သတင်း

ကျိုက်မရော အာဇာနည် ပန်းခြံရှိ စက်သုံးဆီဆိုင်၂၀၁၉ ၌ ပြောင်းရွှေ့ပေးမည်ဟု ဆို

မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ရန်မျိုးအောင် ရပ်ကွက်ရှိ အာဇာနည် ကျောက်တိုင် ပန်းခြံဝင်းအတွင်းမှ ရာဇာမင်း စက်သုံးဆီ အရောင်းဆိုင် ဖွင့်လှစ်ထားရှိမှုကို၂၀၁၉ ခုနှစ် အာဇာနည်နေ့ မတိုင်ခင် ဖယ်ရှားပေးသွားမည် ဟု မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ အေးဇံ က ပြောသည်။

မွန်ပြည်နယ် အစိုးရအဖွဲ့၏ ဒုတိယ ၁ နှစ်တာကာလ အတွင်း ဆောင်ရွက်ခဲ့မှုများနှင့် ပတ်သက်၍ ဇူလိုင် ၁၀ ရက် သတင်း စာ ရှင်းလင်းပွဲတွင် ယင်းသို့ ပြောဆိုခြင်း ဖြစ်သည်။

ဒေါက်တာ အေးဇံက “ဒီ အာဇာနည်နေ့က မမီတော့ဘူး။ နောက်နှစ် အာဇာနည်နေ့တော့ မီပါလိမ့်မယ်။ အဲဒီတော့ လွှတ် တော်က ကတိကဝတ် အတိုင်း ကျနော်တို့ လုပ်ကိုင် ဆောင်ရွက်ပြီးပြီ။ ရာဇာမင်း ဆီဆိုင်ကလည်း ပြောင်းရွှေ့ဖို့အတွက် သဘောတူထားတယ်”ဟု ပြောသည်။

အာဇာနည် ကျောက်တိုင် ပန်းခြံဝင်း မြေနေရာရှိ ရာဇာမင်း စက်သုံးဆီ အရောင်းဆိုင်ကို နေရာပြောင်းရွှေ့ပေးရေး အဆိုကို ကျိုက်မရောမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) မှ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်မျိုးမြင့်က ၂၀၁၆ ခုနှစ် ဇွန်လ အတွင်းက ပြည်နယ် လွှတ်တော် အစည်းအဝေးသို့ တင်သွင်းခဲ့ရာ လွှတ်တော်က အတည်ပြုပေးခြင်း ဖြစ်သည်။

အာဇာနည် ကျောက်တိုင်နှင့် တဆက်တည်း တည်ရှိနေသည့် ရာဇာမင်း စက်သုံးဆီ အရောင်းဆိုင် မြေဧရိယာမှာ သုည ဒသမ ၅၇ ဧကကို ပုဂ္ဂလိကပိုင် ပြုလုပ်ရေး ကော်မရှင်မှ ရာဇာမင်း ကုမ္ပဏီသို့ တရားဝင် ရောင်းချခဲ့ပြီး ယင်းမြေနှင့် တဆက် တည်းရှိ မြေဧရိယာ သုည ဒသမ ၁၀ ဧကကို ငွေပြည့်စုံ ရောင်းဝယ်ရေး သမဝါယမ အသင်းက အသင်းပိုင် ဆိုင်ခန်းများ ဆောက်လုပ်ထားခြင်း ဖြစ်ကြောင်း သိရသည်။

လျှပ်စစ်နှင့် စွမ်းအင် ဒုဝန်ကြီး ဒေါက်တာ ထွန်းနိုင်က အဆိုပါ မြေများသည် ၁၉၃၃ ခုနှစ် စာရင်း မြေပုံအရ အစိုးရ သီးသန့် မြေ ဖြစ်ပြီး၊ ၁၉၆၆-၁၉၆၇ ခုနှစ်တွင် အစိုးရ သီးသန့် မြေအဖြစ်မှ ပယ်ဖျက်ခဲ့၍ ၁၉၆၇ ခုနှစ်တွင် ယင်းမြေကွက်၌ ရေနံ အရောင်းဆိုင် BOC  ဖြစ်လာပြီး နောက်ပိုင်းတွင် မြန်မာ့ ရေနံထွက် ပစ္စည်း ရောင်းဝယ်ရေး လုပ်ငန်း၊ စက်သုံးဆီ အရောင်း ဆိုင် အမှတ် (၀၈၇၃) အဖြစ် လည်းကောင်း သမဝါယမ ဆိုင်အဖြစ်လည်း ဖွင့်လှစ်ခဲ့သည်ဟု ပြောဆိုထားသည်။

၂၀၁၇ ခုနှစ် မေ ၂၉ ရက်က ကျင်းပသည့် ပြည်သူ့ လွှတ်တော် ပုံမှန် အစည်းအဝေး (ပဉ္စမနေ့) တွင် ကျိုက်မရော မဲဆန္ဒ နယ်မှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် စောကျော်ဝင်းမောင် မေးမြန်းခဲ့သည့် ကျိုက်မရောမြို့မှ အာဇာနည် ကျောက် တိုင် တည်ရှိရာ ပန်းခြံ အတွင်းရှိ ရာဇာမင်း စက်သုံးဆီ အရောင်းဆိုင်နှင့် သမဝါယမ ဆိုင်ခန်းများ ဖယ်ရှားပေးရေး ကိစ္စနှင့် စပ်လျဉ်းသည့် မေးခွန်းအပေါ် ဒုဝန်ကြီးက ယင်းသို့ ဖြေကြားခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် စက်သုံးဆီ သိုလှောင်ဖြန့်ဖြူး ရောင်းချခြင်း လုပ်ငန်းကို အစိုးရက တိုက်ရိုက် လုပ်ဆောင်ခဲ့ရာမှာ ၂၀၁၀ ပြည့်နှစ် ဇွန်လ အတွင်းမှ စတင်ကာ ပုဂ္ဂလိက သို့ လွှဲပြောင်းပေးခဲ့ခြင်း ဖြစ်သည်။ ယင်းကာလ အတွင်း၌ ရာဇာမင်း စက်သုံး ဆီ ဆိုင်အဖြစ် ဖွင့်လှစ်ရောင်းချခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

Loading