သတင်း

ဖက်ဒရယ် ကတိကဝတ်များ ရရှိရန် ဒေါ်အောင်ဆန်းစုကြည် မျှော်လင့်

Want create site? Find Free WordPress Themes and plugins.

ဒီမိုကရေစီနှင့် ဖယ်ဒရယ်စနစ်ကို အခြေခံ၍ ပြည်ထောင်စုစနစ် တည်ဆောက်မည်ဆိုသော ကတိကဝတ်ကို ၂၀၂၀ ရွေးကောက်ပွဲ မတိုင်မီ ရရှိနိုင်ရန် မျှော်လင့်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မနေ့က အပစ်ရပ်အဖွဲ့များနှင့် နေပြည်တော်တွင် တွေ့ ဆုံစဉ် ပြောဆိုခဲ့ကြောင်း သတင်းရရှိသည်။

“ကျနော်တို့ အစိုးရဘက်က တွက်လိုက်တာ ၂၀၁၉ အတွင်းမှာ ဘာတွေဖြတ်နိုင်မလဲ။ ဘာတွေ ရနိုင်မလဲပေါ့။ အတိုင်ပင်ခံရဲ့မိန့်ခွန်းမှာ လည်း ပါပါတယ်။ လောဘမကြီးဖို့၊ ကျနော်တို့က အခြေခံ ညှိနှိုင်းချက်တွေကို သဘောတူညီမှုရအောင် အဲဒီ အတွက်ကို ကျနော်တို့က ရည်မှန်းတာ”ဟု မြန်မာ အစိုးရ၏ ပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေး ပြောသည်။

အပစ်ရပ်အဖွဲ့များဘက်မှ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ၂၀၃၀ အထိ Timeline လုပ်၍ တင်ပြမှုများ ရှိနေပြီး အစိုးရ၏ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကိုလည်း သိချင်၍ မေးခွန်းထုတ်မှုများ ရှိလာကြောင်း၊ အစိုးရ၏ မျှော်မှန်းချက်မှာ ဒီမိုကရေစီနှင့် ဖက်ဒရယ် စနစ်ကို အခြေခံသော ပြည်ထောင်စု ဖြစ်ပေါ်လာရေးသည် ရေရှည်မျှော်မှန်းချက် ဖြစ်ကြောင်း သိရသည်။

သို့သော် ယင်းမျှော်မှန်းချက်ကို လက်တွေ့ အကောင်အထည်ဖော်ရန်မှာ ရွေးကောက်ပွဲများဖြင့် နောက်သက်တမ်းတွင်လက်ရှိ အစိုးရ အာဏာ ဆက်၍ ယူနိုင်ရေး ရှိ၊ မရှိမှာ မသေချာကြောင်း၊ ၂၀၂၀တွင် ရွေးကောက်ပွဲဆိုင်ရာ လှုပ်ရှားမှုများဖြင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို အလေးအနက်ထားနိုင်ရန် ခက်ခဲမှုများ ရှိနိုင်သောကြောင့် ၂၀၁၉ ထဲတွင် အလုပ်ဖြစ်နိုင်သည့် ကိစ္စရပ်များ သဘောတူနိုင်ရေး NLD အစိုးရက ကြိုးစားနေခြင်း ဖြစ်သည်။

“အရေးကြီးတဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် ခွဲမထွက်ရေး ပြေလည်သွားပြီဆိုရင် ကျန်တာတွေ အကုန်လုံးက ပွင့်သွားပြီ။

အဲဒါတွေ ပြေလည် သွားတာနဲ့ ဒီကျန်နေတာတွေ အကုန်လုံး ပြေလည်သွားမှာ။ ကျန်တာတွေက စီးပွားရေး စသည်ဖြင့်ပေါ့။ ကျန်တာတွေက အလိုအဆလျာက် ပွင့်သွားမှာ ဖြစ်တယ်”ဟု နိုင်ငံတော် အတိုင်ပင်ခံရုံး၊ ငြိမ်းချမ်းရေး ဖော်ဆောင်မှု ဦးစီးဌာန ညွှန်ချုပ် ဦးဇော်ဌေးက ပြောသည်။

