပမ်း ဆောင်ရွက်သွားမည်ဟု ပြောသည်။
ဦးလှမြင့်က “ကျနော်က ရသေ့တောင်ဒေသခံ တဦးလည်း ဖြစ်တယ်။ ရသေ့တောင်မြို့ဆိုတာကလည်း အနောက်တံခါး အတွက် အဓိက အချက်အချာကျတဲ့ မြို့တမြို့လည်း ဖြစ်တာကြောင့် လွှတ်တော်ထဲမှာ အနောက်တံခါးကို ကာကွယ်ဖို့ အဓိက လုပ်ဆောင်သွားဖို့ ဆန္ဒရှိပါတယ် ” ဟု ပြောသည်။
၎င်း၏ ရခိုင်အမျိုးသားပါတီအနေဖြင့် ၂၀၁၀ ရွေးကောက်ပွဲနှင့် ၂၀၁၅ ရွှေကောက်ပွဲများတွင် ရသေ့ တောင်မြို့နယ် အတွင်း ပြိုင်ဘက်ပါတီများကို ပြတ်ပြတ်သားသား အနိုင်ရရှိထားသဖြင့် ကြားဖြတ် ရွေးကောက်ပွဲတွင်လည်း အနိုင်ရရှိရန် မျော်မှန်းထားကြောင်း ဦးလှမြင့်က ဆက်လက်ပြောကြားသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD ) ပါတီမှ ကိုယ်စားလှယ်လောင်အဖြစ် ဝင်ရောက်အရွေးခံရန် အမည်စာရင်း တင်သွင်းထားသူ ဦးခင်သန်းမောင်ကတော့ ရွှေးကောက်ပွဲ၌ အနိုင်ရရှိခဲ့မည်ဆိုပါက ဒေသအတွင်း ကျေးရွာချင်းဆက်လမ်း၊ လျှစ်စစ်မီး၊ စာသင်ကျောင်းများ ရရှိရန် ဆောင်ရွက်ကြိုးပမ်း သွားမည် ဖြစ်ကြောင်း ပြောသည်။
ဦးခင်သန်းမောင်က “ရွေးကောက်ပွဲ ဝင်ရတဲ့ ရွယ်ရွယ်ချက်ကတော့ ကျနော်တို့ ဒေသက ဖွံ့ဖြိုးရေး နိမ့် ကျနေတော့ ဖွံ့ဖြိုးရေး လုပ်ငန်းတွေကို အဓိကထား လုပ်မယ်။ ကျေးရွာချင်းဆက်လမ်း၊ လျှပ်စစ်မီး၊ ကျောင်းတွေ ရရှိအောင် လုပ်ဖို့ ရည်မှန်းထားပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ဦးခင်သန်းမောင်မှာ အငြိမ်းစား မြန်မာ့စီးပွားရေးဘဏ်ကြီးကြပ်ရေးမှူး ဖြစ်ပြီး ၂၀၁၈ ခုနှစ် နှစ်ဆန်း ပိုင်းတွင် NLD ပါတီဝင်ထဲသို့ ဝင်ရောက်လာသည့် ရိုးရိုးပါတီဝင် တဦးဖြစ်ကြောင်းလည်း သိရ သည်။
တသီးပုဂ္ဂလက ဝင်ရောက်အရွေးခံမည့် ဒေါက်တာအေးမောင်၏ သားကြီး ဦးတင်မောင်ဝင်း သည် ဇူလိုင်လ ၄ ရက်နေ့က ရွှေးကောက်ပွဲ ကော်မရှင်ထံ အမည်စာရင်းတင်သွင်းထားပြီး အဖရခိုင်ပါတီ
(AFP) ပါတီ မှတ်ပုံတင်ခွင့် မကျသေးသည့် အတွက် ပါတီတည်ထောင်သူများ၏ အကြံပေးများအရ ဝင်ရောက်အရွေးခံခြင်း ဖြစ်ကြောင်း ပြောသည်။
ဦးတင်မောင်ဝင်းက “ ကျနော်က အဖရခိုင်ပြည်ပါတီရဲ့ တည်ထောင်သူ၂၁ ဦးထဲက ၁ ဦးဖြစ်ပါတယ်။ လောလောဆယ် ပါတီမှတ်ပုံတင်ခွင့် မကျသေးတဲ့အတွက် ပါတီ ဖောင်ဒါနဲ့ အကြံပေးအဖွဲ့တွေရဲ့ အကြံပေးချက်အရ တသီးပုဂ္ဂလ ဝင်ရောက် အရွေးခံတာဖြစ်ပါတယ်။ ကျန်တဲ့ အကြောင်းအရာ တွေကို တော့ ကျနော် မပြောချင်သေးဘူး” ဟု ဧရာဝတီသို့ ပြောသည်။
ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ပါတီ ( ALD ) ပါတီ အနေဖြင့်မူ ရသေ့တောင်မြို့နယ် ကြားဖြတ်ရွေးကောက် ပွဲတွင် ကျောင်းအုပ်ဆရာကြီး တဦးဖြစ်သည့် ဦးသိန်းမောင်ကို ရွေးချယ်ခံရန် ဇူလိုင်လ ၉ ရက်နေ့က အမည်စာရင်း တင်သွင်းထားကြောင်းနှင့် ရခိုင်နိုင်ငံရေးထဲသို့ လူကောင်း၊ သူကောင်း ရောက်ရှိရေး မူဘောင်တွင် ဝင်ရောက်ယှဉ်ပြိုင်ခြင်း ဖြစ်ကြောင်း အထွေထွေအတွင်းရေးမှူး ဦးမျိုးကျော်က ပြော သည်။
ဦးမျိုးကျော်က “အဓိက ပြောချင်တာကတော့ ရခိုင်ပြည်သူတွေဟာ နိုင်ငံရေး ပါတီတွေကို တော်တော် လေး စိတ်ပျက်နေတယ်လို့ သိရတယ်။ ဘာကြောင့်လဲဆိုတော့ ကိုယ်စားလှယ်တွေရဲ့ အရည်အချင်း ကြောင့်လည်း ဖြစ်မယ်။ လူကောင်း၊ သူကောင်းတွေကို နိုင်ငံမှာနေရာ ရစေချင်တယ်။ အဲဒါနဲ့ အပြောင်းအလဲတခု ဖြစ်ချင်တဲ့အတွက် ဂုဏ်သရေရှိတဲ့ ကျောင်းအုပ်ဆရာကြီးတဦးကို ရွေးပြီးတော့ ရွေးကောက်ပွဲကို ပါဝင်ယှဉ်ပြိုင်ရခြင်းဖြစ်ပါတယ် ” ဟု ဧရာဝတီသို့ ပြောသည်။
မနက်ဖြန် ဇူလိုင်လ ၁၄ ရက်နေ့၌ ရသေ့တောင်မြို့နယ်တွင် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD)ပါတီ ၏ မြို့နယ်ရုံးကို ဖွင့်လှစ် သွားမည် ဖြစ်ကြောင်းလည်း ဦးမျိုးကျော်က ဆက်လက်ပြောကြားသည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကမူ တိုင်းရင်းသားပါတီများကို ဦးစားပေးသည့် အနေဖြင့် ရသေ့တောင်မြို့ နယ် ကြားဖြတ်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခြင်း မပြုဟု သတင်းမီဒီယာ များသို့ ပြောကြား ထားသည်။
ကြားဖြတ် အထွေထွေ ရွှေးကောက်ပွဲ ရသေ့တောင်မြို့နယ် မဲဆန္ဒနယ်အမှတ် (၂) တွင် လက်ရှိပြုစု ထားသော စာရင်း အရ မဲဆန္ဒရှင် ပြည်သူ ၅ သောင်းရှိပြီး ဝင်ရောက်အရွေးခံရန် အမည်စာရင်း တင်သွင်းထားသော ကိုယ်စားလှယ်လောင်း များအား ဇူလိုင်လ ၁၆ ရက်နေ့တွင် ကိုယ်စားလှယ် လောင်း အရည်အချင်း ပြည့်မီမှု ရှိမရှိကို စိစစ်မည်ကြောင်း ခရိုင်ရွေး ကောက်ပွဲ ကော်မရှင်မှ ပြောသည်။
အရည်အချင်းပြည့်မီသော ကိုယ်စားလှယ်လောင်းများကို ခရိုင်ရွေးကောက်ပွဲ ကော်မရှင်မှသြဂုတ်လ ၆ ရက်နေ့ တွင် ထုတ်ပြန် ကြေငြာပေးသွားမည် ဖြစ်ပြီး ရသေ့တောင်မဲဆန္ဒနယ်အမှတ်( ၂)သည် ပြီးခဲ့ သော ရွှေးကောက်ပွဲတွင် ရခိုင်အမျိုးသား ပါတီမှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဖိုးမင်း အနိုင် ရရှိခဲ့နေရာ ဖြစ်ကာ ဦးဖိုးမင်း ကွယ်လွန် သွားသည့်အတွက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် တနေရာ လစ်လပ်သွားခြင်းလည်း ဖြစ်သည်။