ယခု ညီလာခံပြီးပါက ဖက်ဒရယ် ကတိကဝတ်များ ပါဝင်သည့် သဘောတူညီချက်တခုကို တရားဝင် ထုတ်ပြန်နိုင်ရန် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ(EAOs) ကြား ညှိနှိုင်းမှုများ ဆောင်ရွက်နေပြီး ယင်းသို့သဘောထားကြေညာချက် ထုတ်ပြန်နိုင်ရန် မူအားဖြင့် သဘောတူပြီး ဖြစ်ကြောင်း EAOs မှ ကိုယ်စားလှယ်တဦးဖြစ်သူ ရဲဘော်မျိုးဝင်းက ဧရာဝတီသို့ ပြောသည်။

“သဘောထား ထုတ်ပြန်ချက်မှာပါတဲ့ အကြောင်းအရာတွေကိုတော့ဖြင့် ညှိနှိုင်းနေတယ်။ အဲဒီအတွက် အပြီးသတ်ကို ဒီညနေမှာ EAOs တွေ ထိုင်ဆွေးနွေးမယ်။ မနက်ဖြန်မှာ UPDJC မှာ ဆွးနွေးမယ်။ အဲဒီမှာ သဘောတူနိုင်ရင်ြ ဖစ်လာမှာပါ”ဟု ၎င်းက ပြောသည်။

၂၀၂၀ ခုနှစ် မတိုင်မီ လာမည့် ၁ နှစ်ခွဲကာလအတွင်း ညီလာခံ ၃ ကြိမ်အထိ ကျင်းပနိုင်ရေး မျှော်လင့်ထားပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ် များ ပိုမိုမြန်ဆန်လာစေရန် ဆွေးနွေးပွဲပုံစံများ ပြုပြင်ပြောင်းလဲခြင်း၊ အလွတ်သဘော တွေ့ဆုံမှုများ ပိုမို ပြုလုပ်ခြင်း၊ ခေါင်းဆောင်များ ကြား ပိုမိုနီးကပ်စွာ တွေ့ဆုံကြရန် အစိုးရနှင့် အပစ်ရပ် အဖွဲ့များကြား ညှိနှိုင်းမှုများ ရှိခဲ့သည်ဟု သိရသည်။

လက်ရှိ ၂၀၁၈ ခုနှစ်အတွင်းမှာ နောက်ထပ် ညီလာခံ ၁ ကြိမ်၊ လာမည့် ၂၀၁၉ ခုနှစ် အတွင်း ညီလာခံ ၂ ကြိမ်၊ ၂၀၂၀ပြည့်နှစ် မ တိုင်မီ နောက်ထပ် ညီလာခံ ၃ ကြိမ် ကျင်းပနိုင်ရန်နှင့် ယင်း ညီလာခံ ၃ ကြိမ်မှ အရေးကြီးသည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ဆိုင်ရာ အခြေခံမူများ အပြီးအပြတ် ချမှတ်ခြင်း၊ အနာဂါတ် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုအတွက် အခြေခံအုတ်မြစ်များ ခိုင်ခိုင်မာမာ တည်ဆောက်ပေး နိုင်ရန် မျှော်မှန်းထားကြောင်းဒေါ်အောင်ဆန်းစုကြည်က ညီလာခံ အဖွင့်မိန့်ခွန်းတွင် ပြောဆိုခဲ့သည်။

“ဒီမျှော်မှန်းချက်ဟာ မဖြစ်နိုင်တဲ့အတွက် စိတ်ကူးယဉ်သက်သက် မျှော်မှန်းချက်မဟုတ်ပါဘူး။ ကျမတို့ နိုင်ငံ၊ ကျမတို့ ပြည်ထောင်စုအတွက် မျှော်မှန်းသင့်မျှော်မှန်းထိုက်တဲ့၊ ဖြစ်နိုင်တဲ့၊ ရနိုင်တဲ့ မှတ်တိုင်တရပ်ပဲ ဖြစ်ပါတယ်”ဟု ၎င်းက ပြောသည်။

တတိယအကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံကို ဇူလိုင် ၁၁ ရက်မှ စတင်၍ ၁၆ ရက်အထိနေပြည်တော်တွင် ကျင်းပလျက်ရှိပြီး ဖက်ဒရယ် အခြေခံမူ ၁၄ ချက်ကို ညီလာခံ တက်ရောက်သူများက အကြိတ်အနယ် ဆွေးနွေးလျက်ရှိသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading